ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်း လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတယောက်ရဲ့ဘဝအစိတ်အပိုင်းကို များစွာသက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အစပိုင်းအချိန်တွေမှာ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စားလေ့စားထမရှိတဲ့ အစားအစာများကို ချင်ခြင်းတက်ခြင်းနဲ့ မိခင်ဘဝကို ကျင့်သားရအောင်နေထိုင်ရခြင်း စသဖြင့် ရှိကြပါတယ်။ သို့သော်လည်း ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်း လုပ်သင့်လားမလုပ်သင့်လားဆိုတာကလည်း မေးခွန်း ထုတ်စရာရှိနေတယ်။ လေ့ကျင့်ခန်းကို ကလေးမွေးဖွားချိန်အထိ ပုံမှန်အတိုင်းလုပ်ဆောင်မလား။ ဒါမှမဟုတ် ကလေးကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရပ်တန့်လိုက်မလားဆိုတာဟာ မိခင်လောင်းများကြား ဇဝေဇဝါ ဖြစ်နေဆဲပါပဲ။ လတ်တလော ကလေးမွေးဖွားထားသော အားကစားမယ်များဖြစ်တဲ့ ဆီရီနာဝီလျှံနဲ့ လော်ရာကန်နီတို့ဟာ အားကစား ပွဲများကို ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာသာမက မွေးခါနီးရက်သတ္တပတ်အလိုလောက်အထိ ဆက်လက် ယှဉ်ပြိုင်နေဆဲဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကိုကြည့်ပြီး စဉ်းစားစရာတွေဖြစ်လာပါတယ်။ အားကစားမယ်များ၊ နည်းပြများလည်း တွေးမိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အမေဖြစ်လာတော့မယ့်အုပ်စုနဲ့ အမေဖြစ်ပြီးသား အုပ်စုတို့ရဲ့ လေ့ကျင့်ခန်းလုပ်သင့် မလုပ်သင့်ဆိုတာနဲ့ပတ်သက်လို့ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခဲ့ကြတာကို ဖော်ပြပေးချင်ပါတယ်။ အားကစား နည်းပြတဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် နီကီက “ကျမရဲ့ကျွမ်းဘားသင်တန်းတွေကို ချက်ချင်း ရပ်ပစ်လိုက်ရတယ်။ ဇောက်ထိုးနေခြင်းက ကိုယ်ဝန်နဲ့ မသင့်တော်ဘူးလေ” လို့ဆိုပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘီလင်ဒါဆိုသူက “ကိုယ်ဝန် ပထမ ၈ ပတ်လောက်က ကျမမှာ တခုခုလုပ်ဖို့ အားအင် မရှိခဲ့ဘူး။ အခုတော့ ကျမ လေ့ကျင့်ခန်းလုပ်ပြီး အားပြန်ပြည့်လာခဲ့တယ်။ အင်အားသုံးပြီး ကစားရတဲ့ လေ့ကျင့်ခန်းတွေကိုလည်း နှစ်သက်လာတယ်” လို့ သူမရဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကတ်တလင်းက “ကျမကိုယ်ဝန်မဆောင်ခင်က ကောင်းကင်ကျွမ်းဘား လေ့ကျင့်ခန်းကို တစ်ပတ်မှာ လေးငါးကြိမ်လောက် ကစားလေ့ရှိတယ်။ ကိုယ်ဝန်ရလာတော့ လေ့ကျင့်ခန်းတွေကို ရပ်ထားပေမယ့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းနဲ့ တတ်နိုင်သလောက်လမ်းများများ လျှောက်တာတော့ ဆက်လုပ်ဖြစ်တယ်။ အရမ်းကြီးဖိအားများတာမျိုးတော့ မရှိဘူး”လို့ဆိုပါတယ်။ အသက်၂၂နှစ်အရွယ် မာရှာက “ကိုယ်ဝန်လနုချိန်မှာ ကျမရဲ့သားဖွားဆရာမက လေ့ကျင့်ခန်းမလုပ်ဖို့ အကြံပေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမခေါင်းအရမ်းမူးပြီး ဘာမှမစားချင်သလိုဖြစ်ခဲ့တယ်” လို့ ဆိုထားပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂျေ ကတော့ “ကျမ ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ပတ်သက်ပြီး ရှာဖွေဖတ်ခဲ့တယ်။ အသင့်အတင့် လေ့ကျင့်ခန်းက ကိုယ်ဝန်အတွက် ကောင်းစေတယ်လို့ သိရတယ်။ အသစ်အဆန်း လေ့ကျင့်ခန်းတို့ လေးလံတဲ့ပစ္စည်းမတာတို့ကိုတော့ အားမပေးထားဘူး။ ဒီ အကြံပေးချက်တွေက သိပ္ပံနည်းကျ ယုံကြည်စိတ်ချရတယ်။ ဒါကြောင့် ကျမအဆင်ပြေတယ်လို့ ယူဆထားတဲ့ လေ့ကျင့်ခန်းမျိုးတွေကိုပဲ လုပ်သွားမယ်လို့ ဆုံးဖြတ်မိတယ်” ဆိုပြီး မျှဝေထားပါတယ်။ “ကျွန်မကိုယ်ဝန်ဆောင်ချိန် ကစားရတဲ့ယောဂကို အချိန်ရသမျှ ကစားဖြစ်တယ်။ သို့သော်လည်း အလုပ်အတွက် ပြေးလွှားရ၊ ကလေးနှစ်ယောက်ထိန်းရနဲ့ ကျမမှာ လေ့ကျင့်ခန်းအတွက် အချိန် မနည်းရအောင်ကြိုးစားနေရတယ်” လို့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မာန်တာက ဆိုပါတယ်။ အသက်၃၂နှစ်အရွယ် ဒန်နီကတော့ “ ကိုယ်ဝန်လွယ်ထားချိန်မှာ လေ့ကျင့်ခန်းက အရမ်းအရေးကြီးတယ်လို့ ကျမထင်တယ်။ ကိုယ်ဝန်အတွက်ခံစားရတဲ့ လက္ခဏာတွေကို ခံနိုင်ရည်ရှိစေတယ်။ သက်သောင့်သက်သာ ဖြစ်စေတယ်လို့လည်း ခံစားမိတယ်။ မွေးဖွားဖို့အတွက် ကလေးအနေအထား မှန်စေတယ်။ မွေးဖွားချိန်မှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်ချက်တွေ ပြင်ဆင်ပေးပြီး မွေးရတာ လွယ်ကူစေမယ်လို့ ကျမ ယူဆတယ်” လို့ သူမရဲ့ ထင်မြင်ချက်များကို မျှဝေခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတဦး ကိုယ်ဝန်လွယ်ထားချိန်မှာ လေ့ကျင့်ခန်းလုပ်သင့်လား မလုပ်သင့်လား ဆိုတာကို ၎င်းရဲ့ကျန်းမားရေးပေါ်မူတည်ပြီး ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ http://www.bbc.com တွင် ဖော်ပြထားတဲ့ Exercise in pregnancy: Women discuss their experiences ဆိုတဲ့ သတင်းဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်း လုပ်သင့်လား၊ မလုပ်သင့်ဘူးလား appeared first on ဧရာဝတီ.
Source : http://ift.tt/2xMcSmD
via IFTTT
No comments:
Post a Comment