ရိုဟင်ဂျာ စုဆောင်းရေး အယ်လ်ကိုင်းဒါး စည်းရုံးရေးမှူးတဦး အိန္ဒိယရဲ ဖမ်းဆီး အယ်လ်ကိုင်းဒါး al Qaida အဖွဲ့ ၏ အဓိကကျသော လူသစ်စုဆောင်းသူဟု အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်သော အသက် ၂၈ နှစ် အရွယ် ဗြိတိန်နိုင်ငံသား ဆမ်မိယွန် ရာမန် (Samiun Rahman) ကို ဒေလီရဲ အထူးတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိသားစုရှိသည့် ဆမ်မိယွန် ရာမန်က အိန္ဒိယနှင့် မြန်မာတပ်မတော်တို့ကို တိုက်ခိုက်ရေး ရိုဟင်ဂျာခေါ် မွတ်ဆလင် ဒုက္ခသည်များကို စုဆောင်းရန် နှင့် သင်တန်းပေးရန် ဒေလီ၊ မီဇိုရမ်နှင့် မဏီပူရ် တို့တွင် အခြေခံစခန်းများ တည်ထောင်နေသည်ဟု ရဲအဖွဲ့က သံသယရှိကြောင်း သိရသည်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသစ်စုဆောင်းသူအဖြစ် စေလွှတ်ခြင်း မခံရမီ အယ်လ်ကိုင်းဒါး၏ al-Nusra တပ်ဦး (al-Nusra front) အတွက် အလပ်ပိုနှင့် ဆီးရီးယား စစ်မြေပြင်တို့တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲ အတွေ့အကြုံရင့် မူဂျာဟစ်ဒင် တဦး ဖြစ်သည်ဟု ဆိုသည်။ ဒေလီ အရှေ့ပိုင်း Vikas Marg တွင် လူသစ်တဦးနှင့် ဆက်သွယ်မှု ထူထောင်ရန် ကြိုစားနေစဉ် ဖမ်းမိခဲ့သည်ဟု ဒေလီရဲအဖွဲ့က ပြောသည်။ ယခင်က ဆမ်မိယွန် ရာမန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်အဖွဲ့ ငွေကြေးထောက်ပံ့မှု စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် al-Nusra အဖွဲ့၏ တပ်မှူး Mohammad Jowlani နှင့် အဆက်အသွယ်ရရှိခဲ့ပြီးနောက် သူ့ကို အိန္ဒိယသို့ သွား၍ “ရိုဟင်ဂျာ” ဒုက္ခသည်များကို စည်းရုံး စုဆောင်းရန် ညွှန်ကြားခဲ့ကြောင်း အိန္ဒိယ ရဲအဖွဲ့၏ အဆိုအရ သိရသည်။ ဆမ်မိယွန် ရာမန်က အယ်လ်ကိုင်းဒါးနှင့် al-Nusra ထိပ်တန်းခေါင်းဆောင်များနှင့် ဆက်သွယ်မှုရှိပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်း အပလီကေးရှင်းတခု ဖြစ်သည့် ‘protective text’ မှ တဆင့် ညွှန်ကြားချက်များ ရရှိနေသည်ဟုလည်း ရဲအဖွဲ့က ဆို သည်။ ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း၊ ဒေလီ၊ ဘီဟာနှင့် Hazaribagh တို့တွင် နေထိုင်သည့် ဒုက္ခသည် ၁၂ ဦးခန့်ကို စည်းရုံးနိုင်ခဲ့သည်ဟု သူ့ကို စစ်ဆေးသူများအား ဆမ်မိယွန် ရာမန်က ပြောပြခဲ့ကြောင်း သိရသည်။ “သူက ဒေလီနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၂ ခုမှာ အခြေစိုက်စခန်း တည်ထောင်ပြီးတော့ အိန္ဒိယနိုင်ငံ အတွင်းမှာနဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ဖို့ စုဆောင်းထားတဲ့ သူတွေကို ပြင်ဆင်ပေးနေခဲ့ပါတယ်။ ဒေလီ၊ Hazaribagh နဲ့ အိန္ဒိယနိုင်ငံရဲ့ တခြားနေရာတွေမှာ ရှိတဲ့ အယ်လ်ကိုင်းဒါးကေဒါတွေက သူ့ကို ကူညီနေပါတယ်။ အခု အဲဒီလူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု အိန္ဒိယ အထူးရဲတပ်ဖွဲ့ ၏ ဒုတိယ အကြီးအကဲ ပရာမော့ ကူရှဝါး Pramod Kushwah က Times of India သတင်းစာကို ပြောသည်။ ဆမ်မိယွန် ရာမန်က ဘီဟာပြည်နယ် Kishanganj တွင် နေထိုင်သည့် Shumon Haq ဟု ဖော်ပြထားသော မဲဆန္ဒရှင် သက်သေခံလက်မှတ်တခု ကိုင်ဆောင်ထားသည်ကို ရဲအဖွဲ့က တွေ့ရှိခဲ့ရသည်။“ ကျနော်တို့ အမေရိကန် ဒေါ်လာ ၂၀၀၀၊ လက်ပ်တော့ကွန်ပျူတာ တလုံး၊ ၉ မီလီမီတာ ပစ္စတိုတလက်နဲ့ ကျည်ကတ်တွေ အပြင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် တယ်လီ ဖုန်း ဆင်းမ်ကတ်တွေလဲ တွေ့ရှိခဲ့ရပါတယ်။ တခြားသော အကြမ်းဖက်လုပ်ရပ်တွေ အတွက် မော်ရိုကို၊ မောရိသျှနဲ့ တူရကီ တို့ကိုလည်း သွားခဲ့ပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ဖို့ အတွက် ရမန်ယူ ထားပါတယ်” ဟုလည်း ပရာမော့ ကူရှဝါးက ပြောသည်။ အိန္ဒိယ အထူးရဲ အဖွဲ့က ဆမ်မိယွန် ရာမန်၏ လှုပ်ရှားမှုများအကြောင်းကို လွန်ခဲ့သည့် ၂ လခန့်က သတင်းရရှိခဲ့ပြီး ထိုအချိန်မှ စ၍ သူ့ကို ခြေရာခံနေခဲ့ကြောင်း၊ ရဲအဖွဲ့က လက်ထောက်ရဲမင်းကြီးနှင့် စုံစမ်းရေးအရာရှိ ၃ ဦး တို့ပါဝင်သည့် အထူးအဖွဲ့တခုကို ဖွဲ့စည်း၍ သံသယရှိသူ၏ ဆိုရှယ်မီဒီယာ ကွန်ရက်များကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ ဆမ်မိယွန် ရာမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာပြီး ဘီဟာပြည်နယ် Kishanganj တွင် အိမ်တလုံး ငှားရမ်းခဲ့သည်ကို ပြီးခဲ့သည့် လအတွင်းတွင် ရဲအဖွဲ့က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ထိုနေရာသို့ အဖွဲ့တဖွဲ့ စေ လွှတ်၍ သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်။ သံသယရှိသူက ဒေလီ မြို့တော်နယ်မြေ (Delhi/NCR) သို့လာ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအဖွဲ့က တွေ့ရှိခဲ့သည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ဆမ်မိယွန် ရာမန်ကို ဒေလီရှိ Vikas Marg တွင် သူနှင့် ဆက်သွယ်မည့်သူကို စောင့်ဆိုင်း နေစဉ် ရဲအဖွဲ့က တွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့သည်။ စစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်းတွင် ဆမ်မိယွန် ရာမန်က သူ့ကိုယ်သူ Shumon Haq ဟုပြော၍ ရဲတပ်ဖွဲ့ကို လမ်း ကြောင်းလွှဲရန် ကြိုးစားခဲ့သည်။ သို့သော်လည်း စစ်ဆေးမေးမြန်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့် အခါ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ဝန်ခံခဲ့သည်။ သူ၏ မိသားစု အဆက်အနွယ်များနှင့် ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့သည်။ စစ်ဆေးမေးမြန်းမှုအတွင်း ဆမ်မိယွန် ရာမန်က ယခုနှစ် ဇူလိုင်လ အတွင်းတွင် အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ၏ တာဝန်မှာ ရံပုံငွေ ရှာဖွေရန်၊ ရိုဟင်ဂျာအရေး အတွက် တိုက်ခိုက်ကြရေးအတွက် လူငယ်များကို သွေးထိုးလှုံ့ဆော်ရန် နှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ သူတို့ ဝင်ရောက်နိုင်ရေးကို စီစဉ်ပေးရန် ဖြစ်ကြောင်း သိရသည်။ သူက လူငယ်များကို စည်းရုံးရန် အတွက် Kishanganj ၊ Hazaribagh နှင့် ဒေလီရှိ အစ္စလမ် ဘာသာရေးကျောင်း အများ အပြားတွင် နေထိုင်ခဲ့သည်။ Facebook၊ Whatsapp တို့ကဲ့သို့သော လူမှုကွန်ရက်များအပြင် လုံခြုံ စိတ်ချရသည့် မိုဘိုင်း အပလီကေးရှင်းများမှ တဆင့် သူ၏ အဖွဲ့ဝင်များနှင့် ဆက်သွယ်ခဲ့သည်ဟုလည်း ဆမ်မိယွန် ရာမန်က ဝန်ခံထွက်ဆိုခဲ့သည်။ အဆိုပါ ကွန်ရက်များပေါ်တွင် လူငယ်များကို ပျိုးထောင်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ The post ရိုဟင်ဂျာ စုဆောင်းရေး အယ်လ်ကိုင်းဒါး စည်းရုံးရေးမှူးတဦး အိန္ဒိယရဲ ဖမ်းဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2wJmKZy
via IFTTT
No comments:
Post a Comment