သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် အတူရပ်တည်မည်ဟု ၈၈ အဖွဲ့ပြော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အတူ တသားတည်း ရပ်တည်သွားမည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ရန်ကုန်မြို့၌ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့တွင် ၈၈ မျိုးဆက် ခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ က “သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်နေတဲ့ အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစားနေတဲ့ ကာလမှာ အဲဒီအစိုးရကို တစုံတရာ အကျပ်အတည်းဖြစ်အောင်၊ အင်အား ချိနဲ့အောင် ဝိုင်းပြီး လုပ်ကြံမယ် ဆိုလို့ရှိရင် အဲဒါဟာ အကြီးအကျယ်မှားလိမ့်မယ်ဆိုတာ ပြောချင်ပါတယ်။ ကျနော်တို့ အနေနဲ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အတူ တသားတည်း ရပ်တည်သွားမယ်ဆိုတာ ကျနော်တို့ ပြောချင်ပါတယ်” ဟု ပြောသည်။ NLD အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှားများကြောင့် နိုင်ငံတကာ ဝေဖန်မှုများကို ဝေဖန်ခံနေရသကဲ့သို့ ပြည်တွင်၌လည်း ထိုအကြမ်းဖက်မှုကို အကြောင်းပြ၍ ဆူပူ လှုံ့ဆော်မှုများလည်း ရှိနေချိန်ဖြစ်သည်ဟုဆိုသည်။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင် ယခုကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်လာတတ်လေ့ ရှိကြောင်း၊ လတ်တလောအခြေအနေအရ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်အပေါ် အခြေခံ၍ ဆူပူလှုံ့ဆော်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သည့် ဦးမင်းကိုနိုင်ကပြောသည်။ “ပြည်တွင်းမှာ မငြိမ်သက်မှုတွေ ဖန်တီးမှာ တွေ့နေရတယ်။ နောက်ထပ်လုပ်ဦးမှာဆိုတာ အကုန်လုံး သိနေကြတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ငုံ့မခံချင်ဘူး။ ငုံ့မခံချင်တော့ ဘယ်သူ တဦးတယောက်၊ တစုတဖွဲ့ကိုမှ အကြမ်းဖက်ပြီးတော့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ကျနော်တို့ ခွင့်မပြုဘူးဆိုတာ ပြောချင်တယ်။ ကျနော်တို့ စုပေါင်းကာကွယ်မယ်ဆိုတာကို ပြောတာ” ဟု ဦးမင်းကိုနိုင် ကပြောသည်။ ထိုကဲ့သို့ အခွင့်ကောင်းကိုယူ၍ ချိန်ကိုက် ဆူပူလှုံ့ဆော်လိုသူများ၏ လှည့်ကွက်ထဲ မရောက်စေရန် အစိုးရနှင့် အတူ ပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်း ကာကွယ်ကြရန်လည်း ၈၈ မျိုးဆက်ခေါင်းဆောင်များက တိုက်တွန်း ပြောဆိုကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မကွေးတိုင်း တောင်တွင်းကြီးမြို့ပေါ်တွင် စက်တင်ဘာ လ ၁၀ ရက်နေ့ ညပိုင်းက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူတစုက ဆူပူ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်များ၏ ဆိုင်ခန်းအချို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၁၂ ရက်နေ့ညကလည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦးက အစ္စလာမ် ဘာသာဝင်များကို သတ်ပစ်မည်ဟု တလမ်းဝင် တလမ်းထွက် ကြိမ်းမောင်း ဟစ်အော်မှု ပြုလုပ်ခဲ့သည်။ ထိုဖြစ်စဉ် နှစ်ရပ်လုံးအား ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ် သကဲ့သို့ ရိုဟင်ဂျာ ဆိုသည့် လူမျိုးရှိမရှိ အငြင်းပွားပြောဆိုနေမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ဦးမင်းကိုနိုင် က ရှင်းလင်းပြောဆိုခဲ့သည်။ “ကျနော်တို့ရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေထဲမှာ သူတို့ (ရိုဟင်ဂျာ) မပါဘူး။ အခုဖြစ်နေတဲ့ ကိစ္စတွေက လူမျိုးရေး၊ ဘာသာရေး ပြဿနာ မဟုတ်ဘူး။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ကျူးကျော် ဝင်ရောက်လာတဲ့ သူတွေရယ်၊ အကြမ်းဖက်ရယ် အဲဒီနှစ်ခုက အခြေခံပဲ ဖြစ်တယ်” ဟု ဦးမင်းကိုနိုင် က ပြောသည်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ယုံကြည်မှု အစွန်းရောက်သူ များ က ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အသုံးချ၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာပါက လုံခြုံရေး အဖွဲ့များက ထိရောက်စွာ ဟန့်တား၍ ဥပဒေ ချိုးဖောက်လာပါက တည်ဆဲဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြားထားသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဖြစ်စဉ်များနှင့် ပတ်သက်၍ စက်တင်ဘာ ၆ ရက်နေ့က သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် သမ္မတ ဦးထင်ကျော် နှင့် အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ကြောင်း သိရသည်။ The post သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် အတူရပ်တည်မည်ဟု ၈၈ အဖွဲ့ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2jpgrJ0
via IFTTT
No comments:
Post a Comment