Saturday, June 3, 2017

BBC Burmese

လေယာဉ်ပေါ်မှာ အင်တာနက် ကောင်းကောင်း သုံးနိုင်ဖို့ ဂြိုဟ်တုတွေ လွှတ်တင် မိုဘိုင်းဖုန်းကို လက်က မချပဲ အင်တာနက် သုံးနေချင်သူတွေ ၊ တခါတလေ နိုင်ငံရပ်ခြား ခရီးသွားရတဲ့ အခါ အထူးသဖြင့် ခရီးဝေး မိုင်ပေါင်းများစွာကို လေယာဉ်နဲ့ သွားရတဲ့အခါ အင်တာနက်နဲ့ ပြတ်လို့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်မရတာ၊ အရေးပေါ် အီးမေးလ် လှမ်းပို့ချင်လည်း လေယာဉ်ပေါ်က ဆင်းတဲ့ အထိ စောင့်ရတာ၊ အဆက်အသွယ်တွေ လုပ်မရ၊ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေ မကြည့်ရ ဖြစ်ခဲ့ရတာတွေ မကြာခင် နောက်မှာ ချန်ထား နိုင်တော့မှာပါ။ အကြောင်းကတော့ အင်မတန်မှ အားကောင်းတဲ့ မြန်နှုန်းမြင့် ဝိုင်ဖိုင် အင်တာနက် ဂြိုဟ်တု နှစ်လုံးကို အမေရိကန်နဲ့ ဥရောပ ကုမ္ပဏီတွေက မနေ့ကပဲ လွှတ်တင်လိုက်ပြီဖြစ်ပါတယ်။ တစ်လုံးက ဗီယာဆက်၂ လို့ခေါ်တဲ့ အမေရိကန်ဂြိုဟ်တုပါ။ သူက အမေရိကတိုက် ကောင်းကင်ယံ အာကာသထဲမှာ လှည့်ပတ်နေမှာ ဖြစ်ပြီး နောက်တစ်လုံးကတော့ EutelSat လို့ခေါ်တဲ့ ယူကေနဲ့ ပြင်သစ်ပူးတွဲထုတ်လုပ်တဲ့ ဂြိုဟ်တုပါ။ သူကတော့ ဥရောပနဲ့ ပစိဖိတ်ဒေသတွေကို အင်တာနက် ထုတ်လွှင့်ပေးနေမှာပါ။ ဒီဂြိုဟ်တုတွေဟာ ခရီးသည်တင်လေယာဉ်တွေ အတွက်လည်း လေယာဉ်ပေါ်မှာ သုံးနိုင်မယ့် ဝိုင်ဖိုင်ကို ပေးပို့နေမှာမို့ အရင်လို လေယာဉ်စီးသွားနေတဲ့အချိန် အင်တာနက် ပြတ်တောက်တာတွေ ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ အခုလက်ရှိမှာ လည်း ကမ္ဘာပေါ်က ခရီးသည်တင်လေယာဉ်ပေါင်း ၆၀၀၀ ကျော်မှာ လေယာဉ်ပျံပေါ်မှာ အင်တာနက်ရပေမယ့် အင်တာနက် သုံးစွဲခက ဈေးကြီးပြီး မြန်နှုန်းလည်း သိပ်မကောင်း၊ ပြတ်တောက်တာလည်း မကြာမကြာကြုံရတတ်ပါတယ်။ အခုနောက်ဆုံး ဝိုင်ဖိုင် ဆစ်ကနယ်ထုတ်ပေးမယ့် ဗီယာဆက်ကတော့ လောလောဆယ် လွှတ်တင်ထားသမျှ ဆက်သွယ်ရေး ဂြိုဟ်တုတွေထဲမှာ အားအကောင်းဆုံး ဖြစ်ပြီး တစ်စက္ကန့်ကို ၃၀၀ ဂီဂါဘစ်အထိ အားကောင်းပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်က ခရီးသည် အားလုံး တပြိုင်နက်တည်း ဟိုင်းဒက်ဖနီးရှင်း အရည်အသွေး ရှိတဲ့ ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်ပြီး ကြည့်နိုင်ကြမှာ ဖြစ်ပါတယ်။ အခု တင်လိုက်တဲ့ ဂြိုဟ်တု နှစ်လုံးရဲ့ အာကာသထဲ လှည့်ပတ်နေတဲ့ ပုံစံအရလည်း လေယာဉ်တွေ အမေရိကားက ဥရောပကို လာလာ၊ အာရှ အရှေ့ဖျားစွန်းကိုပဲ ပျံနေနေ လမ်းမှာ အင်တာနက်ကို မပြတ်မတောက်သုံးသွားနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်ဟာ လူတွေ အတွက် မရှိမဖြစ် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်လာတာနဲ့ အမျှ လေကြောင်းလိုင်းတွေ ကလည်း သူတို့ ခရီးစဉ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးဖို့ ကြိုးစားလာကြတာ ၂၀၂၁ ခုနှစ် အရောက်ဆိုရင် ခရီးသည်တင် လေယာဉ်ပေါင်း တစ်သောင်းခုနှစ်ထောင်မှာ ဝိုင်ဖိုင်တပ်ပေးထားတော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုမင်းထက် စုစည်း ပြောပြထားတာကို နားထောင် နိုင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း http://bbc.in/2s365Sg
Source : http://bbc.in/2s365Sg
via IFTTT

No comments:

Post a Comment