Wednesday, September 13, 2017


ရှမ်းနီ အမျိုးသားရေး နှင့် ရှမ်းနီ တပ်မတော် ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသားရေး လှုပ်ရှားမှုအတွက် ရှမ်းနီ အမျိုးသား တပ်မတော် (Shanni Nationalities Army – SNA) ကို ဖွဲ့စည်း ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းနီ ခေါင်းဆောင်များက ပြောဆိုကြသည်။ SNA ၏ ဗဟိုကော်မတီဝင် ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ဟိုတုန်းက လူကြီးတွေက တချို့လည်း မရှိ ကြတော့ဘူးဗျာ။ အဓိက သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို အခုခေတ်မှာ ကျနော်တို့ မျိုးဆက်တွေက ပြန်ပြီးတော့မှ သယ် ဆောင် ပြီးမှ လုပ်တဲ့ သဘောမျိုးပါပဲ”ဟု ပြောသည်။ ရှမ်းနီများက ရှမ်းနီ ပြည်နယ် သတ်မှတ်ပေးရေး အပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့် ပေးရန်နှင့် တိုင်းရင်းသား လူမျိုးများ အခွင့် အရေး တန်းတူညီမျှမှု ရရှိရေး တောင်းဆိုလျက် ရှိသည်။ ထို အမျိုးသားရေးကို ရှမ်းနီ အမျိုးသား တပ်မတော်(SNA)က ဆက်လက် ဖော်ဆောင်နေသည်ဟု ဆိုသည်။ SNA က အမျိုးသား အခွင့်အရေးကို ကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ် တားဆီး ရေး၊ ရှမ်းနီဒေသ ဘက်စုံ ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးဆိုသော မူ ၅ ချက် ကို ချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။ တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ရှမ်းနီနှင့် ကချင်ကြားက ပြဿနာအပြင် ရှမ်းနီများ၏ အမျိုးသားရေး တောင်းဆိုမှုကို ဖြေရှင်းနိုင်ရန် အတွက်ဆိုလျှင် ကချင်ပြည်နယ်ရှိ ရှမ်းနီလူမျိုးများ၏ အခွင့်အာဏာ၊ သူတို့၏ ကိုယ်စားပြု ပါဝင်မှုနှင့် ဒေသ အခြေအနေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်သည့် အခြေအနေများအား မှန်မှန်ကန်ကန် ဖြေရှင်းရန် လိုအပ်ကြောင်း ပြောသည်။ “KIA ကို တိုက်ဖို့ဆိုတာ အဲဒီ အခြေအနေတုန်းက ဆိုင်တယ်ဗျ။ ၇၅ ပတ်ဝန်းကျင်မှာ ဒီသံလမ်းရုံးမှာ ရှမ်းနီနဲ့ ကချင်နဲ့ လူမျိုး ရေး ပဋိပက္ခတွေဖြစ်ကြတယ်။ တဖက်နဲ့တဖက် အပြန်အလှန်တွေ သတ်ကြတယ်။ မိုးညှင်းကနေ စပြီးတော့ ပြန့် သွား တယ်။ နောက်ပိုင်း နှစ်ဖက် ထိန်းကြတော့ ပြန်ပြီးတော့ ငြိမ်သွားတယ်”ဟု ဦးမောင်မောင်စိုးက ပြောပြသည်။ ရှမ်းနီ လူမျိုးများသည် ဗြီတိသျှကိုလိုနီ ခေတ်က ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ကာ အုပ်ချုပ် စိုးစံခဲ့ကြပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူရန် ကြိုးပမ်းစဉ် ၁၉၄၇ ခုနှစ်တွင် တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ နယ်မြေ သတ်မှတ်မှု များကြောင့် သူတို့၏ အခွင့်အရေးများ လက်လွတ် ဆုံးရှုံးခဲ့ကြရသည်ဟုလည်း ဆိုသည်။ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ရှမ်းနီကိုယ်စားလှယ် ဦးဖိုးတီက ကချင်ပြည်နယ် အတွင်း မပါဝင်လို ကြောင်း၊ ကချင်တို့က ဗမာပြည်မတွင် မနေထိုင်လိုသကဲ့သို့ မိမိတို့ကလည်း ကချင်ပြည်နယ်တွင် မနေလိုကြောင်း ထွက်ဆို ခဲ့သော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ရှမ်းနီများ နေထိုင်ကြသော မြစ်ကြီးနားခရိုင်၊ ဗန်းမော် ခရိုင် တို့သည် ကချင်ပြည်နယ်တွင်းသို့ ထည့်သွင်းခံ လိုက်ရကြောင်း သိရသည်။ အလားတူ ခန္တီး၊ မော်လိုက်၊ ကလေး၊ ဖောင်းပြင်၊ တောင်သွပ်၊ ဟုမ္မလင်း၊ ကသာ စသည့် ဒေသများသည်လည်း ဗမာပြည်မ အတွင်း ထည့်သွင်းခံခဲ့ရကာ ယခု စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပါဝင်လျက်ရှိကြောင်းလည်း သိရသည်။ ကချင်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက သီးခြား ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား အားလုံးကို တန်း တူ ညီမျှ အခွင့်အရေးများ ရရှိခံစားစေမည်ဟု ထိုစဉ်က ထွက်ဆိုခဲ့သော်လည်း ကချင်ပြည်နယ် ဖွဲ့စည်းပြီးနောက်ပိုင်း ရှမ်းနီ များသည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဖိနှိပ်မှုများကို ခံစားခဲ့ကြသည်ဟု ရှမ်းနီများက ပြောဆိုသည်။ ထို အခြေအနေများကြောင့် ရှမ်းနီများသည် အမျိုးသားရေး လှုပ်ရှားရန်အတွက် ရှမ်းနီ တပ်မတော်ကို ဖွဲ့စည်းရန် စဉ်းစား ကာ ၁၉၇၇ ခုနှစ်တွင် စိုင်းခမ်းလွိုင်နှင့် ကိုအောင်ထွန်း ဦးဆောင်သော ရှမ်းနီလူငယ် တစုက ရှမ်းနီ တပ်မတော်ကို ထူထောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ရှမ်းနီ တပ်မတော် ထူထောင်ရန် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)ကို အကူအညီ တောင်းခံခဲ့သည်။ ထိုအချိန်က ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ) အားကောင်းနေသည့် အချိန်ဖြစ်ရာ SSPP ပင် ဗကပ ၏ အကူအညီကို ရယူနေရခြင်း ကြောင့် စိုင်းခမ်းလွိုင်သည် ဗကပထံ ပြောင်းလဲ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၇၇ ခုနှစ် အောက်တိုဘာလတွင် ဗကပ ဗဟိုဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိလာခဲ့ရာ ရောက်ရှိသည့် အချိန်ကို အစွဲပြု၍ ရှမ်းနီ တပ်မတော်အား တပ်နံပါတ် ၇၇၁၀ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပြီးနောက် ၁၉၇၉ ခုနှစ် စက်တင်ဘာလ တွင် မြောက်ပိုင်းဗျူရို သို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ ၇၇၁၀ အဖြစ် လှုပ်ရှားနေစဉ် KIA သည် ဗကပနှင့် မဟာမိတ် ဖွဲ့ထားခြင်းကြောင့် ရန်သူက မိတ်ဆွေအဖြစ် ပြောင်းလဲပြီး အတူတကွ ပူးပေါင်း၍ တပ်မတော်ကို တိုက်ခိုက်နေစဉ် ကိုအောင်ထွန်း ကျဆုံးမှု ဖြစ်ပွားခဲ့သည်။ ထို့နောက် ရှမ်းနီများကြား KIA ကို မတိုက်ရဘဲ တပ်မတော်အား တိုက်နေရသည်ဟုဆိုပြီး သဘောထား ကွဲလွဲလာကာ အမျိုးသားရေး ရည်မှန်းချက် မပြည့်ခင် ရှမ်းနီ တပ်မတော် ၇၇၁၀ ပျက်သုဉ်း သွားသည်။ ၇၇၁၀ ပျက်သုဉ်း သွားသည့်အတွက် ရှမ်းနီများသည် အမျိုးသားရေး လှုပ်ရှားမှု အဆက်ပြတ်သွားခဲ့ရာ ပြန်လည် လှုပ်ရှား ရန် စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင် တို့က ရှမ်းနီ အမျိုးသား တပ်မတော်(SNA)ကို ၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက်တွင် ပြန်လည် ဖွဲ့စည်း ထူထောင်ခဲ့သည်။ လက်ရှိတွင် SNA သည် တပ်မဟာ (၉၇၂၊ ၈၉၁၊ ၇၅၃) သုံးခုကို ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဟုမ္မ လင်း၊ ခန္တီး အောက်ဘက်မှ ခန္တီးအထိ၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၊ ဗန်းမောက်၊ ဟုမ္မလင်း အနောက် ဘက် ခြမ်း အိန္ဒိယ နယ်စပ်အပြင် ကချင်ပြည်နယ်အစပ် ဖားကန့်နှင့် မိုးညှင်းမြို့နယ်၌ လှုပ်ရှားနေကြောင်း သိရသည်။ တချို့က SNA ကို