တပ်မတော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များကို ဖိနှိပ်မှုအတွက် ထရမ့်အစိုးရ၏အပြင်းထန်ဆုံးရှုတ်ချခြင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က ပြုလုပ်လိုက်ပြီး ထိုလုပ်ရပ်ကို ရပ်တန့်ရန် တောင်းဆိုလိုက်သည်။ မွတ်ဆလင် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များကို စတင်တိုက်ခိုက်ပြီး ၃ ပတ်အတွင်း လူ ၄ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး စေသော တပ်မတော်၏ စစ်ဆင်ရေးများကို တေလာဆန်က အပြစ်တင်သည်။ တပ်မတော်၏လုပ်ရက်များကို ဖွင့်ချဝေဖန်ရန် ဖိအားပေးခံနေရသော အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ထောက်ခံကြောင်း သူက ထပ်မံအတည်ပြု ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုသည် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရသည့် စစ်ဘက်နှင့် အာဏာခွဲဝေယူနေရသည့် ခက်ခဲ ရှုပ်ထွေးသည့် အခြေအနေကို နားလည်ကြောင်း သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စက်ဆုပ်စရာလုပ်ရပ်များ သည် မြန်မာနိုင်ငံ၏ဒီမိုကရေစီအတွက် အဆုံးအဖြတ်ပေးမည့်အချိန်ဖြစ်ကြောင်း သူ ပြောသည်။ “ဒီအကြမ်းဖက်မှုကို ရပ်ရမယ်။ ဒီ ဖိနှိပ်မှုရပ်ရမယ်။ ဒါကို တော်တော်များများက လူမျိုတုန်း သတ်ဖြတ်မှုလို့ပြောနေကြပြီ။ ဒါ ကိုရပ်ရမယ်” ဟု တေလာဆန်က ဗြိတိန်၊ ပြင်သစ်တို့နှင့် ဆွေးနွေးပွဲများအပြီး လန်ဒန်တွင် ပြောသည်။ “ကျနော်တို့ဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ခေါင်းဆောင်မှုကို ထောက်ခံဖို့ လိုပေမယ့် ဒီလုပ်ရပ်ကို လက်မခံဘူးဆိုတာ အစိုးရအာဏာကို ခွဲ ယူထားတဲ့ စစ်ဘက်ကို ရှင်းရှင်းလင်းလင်း ပြောလိုတယ်” ဟု သူ ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသူ ၄၀၀၀၀၀ နီးပါးအတွက် အကူအညီ အကြီးအကျယ် လိုအပ်နေကြောင်း ကုလသမ ဂ္ဂက ကြာသပတေးနေ့တွင် မေတ္တာရပ်ခံခဲ့သည်။ ဝေဖန်သူများက လူမျိုးတုန်းသတ်ဖြတ်မှုဟု ရှုတ်ချနေသော စစ်ဆင်ရေးများကို မြန်မာနိုင်ငံက မရပ်တန့်ပါက ထိုသို့ထွက်ပြေးသူ အရေအတွက် ဆက်လက်မြင့်မားလာမည်ကို စိုးရိမ်ရသည်ဟု လည်း ဆိုသည်။ ဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ရန်နှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် များစွာ ပိုမိုလုပ်ဆောင်ပေးရန် ကုလသမဂ္ဂက တောင်းဆိုခဲ့သည်။ “လူသားချင်းစာနာမှု အထောက်အပံ့တွေ ပိုမိုပေးပြီး ကူညီဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကျနော်တို့တိုက်တွန်းပါတယ်” ဟု နိုင်ငံတကာရွှေ့ပြောင်းအခြေချများအဖွဲ့ -IOM မှ ကယ်ဆယ်ရေးနှင့် အရေးပေါ်အခြေအနေဆိုင်ရာ ဒါရိုက်တာ မိုဟာ မက် အက်ဘ်ဒီကာက ဒါကာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အကူအညီလိုအပ်မှုသည် အလွန် ကြီးမား သည်ဟုလည်း သူက ပြောသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရာတွင် ပိုမိုပြင်းထန်သည်။ ဒုက္ခသည်များ ခံစားနေရသည့်ဒုက္ခမှာ စက်ဆုပ်စရာကောင်းပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အာဏာကို သုံးပြီး ၎င်းတို့အပေါ် အကြမ်းဖက်မှုများကို ရပ်ဆိုင်ရမည်ဟု သူ ပြောသည်။ ၁၅ နှစ်ကြာနေအိမ် အကျယ်ချုပ်ကျခံပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်ကို သူ လေး စားခဲ့ကြောင်း၊ ယခုအခါ ထိုဂုဏ်ပုဒ်ကို သုံးပြီး ဒုက္ခသည်များ ခံစားနေရသည်ကို ဟန့်တားရမည်ဟု သူ ပြောသည်။ ထိုဖြစ်ရပ်သည် စက်ဆုတ်စရာ ဖြစ်ရပ်ဖြစ်ကြောင်းနှင့် ထိုသူများကို ၎င်းတို့၏နေအိမ်များဆီသို့ ပြန်လာခွင့်ပြုရမည်ကို ဒေါ်အောင် ဆန်းစုကြည် ရှင်းရှင်းလင်းလင်း သိရမည်ဟုလည်း သူက ပြောသည်။ ဗြိတိန်နိုင်ငံသည် ယခင်က မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့သောနိုင်ငံဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခု အကြာတွင် စစ်အုပ်ချုပ်ရေးအောက်သို့ကျရောက်ခဲ့သည်။ နောင်ဆယ်စုနှစ် ၅ ခုအကြာ စစ်ဘက်က တိုက်ရိုက် အုပ်ချုပ်ခြင်း