Monday, June 5, 2017

The Voice

သွေးအေးအေးနှင့် လူသတ်ခဲ့သည့် ထိုင်းအမျိုးသမီးငယ်သုံးဦးကို ထိုင်းရဲတပ်ဖွဲ့ထံသို့ မြန်မာလွှဲပြောင်း ဘန်ကောက်၊ ဇွန် ၄ ထိုင်းနိုင်ငံမှ ကာရာအိုကေဘားတွင် သီချင်းဆိုသူ တေးသံရှင် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် အချိန်အတန်ကြာ တိမ်းရှောင်နေခဲ့သည့် ထိုင်းအမျိုးသမီးငယ် သုံးဦးသည် အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချင်းရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက ရေးသားဖော်ပြသည်။ ပရာနာ့ခ်နန်ဝေချိုင်း၊ အပီဝမ်ဆာ တာရာဘွန်တစ်နှင့် ကာဝီတာရာ ချန်ဒါဆိုသည့် အမျိုးသမီးငယ် သုံးဦးကို မြန်မာရဲတပ်ဖွဲ့က တာချီလိတ်-မယ်ဆိုင် နယ်စပ်စစ်ဆေးရေးဂိတ်တွင် ထိုင်းရဲတပ်ဖွဲ့ထံသို့ စနေနေ့ နံနက်ပိုင်းက လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ကနဦး သတင်းများအရ မြန်မာရဲတပ်ဖွဲ့က အဆိုပါလူသတ်မှုဖြင့် သံသယရှိခြင်းခံရသူ အမျိုးသမီးသုံးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း နောက်ပိုင်း အတည်ပြုနိုင်ခဲ့သော သတင်းများအရ ၎င်းတို့ သုံးဦးက မြန်မာရဲတပ်ဖွဲ့ထံသို့ သွားရောက် ဖမ်းဆီးခံလိုက်ခြင်းဖြစ်သည်။ ဝီရိဆာရ ကလင်ဂျူးဟု အမည်ရသည့် ကာရာအိုကေ ဘားအဆိုတော် အမျိုးသမီးမှာ ပြီးခဲ့သည့်လက သတ်ဖြတ်ခံလိုက်ရပြီး ၎င်း၏ ရုပ်အလောင်းမှာ Khon Kaen ပြည်နယ်၌ နှစ်ပိုင်းဖြတ်ကာ မြေမြှုပ်ထားသည်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ကြသည်။ ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားဖော်ပြချက်အရ သတ်ဖြတ်ခံရသူ ဝီရိဆာရ ကလင်ဂျူးသည် ထိုင်းရဲတပ်ဖွဲ့၏ သတင်းပေးအဖြစ်လည်း တာဝန်ယူ လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ ပရာနာ့ခ်နန်ဝေချိုင်း၏ ခင်ပွန်း (မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ) နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ဖူးသည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီး သွေးအေးအေးနှင့် လူသတ်ရဲသူအဖြစ် ဘန်ကောက်ပို့စ်က ဖော်ပြသော ပရာနာ့ခ်နန်ဝေချိုင်းသည် မစ္စ ဝီရိဆာရကလင်ဂျူး အသတ်ခံရမှုတွင် အဓိက သံသယရှိခြင်း ခံရသူဖြစ်သည်။ ဝီရိဆာရကလင်ဂျူးအတွက် ကံဆိုး မိုးမှောင်ကျရသည့် ဖြစ်ရပ်စတင်ခဲ့ခြင်းမှာ ပရာနာ့ခ်နန်ဝေချိုင်း၏ ခင်ပွန်းဖြစ်သူ မူးယစ်မှုဖြင့် ဖမ်းဆီးခံရသည့်ဖြစ်ရပ်တွင် ဝီရိဆာရ၏ သတင်းပေးချက်ကြောင့်ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပရာနော့ခ်ကို အသိပေး ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ပရာနာ့ခ်နန်ဝေချိုင်း ဦးဆောင်သော အပေါင်းအပါများသည် မစ္စဝီရိဆာရကလင်ဂျူးကို ဦးစွာ ပြန်ပေးဆွဲပြီးနောက် စိမ်ပြေနပြေ သတ်ဖြတ်ကာ ရုပ်အလောင်းကို နှစ်ပိုင်းဖြတ် မြေမြှုပ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်။ ပရာနာ့ခ်နန်ဝေချိုင်းတို့ သုံးဦးသည် ဘတ်ငွေထောင်ပေါင်းများစွာ ယူဆောင်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းတို့သည် ကာရာအိုကေဘား တစ်ခုတွင် နှစ်ရက်တာမျှ အလုပ်လုပ်ခဲ့ကြသော်လည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် အလုပ်မှထွက်ကာ တာချီလိတ်မြို့နယ်ရှိ ကျေးရွာများတွင် ရွှေ့ပြောင်း ပုန်းခိုနေခဲ့ခြင်းဖြစ်သည်။ အခြားသော သတင်းများအရ ပရာနာ့ခ် နန်ဝေချိုင်းသည် လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက် ကိရိယာများကို ကုန်မာဆိုင်တစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကိရိယာများထဲတွင် လွှတစ်ချောင်းလည်း ပါဝင်သည်။ ပရာနာ့ခ်နန်ဝေချိုင်းတို့ သုံးဦးကို ချင်းရိုင်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစေကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဦးစွာ စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ကို ထိုင်းအာဏာပိုင်များက ဖျက်သိမ်းကာ ၎င်းတို့ကို ဘန်ကောက်မြို့သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြသည်။
Source : https://goo.gl/U9Wwiq
via IFTTT

No comments:

Post a Comment