ငွေ ၃၀၀ ကျပ်ခိုးမှုဖြင့် ထိန်းသိမ်းခံ ကလေး ၃ ဦး စာမေးဖြေဆိုခွင့်ရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးတခုထဲမှ ပိုက်ဆံ ၃၀၀ ကျပ် နှိုက် ယူသည်ဆိုကာ ဘုရားဂေါပက က ခိုးမှုဖြင့်အမှုဖွင့်ခဲ့ပြီးနောက် သန်လျင်လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံ ထားရသော ကလေး ၃ ဦးကို စာမေးဖြေဆိုရန် ခွင့် ၁၄ ရက် ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ ၃ တန်း၊ ၅ တန်းနှင့် ၇ တန်းအရွယ် ညီအစ်ကို(ဝမ်းကွဲတဦး) ၃ ဦးသည် စက်တင်ဘာ ၂၆ ရက်တွင် ပထမလပတ် အစမ်းစာမေးပွဲ စတင်ဖြေဆိုရမည်ဖြစ်သည့်အတွက် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ခွင့်ပေးလိုက်ပြီး ခွင့်ရက်ပြည့်ပါက လူငယ်သင်တန်းကျောင်းကို ပြန်ပို့ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ကလေးသူငယ်ကြီး ကြပ်ရေးမှူး၊ တောင်ဒဂုံဖြစ်ရပ်စီမံခန့်ခွဲရေးမှူး ဒေါ်ချိုချိုမာက ဧရာဝတီကို ပြောသည်။ “ဒီကိစ္စတွေဖြစ်တော့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ကျမကို ဖုန်းဆက်တယ်။ ကလေးတွေ စာမေးပွဲဖြေရတော့မယ် ဆိုတာနဲ့ လူငယ်သင်တန်းကျောင်းက ဒုကျောင်းအုပ်ကို ဖုန်းနဲ့ခွင့်တောင်းလိုက်တယ်။ ကလေးတွေ ကျောင်းတက်နေတဲ့ အ ထောက်အထား ယူခဲ့ပါဆိုလို့ အထောက်အထားယူပြီး မနေ့က သွားထုတ်လိုက်တာ။ သူတို့ကျောင်းက ဆရာမတွေလည်း ကိုယ်တိုင်လိုက်လာခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ကလေး ၃ ဦးသည် အောင်ဗောဓိဘုရားဝင်းအတွင်း ဆော့ကစားရင်း ဘိုးတော်၊ နတ်သမီးရုပ်ထုအရှေ့ရှိ အလှူခံပုံး အပေါက်ဝတွင် ကပ်ကျန်နေသော ငွေ ၃၀၀ ကျပ်ကို သွားကြားထိုးထံဖြင့် ကော်ပြီးထုတ်ယူနေသည်ကို ဂေါပကအဖွဲ့ဝင် တဦးက တွေ့ရှိခဲ့ပြီး ပုဒ်မ ၃၇၉ (ခိုးမှု)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ကလေးများသည် တောင်ဒဂုံရဲစခန်း အချုပ်ခန်းတွင် စက်တင်ဘာ ၁၃ ရက်မှ ၁၈ ရက်မနက်အထိ ၆ ရက်ကြာ ထိန်းသိမ်းခံ ရပြီးနောက် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ခဲ့ကြောင်း၊ လာမည့် ၂၉ ရက်တွင် တောင်ဒဂုံမြို့နယ်တရားရုံး၌ အမှု တင် တရားစွဲသွားမည်ဖြစ်ကြောင်း တောင်ဒဂုံရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက ပြောဆိုထားသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ကူညီဆောင်ရွက်နေပြီး ဒေသခံများ ကလည်း ပိုက်ဆံ ၃၀၀ ကျပ်ဖြင့် အရွယ်မရောက်သေးသော ကလေးငယ်များကို အာမခံမရနိုင်သည့် ခိုးမှု ဖြင့် တရားစွဲဆိုသည့် ဂေါပကအဖွဲ့ဝင်များအား မကျေနပ်၍ ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြကြောင်း သိရသည်။ The post ငွေ ၃၀၀ ကျပ်ခိုးမှုဖြင့် ထိန်းသိမ်းခံ ကလေး ၃ ဦး စာမေးဖြေဆိုခွင့်ရ appeared first on ဧရာဝတီ.
Source : http://ift.tt/2fmhzvS
via IFTTT
No comments:
Post a Comment