Friday, May 26, 2017

The Voice

ဖားကန့်တွင် တရားမဝင် စက်ယန္တရား လေးထောင်ကျော် အသုံးပြုခွင့်ပိတ် မြစ်ကြီးနား၊ မေ ၂၅ ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများတွင် အသုံးပြုနေသည့် တရားဝင် စက်ယန္တရား ခြောက်ထောင်ကျော်ရှိပြီး တရားမဝင် အသုံးပြုနေသည့် စက်ယန္တရား လေးထောင်ကျော်ကို အသုံးပြုခွင့် ပိတ်ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလအောင်က ပြောကြားသည်။ အဆိုပါ ဒေသတွင်း အသုံးပြုနေသည့် စက်ယန္တရား စုစုပေါင်း တစ်သောင်းကျော်ရှိပြီး တရားမဝင် စက်ယန္တရား လေးထာင်ကျော်ကို အသုံးပြုခွင့် မပြုထားဘဲ အရန်စက်များဖြင့်သာ ကုမ္ပဏီများတွင် ထားရှိထားကြောင်း ၎င်းက ပြောဆိုသည်။ “အားလုံးစုစုပေါင်းက တစ်သောင်းကျော် ရှိတယ်။ တကယ်သွားစစ်တော့ ခြောက်ထောင်ကျော်ပဲ တရားဝင်ဖြစ်တယ်။ တရားမဝင်တာက လေးထောင်ကျော် ရှိတယ်” ဟု ဝန်ကြီးက ဆိုသည်။ ဖားကန့်ဒေသအတွင်း လက်ရှိ သက်တမ်းရှိသည့် ကုမ္ပဏီ လုပ်ကွက်ပေါင်း မှာ ၅၉၉၄ ခုရှိပြီး နိုင်ငံတော်အစိုးရနှင့် အကျိုးတူ ဆောင်ရွက်သည့် လုပ်ကွက်မှာ၂၄၈ ကွက်ရှိ၍ ပုဂ္ဂလိက ကုမ္ပဏီ စုစုပေါင်းမှာ ၅၇၄၆ ခု ရှိကြောင်း၊ လက်ရှိ ခွင့်ပြုချက်ရှိ ကုမ္ပဏီ အများစုသည် လာမည့် ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းလုပ်ခွင့်ရှိ လုပ်ကွက်များ ဖြစ်သည်။ အဆိုပါ ဒေသကျောက်မျက် တူးဖော်ရေးမှ လက်ရှိအစိုးရလက်ထက်အတွင်း ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော်ကို ရရှိထားပြီး လက်ရှိ နေပြည်တော်သို့ ပို့ဆောင်နိုင်ခဲ့သည်မှာ တန်ချိန် ၁၁၆၇၀ ကိုသာ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ အခွန်ဘဏ္ဍာငွေအဖြစ် ကျပ်သန်းပေါင်း နှစ်သောင်းကျော် ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/aSoEkl
via IFTTT

No comments:

Post a Comment