ရခိုင် အကြံပေး အကောင်အထည်ဖော်မှု ကော်မတီ အစည်းအဝေး မနက်ဖြန် စတင်မည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို မနက်ဖြန် နေပြည်တော်တွင် စတင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ သမ္မတ ဦးထင်ကျော်၏ အမိန့်ဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့က ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၁၇ ဦးပါဝင်သည့် ယင်း ကော်မတီသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို ဆောင်ရွက်ရမည့် ကော်မတီ ဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာ ၁၄ ရက်နေ့တွင် အစည်းအဝေးများကို ချက်ချင်း စတင်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ကော်မတီ ၏ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။ “အစည်းအဝေးကို မနက်ဖြန် လုပ်မယ်။ ကျနော်တို့ လုပ်နိုင်တာကို ချက်ချင်း လုပ်မယ်။ မလုပ်နိုင်တာကိုတော့ မလုပ်သေး ဘူး။ လုပ်လို့ ရသလောက် အကုန်လုပ်သွားမယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီး သတ် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ”တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဥက္ကဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ပူးတွဲ ဥက္ကဌ တာဝန် ပေးထားသည်။ ယင်းကော်မတီတွင် ပါဝင်သည့် အမြဲတမ်း အတွင်းဝန် တဦးကလည်း ယခု ကော်မတီတွင် နိုင်ငံရေး ရာထူးဖြင့် ဆောင်ရွက် သူ နည်းပြီး လက်တွေ့ အလုပ်လုပ်နေရသည့် ဌာနဆိုင်ရာမှ အမြဲတမ်း အတွင်းဝန်များဖြင့် ဖွဲ့စည်းထား၍ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နိုင်မှု ပိုများနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။ “စိစစ်ရေး ကော်မတီတခုကို ဝန်ကြီးအဆင့် ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်ဆိုတာ ကိုဖီအာနန်ရဲ့ ကော်မရှင် အစီရင်ခံစာကို စပြီး အကောင်အထည်ဖော်တဲ့ သဘောပါပဲ။ ဒါဟာ တကယ် အရေးတကြီး လိုအပ်တဲ့နေရာတွေမှာ လုပ်ဖို့ လိုတယ်။ နောက်ပြီးတော့ လိုအပ်တာတွေကိုလည်း သူတို့ချက်ချင်း လုပ်မှာပါ”ဟု ရခိုင်အကြံပေး ကော်မရှင်တွင် ပါဝင်ခဲ့သူ ဒေါ်စောခင်တင့် ကလည်း ပြောသည်။ ၎င်းက ဆက်လက်၍ “အစီရင်ခံစာကတော့ ရှုထောင်စုံကနေ အကြံပေးထားတာပဲ။ လုပ်ရမယ့် ကိစ္စတွေက ဒီဟာပြီးမှ ဟိုဟာ လုပ်ရမယ်၊ ဟိုဟာပြီးမှ ဒီဟာ လုပ်ရမယ် ဆိုပြီး မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်တယ်ဆိုတဲ့ နေရာမှာ ရနိုင်တဲ့ နည်းလမ်းက ထောင့်စုံနဲ့ ရသလောက်ကို တပြိုင်တည်း လုပ်သွားရမှာ။ အဲဒါမှ အန်တီတို့က ရှေ့ကို တိုးလို့ရမှာ” ဟုလည်း ပြောဆိုသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရုံးကို သီးခြား ဖွင့်လှစ်၍ ကော်မတီ၏ ကုန်ကျစရိတ် အဝဝကို သမ္မတရုံး၏ ရန်ပုံငွေမှ ကျခံသုံးစွဲရမည် ဖြစ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန် များ ထမ်းဆောင်စဉ် လိုအပ်သော လုံခြံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ ကော်မတီတွင် ရခိုင်အရေးကို အဓိက တာဝန်ယူ ဖြေရှင်းနေသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်မှာ ဒုတိယ ဥက္ကဌ တာဝန် ယူထားပြီး ပြည်ထဲရေး၊ သာသနာရေး၊ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များကို အဖွဲ့ဝင်အဖြစ် တာဝန်ပေး ထားသည်။ သမ္မတရုံး ဝန်ကြီးဌာနမှ စီမံရေးနှင့် ဘဏ္ဍာရေး ဌာန ညွှန်ချုပ်ကိုလည်း အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပြီး အတွင်းရေးမှူး အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးမှ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်ကို တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ပေးထားကြောင်း သိရသည်။ အကောင်အထည်ဖော်ရေး ကော်မတီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များမှာ မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ မြေပြင် အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမည့် ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည်။ ထို့အပြင် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှု အသိုင်းအဝိုင်းများကြား စိတ်အေး ချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေးတို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။ တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေး၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) စခန်းများ ပိတ်သိမ်းရေးတို့ အတွက် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသခံ ပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်း ထွက်ခွာသွားခြင်းကို ကာကွယ် တားဆီးနိုင်ရန်အတွက် အခြေခံ အဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရေး သင့်လျော်သည့် မူဝါဒများ ချမှတ်ခြင်း တို့ကို ဆောင်ရွက်ရမည်ဟု သိရသည်။ အကြမ်းဖက် တိုက်ခိုက်မှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေးနယ်မြေ ဖြစ်လာစေရန်၊ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်း များမှ ပေးအပ်သည့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ် ပေးသော မူဝါဒနှင့်အညီ ခွဲဝေ ကြီးကြပ်ပေးရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသား အခွင့်အရေး ရရှိစေရေး (National Verification Process)ကို အရှိန်အဟုန် ဖြင့် အမြန်ဆုံး ဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။ ရခိုင်ပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာ၊ လူမျိုးနှင့် နိုင်ငံသား၊ ကျား မ ဆိုင်ရာ ဖြစ်တည်မှုတို့အပေါ် အခြေခံ၍ ခွဲခြားမှုမပြုဘဲ တူညီသော ပညာသင်ကြားခွင့် ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေး သည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရန်နှင့် ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများ အပေါ် တိုးတက်မှု အစီရင်ခံစာကို ပြည်သူများသို့ ၄ လ တကြိမ် ရှင်းလင်း တင်ပြရမည်ဟု သိရသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်များ၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင် အခြေအနေပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အကြံဉာဏ်များ ရယူ နိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူ များ နှင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ဖွဲ့စည်းသည့် အမိန့်အား သီးခြား ထုတ်ပြန်မည်ဟု ဆိုသည်။ အစ္စလမ် ဘာသာဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များကို ရေတို၊ ရေလတ်၊ ရေရှည် အပိုင်း ၃ ပိုင်း ခွဲ၍ အမြန်ဆုံး အကောင်အထည် ဖော်သင့်ပြီး အစိုးရ၏ ကော်မတီ ဖွဲ့စည်းမှုကို ကြိုဆို ကြောင်း၊ အရေးကြီးဆုံးမှာ ယင်းဒေသ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး ဖြစ်ကြောင်း၊ ထို့နောက် ပညာရေး၊ ကျန်းမာရေးနှင့် ၂ ဖက်စလုံးကို လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရမည် ဖြစ်ကြောင်း ပြောသည်။ “ကော်မတီရဲ့ လက်တွေ့ အလုပ်သဘောပါတဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာက ယုံကြည်အောင် အမြန်ဆုံး ပြသ သင့်ပြီ။ အခု နိုင်ငံတကာ ဖိအားကလည်း တော်တော် ကြီးကြီးမားမား ဖြစ်နေတယ်။ အခုလည်း လုပ်သင့်တာတွေကို လုပ်ရ မယ့် လမ်းညွှန်ချက်တွေ ပါနေတဲ့အတွက် တာဝန်ယူ၊ တာဝန်ခံမယ့် ပုဂ္ဂိုလ်တွေက အဲဒီဒေသမှာ ရှိနေတဲ့ ၂ ဖက် အဝန်းအဝိုင်း အတွက် အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ”ဟုလည်း ဦးထွန်းကြည်က ပြောဆိုသည်။ The post ရခိုင် အကြံပေး အကောင်အထည်ဖော်မှု ကော်မတီ အစည်းအဝေး မနက်ဖြန် စတင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2eVZAZA
via IFTTT
No comments:
Post a Comment