ကို စွန့်လွှတ်အောင် ဗိုလ်ချုပ်ကြီးများကို ဖျောင်းဖျ ပြောဆိုရာတွင် သမ္မတအိုဘားမားခေတ် အမေရိကန်ပြည်ထောင်စုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အနိုင်ရ ပြီး သူ ကိုယ်တိုင်လည်း တိုင်းပြည်၏ အမည်မခံသော ခေါင်းဆောင်ဖြစ်လာသည်။ သို့သော်လည်း ထိုအပြောင်းအလဲကို လူများစု ဗုဒ္ဓဘာသာများနှင့် အများအပြားမှာ မြန်မာနိုင်ငံတွင်နေထိုင်သည်မှာ မျိုးဆက်နှင့်ချီ ကြာမြင့်ပြီဖြစ်သော်လည်း ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများအကြား တင်းမာမှုများက ဖျက်ဆီးပစ်နေသည်။ မြန်မာလုံခြုံရေးတပ်များ၏ စနစ်တကျ မီးရှို့ဖျက်ဆီးမှု အထောက်အထားများကို ဖော်ထုတ်ခဲ့သည်ဟု နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ကြာသပတေးနေ့တွင် ကြေညာသည်။ ၎င်းတို့သည် ဗီဒီယိုများ၊ ဂြိုဟ် တုဓာတ်ပုံများ၊ မျက်မြင်များ၏ပြောကြားချက်များနှင့် အခြားအချက်အလက်များကို လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင် အ နည်းဆုံး ၃၇၅ မီတာစီ ရှည်လျားသော လူနေထိုင်ရာ နေရာ ၈၀ ကျော်ကို မီးရှို့ထားကြောင်းတွေ့ရသည်ဟု ထိုအဖွဲ့က ပြောသည်။ “အထောက်အထားက ငြင်းလို့မရဘူး။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ထွက်ပြေးအောင်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မီးရှို့နေတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အကျပ်အတည်းများ တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ ဒါရိုက်တာ တီယာနာဟက်ဆန်၏ ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။ “လုံခြုံရေးတပ်ဖွဲ့တွေက ရွာတွေကို ဝိုင်းတယ်။ ကြောက်လန်တကြား ပြေးနေတဲ့လူတွေကို ပစ်ခတ်တယ်၊ ပြီးတော့ အိမ်တွေကို မီးရှို့တယ်။ ဥပဒေအရပြောရရင် ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်” ဟုလည်း သူပြော သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ထရမ့်အစိုးရသည် အိုဘားမားအစိုးရလောက် တက်တက်ကြွကြွ မရှိသော်လည်း လတ်တ လောဖြစ်ပေါ်နေသော နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်သော အမေရိကန် ပြည်ထောင်စုသည်ပင် စတင်ဝေဖန်လာရသည်။ ဝါရင့် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော စစ်ဘက်ဆက်ဆံ ရေးကို ခွင့်ပြုပေးမည့် ဥပဒေဆိုင်ရာ အစီအစဉ်ကို ယခုအပတ်အတွင်း ပယ်ချခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ချမှတ်ရာတွင် ထိပ်တန်းမှပါဝင်သော အထက်လွှတ်တော် ရီပတ်ဗလစ်ကန် အကြီးအ ကဲ မစ်ချ်မက်ကောနဲလ်ကမူ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပြောကြားသည်။ သူနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ဗုဒ္ဓဟူးနေ့က ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကိုသာ လိုလားသည်ဟု ထပ်မံပြောကြားကြောင်း သူပြောပြသည်။ ရခိုင်ပြည်နယ် ပိုမိုကောင်းမွန်သော လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်နိုင်ရေးအတွက် လုပ်ဆောင်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည် မြန်မာစစ်ဘက်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိသလောက်ဖြစ်နေပြီး မြန်မာ နိုင်ငံ၏ဒီမိုကရေစီခရီးသည် အချိန်ယူရလိမ့်မည်ဖြစ်ကြောင်းလည်း မစ်ချ်မက်ကောနဲလ်က ပြောသည်။ “မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ချက်ကောင်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်းဟာ အပြုသဘောမဆောင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုထွန်းကားအောင်လုပ်နေတဲ့ ခေါင်းဆောင် တယောက်တည်းကို ရွေးချယ်တိုက်ခိုက်ခြင်းဟာ ရေရှည်မှာ အဲဒီဦးတည်ချက်ကို ထိခိုက်စေမှာဖြစ်ပါတယ်” ဟု သူက ပြောသည်။ The post တပ်မတော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ appeared first on ဧရာဝတီ.
Source : http://ift.tt/2vXNnuc
via IFTTT
No comments:
Post a Comment