မိုင်းပေါက်ကွဲဒဏ်ရာဖြင့်သေဆုံးသူ ကချင်အမျိုးသား ၂ ဦး ကိစ္စ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီသို့ တိုင်စာပို့ ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်အတွင်း မိုင်းပေါက်ကွဲသည့် ဒဏ်ရာများဖြင့် သေဆုံးထားသည့် ကချင် အမျိုးသား ၂ ဦး၏ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်ပေးရန် စာတစောင်ကို ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီထံ ပေးပို့တိုင်ကြားထားသည်ဟု သတင်းရရှိသည်။ မိုင်းပေါက်ကွဲဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ကချင်အမျိုးသား ၂ ဦးသည် နမ္မတီးမြို့၊ လမ်းခွဲကျေးရွာမှ ( အသက် ၃၃ နှစ် အရွယ် မီးသတ် တာဝန်ခံ ဦးဖောင်ကပ်နော်လတ် နှင့် ခြံလုပ်ငန်း လုပ်ကိုင်သည့် အသက် ၄၁ နှစ်ရှိ ဦးနော်ဘောက် တို့ဖြစ်ပြီး သြဂုတ်လ ၉ ရက်တွင် လမ်းမကြီးဘေး၌ မိုင်းပေါက်ကွဲဒဏ်ရာများဖြင့် ဝမ်းဗိုက် နှင့် ပေါင်များ ပေါက်ထွက် သေဆုံးနေခြင်း ဖြစ်သည်။ ဦးဖောင်ကပ်နော်လတ်၏ ဇနီးဒေါ်ဆိုင်းနန်က “ကျမတို့ အမျိုးသား ၂ယောက်က မိုင်းကွဲပြီးသေတယ်။ သူတို့က KIA စစ်သားလည်း မဟုတ်ဘူး။ မိသားစုနဲ့ အတူနေပြီးမှ မိသားစုကို ရှာဖွေကျွေးမွေးနေတာ အေးအေးချမ်းချမ်း နေနေတာ ။ KIA နဲ့ ကျမတို့ လုံးဝ မပတ်သက်ဘူး။ အဲဒါကြောင့် အခုလို စာပို့ရတာပါ” ဟု ပြောသည်။ ဒေါ်ဆိုင်းနန်က ၎င်း၏ အမျိုးသား သေဆုံးမှုအတွက် တရားမျှတမှု ရလိုသည်ဟု ပြောပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်ပေးပါဟူသည့် တိုင်ကြားစာကို ဒေါ်ဆိုင်းနန်နှင့် ဦးနော်ဘောက်၏ ဇနီး ဒေါ်ဂျာလော့ဒ်တို့က စက်တင်ဘာလ ၊ ပထမပတ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသို့ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကမူ သေဆုံးသူ ၂ ဦးမှာ မိုင်းလိုက်လံထောင်နေသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ဝင်များဖြစ်ပြီး မြစ်ကြီးနား-တနိုင်းလမ်းမကြီးဘေးတွင် မိုင်းထောင်စဉ် ၎င်းတို့ သယ်ဆောင်လာသည့် မိုင်းပေါက်ကွဲကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု သြဂုတ်လ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။ တိုင်ကြားစာထဲတွင် ဦးဖောင်ကပ်နော်လတ်နှင့် ဦးနော်ဘောက်တို့သည် အိမ်ဘေးချင်းကပ်နေထိုင်ကြသဖြင့် ရင်းနှီးနေကြသူ များ ဖြစ်ကြောင်း၊ သြဂုတ်လ ၇ ရက်၊ ညနေပိုင်း ၄ နာရီခွဲခန့်တွင် ဦးနော်ဘောက်၏ သိန်းရတ် လိမ္မော်ခြံသို့ သွားရန် ပြင်ဆင်ကြကြောင်း၊ လိမ္မော်ခြံနားတွင် ငါးဖမ်းကြရန်အတွက်လည်း ဘတ္တရီ ၊ ရှော့တိုက်ပစ္စည်း များ၊ ဓါးများ၊ ပလိုင်း များ သယ်ကာ နေအိမ်များမှ ထွက်သွားကြောင်း ရေးသားထားသည်။ သြဂုတ်လ ၈ရက်တွင် လမ်းခွကျေးရွာမှ ဒေါ်ဂျာဖန်က ရောက်လာပြီး ၎င်းတို့ အမျိုးသား၂ ဦးကို ဆီးဒင်ရွာ ရှိ တပ်မတော်ဂိတ်တွင် ဖမ်းဆီးထားသည်ကို တွေ့ကြောင်း ပြောရာ ဒေါ်ဆိုင်းနန်၊ ဒေါ်ဂျာလော့ဒ် နှင့် ဒေါ်ဂျာဖန်တို့က အုပ်ချုပ်ရေးမှူးဆီ သွားရောက် ပြောဆိုရာ အကူအညီမပေးခဲ့ကြောင်း၊ ထို့နောက် နမ္မတီးမြို့၊ မီးသတ်တပ်ဖွဲ့ထံသို့ သွားရောက် အကူအညီတောင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း ရေးသားထားသည်။ ဦးနော်လတ်နှင့် ဦးနော်ဘောက်တို့ မိုင်းပေါက်ကွဲပြီး ဝမ်းဗိုက်နှင့် ပေါင်များ ပွင့်ထွက် သေဆုံးနေသည့် ပုံများမှာ သြဂုတ်လ ၉ ရက်၊ မနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာမှ မိသားစုဝင်များနှင့် ဒေသခံ များက သေဆုံးနေကြောင်း၊ ဓာတ်ပုံရိုက်သူနှင့် ဖြန့်သူကို မသိရှိရသော်လည်း ဓာတ်ပုံပါ ရက်စွဲအရ သြဂုတ် ၉ ရက်၊ မနက် ၇ နာရီ ၃၃ မိနစ်ဟု သိရသည်။ နမ္မတီးအခြေစိုက်၊ တပ်မတော်၊ ခြေမြန်တပ်ရင်း- ခမရ (၃၈၁)မှ တပ်ဖွဲ့ဝင်များက အလောင်းကို ၎င်းတို့ မြှုပ်နှံပေးမည်ဖြစ်ကြောင်း၊ မြှုပ်နှံမည့် နေရာကို မိသားစုဝင် များနှင့် ရွာသူရွာသားများ လာရောက်ခွင့် မပြုခဲ့ကြောင်း၊ အလောင်းမြှုပ်နှံရာတွင် နိုင်ငံရေးပါတီမှ ပါတီဝင် အချို့၊ ရဲအချို့ပါဝင်ကြောင်း တိုင်ကြားစာထဲတွင် ရေးသားထားသည်။ မိသားစုဝင်များက ခရစ္စယာန်ထုံးတမ်းဓလေ့အရ မြှုပ်နှံလိုသဖြင့် အလောင်းကို ပြန်ဖော်ပြီး ခရစ်ယာန်သချိၤုင်းသို့ ပြောင်းရွှေ့လိုကြောင်း ပြောဆိုခဲ့သော်လည်း ခမရ (၃၈၁) မှ တာဝန်ရှိသူများက ခွင့်မပြုခဲ့သဖြင့် မြှုပ်နှံပြီးသား နေရာ တွင်သာ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ သေဆုံးသူ ၁ ဦးမှာ မီးသတ်အရာရှိဖြစ်သဖြင့် နမ္မတီးမြို့၊ မီးသတ်တပ်ဖွဲ့မှ ပြန်တမ်း ဖတ်ရန် လုပ်ဆောင်သည်ကိုလည်း ခမရ (၃၈၁) မှ ခွင့်မပြုသဖြင့် ညှိနှိုင်းခဲ့ရကြောင်း၊ အသုဘအခမ်းအနား ဆုတောင်းပွဲတွင် ဓာတ်ပုံနှင့် ဗီဒီယို ရိုက်သည် ကိုလည်း ခမရ(၃၈၁) မှ ဖျက်ပစ်လိုက်ကြောင်းကိုလည်း တိုင်ကြားစာထဲတွင် ရေးသားထားသည်။ တိုင်ကြားစာထဲတွင် အမှုကို စုံစမ်းစစ်ဆေးရာ၌ မြစ်ကြီးနားကဲ့သို့ မြို့ကြီးတခုခုကို ရွေးချယ်ပေး စေလို ကြောင်း၊ လမ်းခွ ကျေးရွာသည် တပ်မတော်နှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် တရားလိုများ၊ သက်သေများကို အပြစ်ရှာ၊ အန္တရာယ်ပေးမည်ကို စိုးရိမ်ကြောင်း၊ လမ်းခွကျေးရွာတွင် စစ်ဆေးစုံစမ်းမည်ဆိုပါက မျက်မြင်သက်သေများက ထွက်ဆိုလိမ့်မည် မဟုတ်ကြောင်းပါဝင်သည်။ လမ်းခွကျေးရွာ၊ ဆယ်အိမ်မှူး ဦးဇော်ဂျက်က “ သူတို့က KIA မဟုတ်ဘူးဆိုတာကို ကျနော် လုံးဝအာမခံတယ်။ ဒီကိစ္စ ကို သေချာ မဖြေရှင်းပေးရင် တပ်နဲ့ ပြည်သူအကြား တိုင်းရင်းသားတွေ အကြား မုန်းတီးမှုကို ဖြစ်စေလိမ့်မယ်။ ကျနော် တို့က မြန်မာ့တပ်မတော်တခုလုံးကို တိုင်တာ မဟုတ်ဘူး။ လုပ်တဲ့ တပ်ရင်းတပ်ဖွဲ့အပေါ်မှာပဲ တရားဥပဒေအတိုင်း ဖြေရှင်းပေးဖို့ တိုင်ကြားတာ ဖြစ်တယ်လို့လည်း ကျနော်ပြောချင်ပါတယ်” ဟု ပြောသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီကို တိုင်ကြားထားသဖြင့် ထိုကော်မတီက မှန်မှန်ကန်ကန် စုံစမ်း စစ်ဆေးပြီး ရလာသည့် ရလာဒ်ပေါ်တွင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဘက်မလိုက်ပဲ ဆောင်ရွက်ပေးစေလိုသည် ဟု ဦးဇော်ဂျက်က ဆိုသည်။ ဧရာဝတီက ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၊ အဖွဲ့ဝင် ဦးဝင်းနိုင်က “ဌာနဆိုင်ရာတွေက ဖြေရှင်းချက်ပေးလာတဲ့အပေါ်မှာ ကာယကံရှင်တွေကို ပြန်ပို့တဲ့ အဆင့်ပဲ ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့ ကော်မတီက နည်းနည်းကျယ်ပြန့်တာလည်း ပါပါတယ်။ များသောအားဖြင့်ကတော့ တရားရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မကျေနပ်ရင် တရားရေးကော်မတီလွှဲရတာတို့ သီးသန့် ကော်မတီတွေကို ပို့ပေးရတာ တို့ ပိုများပါတယ်” ဟု ပြောသည်။ ဆက်လက်ပြီး ဦးဝင်းနိုင်က “တပ်နဲ့ ပတ်သက်တာကတော့ များသောအားဖြင့် ကျနော်တို့ ကော်မတီကို ရောက်လာရင် တပ်ကိုယ်စားလှယ်ကို ပို့တာတို့ သက်ဆိုင်ရာ ပြည်နယ်က လုံ/နယ်ကို ပို့တာတို့ အဓိက လုပ်ပါတယ်။ တပ်နဲ့ကျတော့ ကျနော်တို့ လွှတ်တော်မှာ သီးသန့်ကော်မတီ မရှိဘူးလေ” ဟု ပြောသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။ ကော်မတီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။ The post မိုင်းပေါက်ကွဲဒဏ်ရာဖြင့်သေဆုံးသူ ကချင်အမျိုးသား ၂ ဦး ကိစ္စ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီသို့ တိုင်စာပို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2wZlbbB
via IFTTT
No comments:
Post a Comment