မြန်မာဂျာနယ်လစ် ၂ ဦးအား ဘင်္ဂလားဒေ့ရှ်က သူလျှိုမှုဖြင့် စွပ်စွဲဖမ်းဆီးထား ဂျာမန် မဂ္ဂဇင်းတခုအတွက် ဘင်္ဂလီအကျပ်အတည်းကို သတင်းယူရန် သွားရောက်နေသော မြန်မာဓာတ်ပုံဆရာ ၂ ဦးကို သူလျှိုလုပ်မှု သံသယဖြင့် ဖမ်းဆီးထားသည်ဟု ဘင်္ဂလားဒေ့ရှ်မှ လာသော AFP သတင်းအရ သိရသည်။ ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သော ကော့ဘဇားတွင် လွန်ခဲ့သော တပတ်ကျော်က ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ် အကြမ်းဖက်မှုမှ ထွက်ပြေးလာသူ ၃ သိန်းကျော်သည် ကော့ဘဇားမြို့တွင် ခိုလှုံနေကြသည်။ ထိုဒုက္ခသည် အကျပ်အတည်းကြောင့်လည်း ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာနေသည်။ ဂျာနယ်လစ်ဗီဇာ မယူဘဲ တိုးရစ်ဗီဇာ ဖြင့် နိုင်ငံတွင်းသို့ဝင်လာသည်ဟု ဘင်္ဂလားဒေ့ရှ် ရဲအဖွဲ့က ပြောပြီး ၎င်းတို့ကို အယောင်ဆောင်မှုနှင့် သတင်းမှားပေးပို့မှု တို့ဖြင့် တရားစွဲဆိုလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေက ပြောကြောင်း AFP သတင်းက ဆိုသည်။ ၎င်းတို့နှင့်အတူ ဘင်္ဂလားဒေ့ရှ်မှ ဆုရ ဓာတ်ပုံဆရာတဦးကိုလည်း ဖမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ကိုမင်းဇေယျာဦးသည် ဆုရ ဓာတ်ပုံဆရာတဦးဖြစ်ပြီး သူ၏ သတင်းဓာတ်ပုံများကို ဧရာဝတီအပါအဝင် ပြည်တွင်းသတင်းမီဒီယာများတွင်သာမက New York Times, Guardian နှင့် National Geographic အပါအဝင် ကျော်ကြားသော သတင်းစာ၊ မဂ္ဂဇင်းများတွင်လည်း မြင်တွေ့ရသည်။ ဂျာမနီနိုင်ငံ ဟမ်းဘော့ဂ်မြို့အခြေစိုက် Geo မဂ္ဂဇင်းအတွက် ဒုက္ခသည် သတင်းယူရန် ကော့ဘဇားသို့ စက်တင်ဘာလအစောပိုင်းတွင် စတင်ရောက်ရှိခဲ့ကြကြောင်း သိရသည်။ The post မြန်မာဂျာနယ်လစ် ၂ ဦးအား ဘင်္ဂလားဒေ့ရှ်က သူလျှိုမှုဖြင့် စွပ်စွဲဖမ်းဆီးထား appeared first on ဧရာဝတီ.
Source : http://ift.tt/2y3ygQq
via IFTTT
No comments:
Post a Comment