လွှတ်တော် မေးခွန်းအပေါ် မွန် ဝန်ကြီးချုပ် နှင့် လွှတ်တော် ဥက္ကဋ္ဌ သဘောထားကွဲ မွန်ပြည်နယ် လွှတ်တော်တွင်း မေးခွန်း မေးမြန်းခြင်း နှင့် ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌ တို့ သဘောထား ကွဲလွဲမှု ဖြစ်ပွားကြကြောင်း သတင်းရရှိသည်။ မုဒုံ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသင်္ဂီမော် မေးမြန်းသော တိုင်ကြားခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သော မေးခွန်းအပေါ် ပြည်နယ် ဝန်ကြီးချုပ်က တုံ့ပြန်ရာမှ သဘောထား ကွဲလွဲမှု ဖြစ်ပွားကြောင်း သိရသည်။ စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသင်္ဂီမော် က “ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများကြားတွင် ဖြစ်ပွားနေသော ပြဿနာများနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးအား အကာအကွယ် ပေးနေပြီး ကျေးရွာသူ ကျေးရွာသား များကို ခြိမ်းခြောက် စစ်ဆေး နေမှုများအား ဖော်ထုတ် ပေးရန် ရှိ / မရှိ သိရှိလိုကြောင်း” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုမေးခွန်းသည် ပြည်နယ် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည့် မေးခွန်းဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာ အေးဇံက ပြန်လည်၍ ထောက်ပြ ဆွေးနွေးသည်။ “သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲ တွေကိုမှ ယုံကြည် လေးစားမှု မရှိရင် ကျနော်တို့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိခိုက်ပါတယ်၊ ကျနော်တို့ အစိုးရ အဖွဲ့ကို ထိခိုက်လာတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီး အနေနဲ့ စဉ်းစား ဆင်ခြင်ပြီး ခွင့်ပြု ပေးစေလို ပါတယ်”ဟု ဒေါက်တာ အေးဇံက ပြောဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးများအား စုံစမ်း စစ်ဆေးရာ၌ စစ်ဆေးရေး အဖွဲ့ကို ခရိုင်၊ မြို့နယ် အဆင့် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ ပညာရေး၊ မြေစာရင်း၊ မီးသတ်၊ ရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ဒေါက်တာ အေးဇံ က ဆက်လက်၍“မြို့နယ်မှာ လေးစား ကြည်ညိုဖွယ် ကောင်းတဲ့ ပုဂ္ဂိုလ်တွေ စုံစမ်း စစ်ဆေးမှုတွေ လုပ်တဲ့ အခါမှာ တဖက်သတ် ပြောမယ်လို့ လိုရာပြောမယ် ဆိုရင် ရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ပြည်သူလူထုကို ဟိန်းဟောက်ပြီး တဖက်သတ် မေးမြန်း ပြောဆိုတယ် ဆိုလို့ ရှိရင် ဥက္ကဋ္ဌကြီး လက်ခံပါသလား၊ ကျနော် လက်မခံဘူး” ဟုလည်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိကို မေးခွန်းထုတ်သည်။ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိကမူ လွှတ်တော် ကိုယ်စားလှယ်၏မေးမြန်းချက်သည် အစိုးရအား ထိခိုက်စေရန် မဟုတ် ဘဲ အစိုးရကို ထိန်းကျောင်းရန် တာဝန်ရှိသည့် လွှတ်တော်၏ တာဝန်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း လွှတ်တော် အစည်အဝေး အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် တုံ့ပြန် ဖြေကြားသည်။ ဒေါ်တင်အိက “အစိုးရကို ထိခိုက်တယ် ဆိုတာ မရှိပါဘူး၊ လွှတ်တော် တာဝန်က အစိုးရကို စောင့်ကြည့် ထိန်းကျောင်း ရတယ်၊ ဒီလို ပြောဆိုမှုဟာ ဥပဒေ လက်လွတ်ကို ပြောတာ၊ ပြောချင်လို့ကို ပြောတာ” ဟုလည်း ပြောသည်။ လွှတ်တော် လုပ်ထုံး လုပ်နည်း အရ မေးမြန်းမည့် မေးခွန်းများ နှင့် အဆိုများအား အစိုးရက ဖြေကြား ပေးနိုင်ရန် အတွက် လွှတ်တော် အစည်အဝေး မစတင်ခင် ၁၀ ရက် ကြိုတင်၍ ပေးပို့ထားရကြောင်း၊ ထိုစဉ်၌ ဖြေကြားရန် မလို သည့် မေးခွန်းများ၊ လွှတ်တော် ဥပဒေ၊ နည်းပဒေများနှင့် မညီသည့် မေးခွန်းများကို အစိုးရက လွှတ်တော်သို့ ပြန်လည် တင်ပြနိုင်ကြောင်း သိရသည်။ သို့သော် စက်တင်ဘာ ၁၂ ရက်နေ့က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မေးမြန်းခဲ့သည့် မေးခွန်းအား ထိုစဉ်က အစိုးရ အနေဖြင့် တစုံတရာ သဘောထား မပေးခဲ့ကြောင်း ဒေါ်တင်အိက ပြောဆိုသည်။ မုဒုံမဲဆန္ဒနယ် အတွင်းရှိ မှိန်းကနိမ်း ကျေးရွာနှင့် နိုင်လှုံလက်တက် ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ဌာနဆိုင်ရာ မြေ များ အား ရောင်းချခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ မလျော်သြဇာ သုံးခြင်းများနှင့် ပတ်သက်ပြီး တိုင်ကြားခံရ ကာ ထိုတိုင်ကြားမှု အပေါ် ပြည်နယ် အစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ စစ်ဆေးခဲ့စဉ် အထက်ပါ အတိုင်း မမှန်ကန်သည့် နည်းဖြင့် စစ်ဆေးခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အကြံပြုချက်၊ ပြည်နယ် အစိုးရအဖွဲ့၏ သုံးသပ်ချက် တို့ဖြင့် ထိုကျေးရွာ ၂ ရွာမှ အုပ်ချုပ်ရေး မှူး များကို ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တာဝန်မှ ရပ်ဆိုင်းစေခဲ့ပြီး ဖြစ်သည်ဟု ဒေါက်တာ အေးဇံ က ပြောသည်။ အဆိုပါ ဖြစ်စဉ်ကို ဥပမာပေး၍ ဒေါ်မြသင်္ဂီမော်က တင်ပြကာ လွှတ်တော်၌ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ယခု ပြုလုပ်နေသော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးအား စက်တင်ဘာလ ၄ ရက် နေ့မှ စ၍ ကျင်းပနေခြင်း ဖြစ်သည်။ The post လွှတ်တော် မေးခွန်းအပေါ် မွန် ဝန်ကြီးချုပ် နှင့် လွှတ်တော် ဥက္ကဋ္ဌ သဘောထားကွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2xmBvFt
via IFTTT
No comments:
Post a Comment