အစိုးရ တပ်မတော် သို့မဟုတ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က ထောက်ပံ့ ပေး နေခြင်းဖြစ်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)အား တိုက်ခိုက်ရန် ကြားခံအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများ ရှိသည်။ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA/UWSP)မှ အမည်မဖော်လိုသူ အရာရှိတဦးက “SNA ရဲ့ ဇစ်မြစ် သည် ၁၉၇၃ က KIA စစ်ရှိန်မြင့်ပြီး ကချင်၊ ရှမ်း လူမျိုးရေး ပြဿနာ ကြီးထွားလာချိန် နေဝင်း(ဦးနေဝင်း) တပ်က ဖွဲ့ပေးတဲ့ မိုးညှင်း၊ မိုးကောင်း၊ နမား၊ ဟိုပင် ပြည်သူ့စစ်က အခြေခံတယ်။ ၂၀၁၄ မှာ SNA သည် RCSS/SSA ထဲက ရှမ်းနီ အရာရှိကြီး တွေရဲ့ အကူညီနဲ့ စတင်တယ်။ NCA အတွက် ကချင် နဲ့ ရှမ်းကြား ဝှက်ဖဲဖြစ်တယ်။ RCSS ထောက်ပံ့မှုပေါ် ရပ်တည် တယ်။ ဗမာ တပ် (တပ်မတော်)နဲ့ တိုက်ပွဲမဖြစ်၊ RCSS ရဲ့ ကချင်တွက် Defense wing တခုဖြစ်တယ်”ဟု ပြော သည်။ တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးကတော့ တပ်မတော်မှ ထောက်ပံ့သည်လား RCSS မှ ထောက်ပံ့ပေး သည် လား ဆိုသည့်အပေါ် ခိုင်မာသော သက်သေ အထောက်အထား မရှိခြင်းကြောင့် မှတ်ချက် မပြုနိုင်ကြောင်း၊ သို့သော် တပ်မတော်က ထောက်ပံ့ပေးထားလျှင် SNA နှင့် တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိကြောင်း ပြောဆိုသည်။ “အဲဒါက အခိုင်အမာ အချက်အလက်မရှိလို့ ဘာမှ မှတ်ချက် မပေးချင်ပါဘူးဗျ။ ဒါပေမယ့် တပ်က ထောက်ပံ့တယ် ဆိုရင် တပ်နဲ့ တိုက်ပွဲဖြစ်မှာ မဟုတ်ဘူးလေ။ အခုက မနှစ်က(၂၀၁၆) နှစ်ပွဲ၊ ဒီနှစ်(၂၀၁၇) တပွဲနဲ့က တပ်နဲ့ပဲ ဖြစ်နေတာ KIA နဲ့ ဖြစ်တာ မတွေ့သေးဘူး”ဟု ၎င်းက ပြောသည်။ ၂၀၁၆ ခုနှစ်က စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် အနောက်ဘက်ခြမ်း အိန္ဒိယနယ်စပ်တွင် တပ်မတော် နှင့် SNA ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သလို ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်ကလည်း ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါ ကျေးရွာတွင် တပ်မတော် ၏ ခြေလျင် တပ်ရင်း(ခလရ ၅၂)နှင့် SNA တို့ တိုက်ပွဲဖြစ်၍ သေဆုံးမှုများလည်း ရှိခဲ့သည်။ SNA ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “RCSS ကလည်း မရှိပါဘူး။ နောက်ပြီး တပ်မတော်ကလည်း ထောက်ပံ့ ပေးတာ မရှိပါဘူး။ ကျနော်တို့ကို အဓိက ထောက်ပံ့ပေးတာက ကျနော်တို့ လူထုရဲ့ လူမျိုးရေး အကူအညီပေးတဲ့ ထောက်ပံ့မှုနဲ့ ကျနော်တို့ ရပ်တည်နေတာ ဖြစ်ပါတယ်”ဟု ဆိုသည်။ အလားတူ RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက အခြေအမြစ်မရှိသော စွပ်စွဲမှုများဖြစ်သလို အထောက် အထား မရှိသော သတင်းထွက်မှု တခုသာ ဖြစ်သည်ဟု ပြောသည်။ “SNA အနေနဲ့က အရင်ကတည်းက သူတို့ တပ်မတော် ရှိခဲ့ပြီးသားလို့ ကျနော်တို့ သဘောထား ပေးချင်ပါတယ်။ သူတို့ အခြေအနေအရ တဖက်က ပြတ်တောက်သွားတဲ့ သဘောရှိပါတယ်။ အဲဒီတုန်းက သူတို့ တပ်မတော်သားဟောင်း တွေက လည်း ABSDF တပ်တွေ အနေနဲ့လည်း သွားပြီး လှုပ်ရှားတာ ရှိတယ်။ နောက်ပိုင်းမှာ တပ်ဖွဲ့တွေကလည်း ကျနော် တို့ဆီ လာပြီးတော့ အခြေချနေပြီးတော့ ပူးပေါင်းသွားတာလည်း ရှိတာပေါ့နော်။ အဲဒီနောက်ပိုင်း သူတို့ ပြန်ပြီး ပေါ်လာတာ ကို