၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာကိုးသန်းကျော် ပိုမိုရရှိထား ========= ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် နှစ်လနီးပါး ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာကိုးသန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ် မေ ၁၉ ရက်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ ဒသမ ၀၉၈ သန်းရရှိထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၁၉၉ သန်းသာ တင်ပို့နိုင်ခဲ့သည်။ “ဒီနှစ်က ကိုးသန်းကျော်လောက် ပြည်ပကိုပိုပြီး တင်ပို့နိုင်ခဲ့တယ်။ အဓိကက ကျောက်မျက်ပွဲရှိမှပဲ ကျောက်စိမ်းတွေက အရောင်းအဝယ် ပိုဖြစ်တာကိုး။ မတ်လထဲမှာ ကျောက်မျက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ အတွက်ပါ။ အရင်တုန်းက ကျောက်စိမ်းတင်ပို့မှု နည်းတယ်ဆိုတာက ရောင်းပြီးတဲ့ လက်ကျန်လေးတွေကိုပဲ ပို့ခဲ့တာ ဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာ ကျောက်မျက်ပြပွဲ လုပ်ခဲ့တော့ ဧပြီ၊ မေလတွေမှာ ကျောက်စိမ်းတင်ပို့မှုကနေ ရငွေပိုများနေတာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ကျောက်စိမ်းကို လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လည်းကောင်း၊ ပတ္တမြားကို မိုးကုတ်ရတနာနယ်မြေနှင့် မိုင်းရှူးရတနာမြေတွင် လည်းကောင်း နီလာနှင့် အခြားရောင်စုံ ကျောက်မျက်များကို မိုးကုတ်ရတနာမြေတွင် လည်းကောင်း စီးပွားဖြစ် တူးဖော်လျက်ရှိကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် မတ်လတွင် ပြုလုပ်သည့် ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသား ကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် အတွဲစုစုပေါင်း ၄၂၆၇ တွဲ ရောင်းချနိုင်ခဲ့ပြီး ကျပ်သန်း ၆၁၉၁၅ ဒသမ ၂၀ သန်း ရရှိခဲ့ကြောင်း သိရသည်။ ပြည်တွင်းကုန်သည်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် အဆိုပါပြပွဲကို မတ် ၁၉ရက်မှ၂၄ အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ပြီး ကျောက်မျက်ရိုင်း ၁၉၅ တွဲနှင့် ကျောက်စိမ်း အတွဲ ၄၄၅၄ တွဲကိုတင်ပြခဲ့ပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့သည်။ တင်ပြအတွဲများအနက် ကျောက်မျက်ရိုင်း ၁၃၀ တွဲအား ၅၉၇၄ ဒသမ ၈၇ ကျပ်သန်း၊ ကျောက်စိမ်းအသား ကျောက် ၄၁၃၇ တွဲအား ၅၅၉၄၀ ဒသမ ၃၃ ကျပ်သန်းတို့ဖြင့် ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း ၆၁၉၁၅ ဒသမ ၂၀ ကျပ်သန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲသည် မိုးကုတ်၊ စစ်ကိုင်း၊ မန္တလေးစသည့် ပြည်တွင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်ငယ်များ ကုန်ကြမ်းရရှိစေရန် ရည်ရွယ်ကာ မြန်မာကျပ်ငွေဖြင့် ရောင်းချခြင်းဖြစ်ပြီး အရည်အသွေး မြင့်မားသည့် ကျောက်တွဲများ တင်ပြခြင်း မရှိခဲ့ကြောင်း သိရသည်။ ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချခြင်းကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ်၊၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။ Writer: နီလာ
Source : http://ift.tt/2rrkzbQ
via IFTTT
No comments:
Post a Comment