ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုဆုတောင်းတဲ့အတွက် ၁ ဦးကို တရားစွဲ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁/ရပ်ကွက် အနော်မာ ၁၃ လမ်းပေါ်မှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ညပိုင်းက အစ္စလာမ်ဘာသာဝင် ၅၀ ဦးခန့်တို့ ဝတ်ပြုဆုတောင်းခဲ့ရာ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိဘဲ လုပ်ခဲ့တဲ့အတွက် နောင်မပြုလုပ်ဖို့အတွက် မနေ့က အမိန့်ကြေညာချက်ထုတ်ပြန်ထားပြီး ခေါင်းဆောင်တစ်ဦးကိုလည်း ရပ်/ကျေးဥပဒေအရ အမှုဖွင့်ထားပါတယ်။ အဲဒီရပ်ကွက်ထဲက အစ္စလာမ်ဘာသာရေးကျောင်းတွေကို ပိတ်ထားရပြီး ဗလီကိုသွားဖို့ အချိန်မရတော့တဲ့အတွက် လမ်းထဲမှာတင် ဝတ်ပြုလိုက်ရတာလို့ အနော်မာ ၁၃ လမ်းက အစ္စလာမ်ဘာသာဝင် ဟာဂျီ ဦးတင်ရွှေ က ပြောပါတယ်။ "လူ ၅၀ ၊ ၆၀ လောက်ရှိပါတယ်၊ စခန်းမှူးတို့ ဘာတို့ကပြောတယ်၊ ခင်ဗျားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုက်တာလို့ပြောတယ်၊ ကျနော်ပြောတယ် မဟုတ်ဘူး၊ ဖတ်စရာလည်းနေရာမရှိဘူး၊ ကျောင်းတွေ လည်းပိတ်ထားတယ်၊ ဗလီကလည်းဝေးတယ်၊ သွားဖို့လာဖို့အချိန်မမီဘူး ကျွန်တော်တို့ရပ်ကွက်မှာ ကျောင်းလေးကျောင်းစလုံး ပိတ်ထားတဲ့အတွက် ဖတ်စရာနေရာမရှိပါဘူးခင်ဗျာ၊ နေရာမရှိတဲ့အတွက် လမ်းပေါ်မှာတင် ဖတ်လိုက်တာပါ" အခုလိုလမ်းပေါ်မှာ ဝတ်ပြုဆုတောင်းခဲ့တာနဲ့ ပတ်သက်ပြီး ဟာဂျီဦးတင်ရွှေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူပြီး နောက်နောင်ခုလိုမျိုးမဖြစ်စေဖို့အတွက် ခံဝန်ကတိလက်မှတ်ထိုးခိုင်းခဲ့ရတယ်လို့ ပြောပါတယ်။ အခုလို ဝတ်ပြုဆုတောင်းတာနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် ကိုမိုးဇော် ဆိုသူကိုလည်း ရပ်/ကျေး ဥပဒေနဲ့ အမှုဖွင့်ထားတယ််လို့ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ "၁၃၃ ထုတ်ထားတယ်ပေါ့ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေအရပေါ့နော်၊ ခွင့်ပြုချက်မရှိဘဲနဲ့ပေါ့နော်၊ လောလောဆယ်တော့ ခေါင်းဆောင်တစ်ယောက်ကို တရားစွဲထားတယ်ပေ့ါနော်" ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုဆုတောင်းတာဟာ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို ပိတ်ဆို့တာ၊ နယ်မြေ အေးချမ်းသာယာရေးကို ထိခိုက်နိုင်တာ၊ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပွားနိုင်တာတွေကြောင့် ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးစေနိုင်တယ်လို့ အဲဒီအမိန့်ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ အခုလိုအပြုအမူတွေ လုပ်ဆောင်တာတွေကို လုံးဝ မပြုလုပ်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၃၃ အရ သာကေတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက လက်မှတ်ထိုးကာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Source : http://ift.tt/2rNeJF2
via IFTTT
No comments:
Post a Comment