ကျနော်တို့ ကြားသိရပါတယ်”ဟု ၎င်းက ပြောဆိုသည်။ SNA အား တပ်မတော် သို့မဟုတ် RCSS မှ ထောက်ပံ့ပေးနေပြီး KIA ကို တိုက်ခိုက်ရန် ကြားခံအဖြစ် အသုံးပြုနေသည်ဟု ပြောဆိုနေကြသော်လည်း SNA နှင့် KIA ကြား ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ တပ်မတော်နှင့်သာ တိုက်ပွဲ ဖြစ်နေ သည်။ SNA သည် အမျိုးသားရေး လှုပ်ရှားမှုကို ဖော်ဆောင်ရာတွင် ကချင်ပြည်နယ်တွင် KIA အပြင် တပ်မတော်ကိုပါ ရင်ဆိုင် ရ မည် ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ကပ်ပလန်(NSCN- K) အပြင် ကသည်း လက်နက်ကိုင်နှင့် တပ်မတော်တို့အား ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် SNA သည် လူအင်အား၊ ငွေအင်အား၊ စစ်လက်နက်အင်အား တောင့်တင်း ခိုင်မာရန် လိုအပ်သည်။ သို့မဟုတ် ပါက ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် SNA အနေဖြင့် မည်သည့် အဖွဲ့အစည်းများထံမှ အကူအညီများကို ရယူနေ သနည်း ဆိုသော အချက်ကလည်း စဉ်းစားစရာဖြစ်သည်။ SNA သည် ရှမ်းနီ အမျိုးသားရေးကို ပြန်လည် ဦးမော့ လှုပ်ရှားလာသည့် ရှမ်းနီ လက်နက်ကိုင် အဖွဲ့ဖြစ်သော်လည်း ၎င်း ရင် ဆိုင် ရမည့် အခြေအနေသည် အလွန် အင်အားကြီးမား နေသကဲ့သို့ ရင်ဆိုင်ရန်လည်း ခက်ခဲလှသည်။ ရှမ်းနီများက ၎င်းတို့ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်၍ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုနေရာ လက်ရှိတွင် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်သည် ကချင်ပြည်နယ်အတွင်း ပါဝင်နေရာ ကချင်များက လက်ခံကြမည် မဟုတ်ပေ။ အလားတူ အစိုးရကလည်း လွယ်လင့်တကူ နယ်မြေ အပိုင်းအခြားအား ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် မရှိနိုင်သလို အကယ်၍ ရှိလာပါက KIA အပါအဝင် ကချင်များက လိုလိုချင်ချင် လက်ခံကြမည်ဟု မထင်ပါ။ အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကလေး၊ မော်လိုက်၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း တို့အား အစိုုးရက ခွဲခြမ်း စိတ်ဖြာပေးရန် အစီအစဉ်မရှိနိုင်ပေ။ နာဂများက ၎င်းတို့ အပိုင်ဟုဆိုကာ ခန္တီးခရိုင်အား နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ထည့်သွင်းပေးရန် အစိုးရထံ တောင်းဆိုထားရာ SNA နှင့် နာဂများကြား ဖြေရှင်းရမည့် အချက်တခုလည်း ရှိနေ ပြန်သည်။ အဆိုပါ အခြေအနေများကို ဖြေရှင်းနိုင်ရန် SNA အနေဖြင့် မှန်ကန်သော နည်းလမ်းတခု ရှာဖွေရန် လိုအပ်သကဲ့သို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရန်လည်း ကြိုးစားရန် လိုအပ်နေသည်။ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့်ပြုရန် SNA က ၂၀၁၆ ခုနှစ် အစောပိုင်း လများအတွင်း က နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ထံ စာပေးပို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ထို အခြေအနေ အရပ်ရပ်ကြောင့် SNA အနေဖြင့် ရှမ်းနီ လူမျိုးများ၏ အိမ်မက်များကို လက်တွေ့ အကောင်အထည် ဖော် နိုင်ရေး အပေါ် မေးခွန်းပေါင်း များစွာလည်း ရှိနေပါသည်။ ။ The post ရှမ်းနီ အမျိုးသားရေး နှင့် ရှမ်းနီ တပ်မတော် appeared first on ဧရာဝတီ.
Source : http://ift.tt/2xj9FKm
via IFTTT

No comments:

Post a Comment