လက်ပံတောင်းစီမံကိန်းမှ ရေဆိုးမြောင်း တူးနေခြင်း ယာယီရပ်ဆိုင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စွန့်ပစ်ရေဆိုးထုတ်ရန် မြောင်းတူးနေခြင်းကို သက်ဆိုင် ရာ တိုင်းဒေသကြီးအစိုးရက ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ် တော် အမတ် ဒေါက်တာသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။ ဒေါက်တာသိန်းနိုင်က “အားလုံးကို ယာယီရပ်ဆိုင်းထားပါတယ်။ အစိုးရပိုင်းကနေ ကုမ္ပဏီကို ယာယီရပ်ဆိုင်းဖို့ ထုတ်ပြန် ထားတာပါ။ တိုင်းဒေသကြီး အစိုးရကလည်း မနေ့ကမှသိတော့ နောက်နောင် ဘာပဲလုပ်လုပ် ညှိနှိုင်း ပေါင်းစပ်ခြင်းနဲ့ ပွင့်လင်းမြင်သာမှုကို အဓိကထားဖို့ တိုင်းဒေသကြီး အစိုးရရဲ့ကိုယ်စား သက်ဆိုင်ရာ နယ်လုံဝန်ကြီးကနေ ကုမ္ပဏီကို ပြော ပြီးပါပြီ” ဟု ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အက်စစ်ညစ်ညမ်းရေများကို ချင်းတွင်းမြစ်ထဲ ဖောက် ချရန် ရေဆိုးမြောင်းတူးခြင်းကို လက်မခံသည့်အတွက် တုံကျေးရွာအုပ်စုနှင့် ဆည်တည်း ကျေးရွာမှ ဒေသခံ ၅၀ ကျော် သည် စက်တင်ဘာလ ၁၂ ရက်နေ့ မှစတင်ကာ ရေဆိုးမြောင်း တူးဖော်ခြင်းကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ မြောင်းတူးနေခြင်းကို ကန့်ကွက်ခဲ့သည့်အပြင် ရေဆိုးမြောင်းကိုလည်း ဖြိုချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဆားလင်းကြီးမြို့နယ် ဆည်တည်းကျေးရွာမှ ဒေါ်ရီဝင်းက “ဒီကုမ္ပဏီဘက်က သူတို့ဒီလိုလုပ်ချင်ပါတယ် ဆိုပြီးတော့ ဒေသခံတွေကို ခေါ်ပြီးတော့ ချပြတာ၊ ဆွေးနွေးတာမျိုးမရှိဘူး။ သူတို့က လုပ်ချင်သလို လုပ်နေတာက ဒေသခံတွေကို မလေးစားတဲ့ပုံလည်း ပေါက်တယ်။ လက်ရှိ အစိုးရကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ရမလားဆိုပြီး ဒေသခံတွေက မခံနိုင်လွန်းလို့ ဒီမြောင်းတွေကို ဖြိုချ ဖျက်ဆီးရတာ” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အပြင် ကုမ္ပဏီက တူးနေသော မြောင်းနေရာတွင် ဒေသခံတောင်သူများအနေဖြင့် ယာခင်းများ စိုက်ပျိုးနေကြခြင်း ဖြစ်၍ ယခုကဲ့သို့ တူးလိုက်ခြင်းအားဖြင့် ဒေသခံတောင်သူများ အခက်အခဲ တွေ့နေရကြောင်း ကန့်ကွက်ရာတွင် ပါဝင်သည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။ “ဒီရာသီက နှမ်းတို့၊ ပဲတို့ စိုက်ပျိုးရမယ့် အချိန်ရောက်နေပြီ။ ပဲကြဲဖို့ ထွန်ယက်ချိန် ရောက်နေပြီ။ အခုကျတော့ မြောင်း ကြီးတွေ တူးတာက ယာခင်းအလယ်ခေါင် တည့်တည့်ဆိုတော့ ဟိုဘက်လည်း မထွန်ရ၊ ဒီဘက်လည်း မထွန်ရတွေ ဖြစ်နေတာ။ အဲဒီ မြောင်းကြီးတွေကို ဖျက်ဆီးပြီး မြေတွေဖို့ပြီးမှ စိုက်ကြလို့ ရမှာပါ” ဟု၎င်းကပြောသည်။ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေး၊ ဆည်တည်း၊ ဆီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေး ရွာ အများအပြားမှ လယ်ဧက ၇၈၆၈ ဒသမ ၇၈ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်ယာမြေများသာမက စီမံကိန်းနှင့် မလွတ် သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။ လယ်သိမ်းဆည်းခံ ဒေသခံများက နှစ်စဉ်သီးနှံလျော်ကြေးပေးရန် သို့မဟုတ် နှစ် ၆၀စာ တွက်ချက်ပြီး လျော်ကြေးပေးရန် နှင့် နှစ် ၆၀စာ မပေးနိုင်သေးပါက ပြီးခဲ့သည့် ၅ နှစ်စာအတွက် လျော်ကြေးပေးရန် ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တွေ့ဆုံ ဆွေးနွေးစဉ် တောင်းဆိုခဲ့သည်။ သို့သော် လက်ရှိအထိ တိကျသည့် အဖြေ မရရှိ သေးပေ။ အဆိုပါကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင် ကုမ္ပဏီ တို့ ပူးပေါင်း၍ Myanmar Wanbao Mining Copper ltd အဖြစ် ၂၀၁၀ ခုနှစ် မေလတွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ The post လက်ပံတောင်းစီမံကိန်းမှ ရေဆိုးမြောင်း တူးနေခြင်း ယာယီရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2f8pHjo
via IFTTT
No comments:
Post a Comment