Tuesday, September 19, 2017


BMW အမည်ခံ တရုတ်ကား Brilliance ရောင်းချခွင့် လွှတ်တော် ခွင့်မပြု BMW ကုမ္ပဏီ၏ စည်းမျဉ်းများအတိုင်း ထုတ်လုပ်ထားသည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် Brilliance ကားကို မြန်မာကျပ် သိန်း ၁၃၀ ဖြင့် လွှတ်တော်အမတ်များသို့ အရစ်ကျစနစ်ပုံစံ ရောင်းချရန် Royal Naing Group ကုမ္ပဏီက ကမ်းလှမ်းခဲ့သော်လည်း လက်ခံမည် မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီက ပြောသည်။ “ကားက BMW စည်းမျဉ်းအတိုင်း တရုတ်နိုင်ငံက ထုတ်တဲ့ Brilliance ကားပါ။ တရုတ်ကားပါ။ အဲဒီကားဝယ်ဖို့ လွှတ်တော်ကလည်း သဘော မတူပါဘူး။ ကုမ္ပဏီက ရောင်းချင်ရင် သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့အညီ သွင်းလာတာကို ကိုယ်စားလှယ် တဦး ချင်းစီက ဝယ်နိုင်ပါတယ်။ သူ့ထိုက်သင့်တဲ့ အခွန်ကလည်း အများနည်းတူပဲ ပေးရမှာပါ။ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒါကို လက်မခံပါဘူး”ဟု အထက်ပါ ကော်မတီက အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောသည်။ ကိုယ်စားလှယ်များကို ကားရောင်းချရန် စည်းရုံးပြောဆိုခဲ့သည့် ကုမ္ပဏီမှာ Royal Naing Group ဖြစ်ပြီး မန္တလေး မြို့နှင့် မုံရွာမြို့တို့တွင် မန်းသစ္စာအမည်ဖြင့် ကားအရောင်းစင်တာများ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ ကုမ္ပဏီအနေဖြင့်လည်း ကားတင်သွင်းလိုပါက အခြား ကားရောင်းချသည့် ကုမ္ပဏီများနည်းတူ အခွန်၊ စလစ်တန်ဖိုးများ အပြည့်အဝ ပေးဆောင်ရမည် ဖြစ်ပြီး ကိုယ်စားလှယ်များကလည်း အများနည်းတူ အရစ်ကျစနစ်ဖြင့် ဝယ်ယူရမည် ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကလည်း “သူတို့ ရောင်းချင်လို့ လာကမ်းလှမ်းတဲ့ ကုမ္ပဏီ နာမည်က Brilliance ၊ သူတို့က ရောင်းချင်တော့ BMW လို့ ပြောတာပေါ့။ BMW ပစ္စည်းတွေ သူတို့ သုံးတာပါ။ BMW နဲ့ မော်ဒယ် အတူတူပါပဲ စသဖြင့်ပေါ့။ တကယ်လာပြီး ချိတ်ဆက်တာက Brilliance ပါ”ဟု ဧရာဝတီသို့ ပြောသည်။ သို့သော် လွှတ်တော် ကိုယ်စားလှယ်တချို့မှာ ၎င်းတို့ပြောသည့် ကားကို BMW ကားဟု ထင်မှတ်နေကြောင်း၊ အမှန်တကယ်တွင် BMW ကား မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် Brilliance ကားသာ ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီသို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစား နေဆဲ ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များကို အရင်ဆုံး ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း ဦးဖြိုးဇေယျာသော်က ရှင်းပြသည်။ “ကျပ်သိန်း ၁၃၀ ဝန်းကျင်ဆိုုတာ ကျသင့်မယ့် နှုန်းထားဘဲ ရှိပါသေးတယ်။ ကျန်တဲ့ အခွန်အခတွေ မပါသေးပါဘူး။ အခွန် မပေးရ ဘူးဆိုုတဲ့ကိစ္စလည်း လုံးလုံးမဆောင်ရဘူးဆိုတာ မဟုုတ်ပါဘူး။ တခုရှိတာက သူတို့ ကုမ္ပဏီက အခုမှစပြီး ဝင်လာမှာမို့ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်တွေကို အတတ်နိုင်ဆုံး ဈေးအချိုဆုံးဖြစ်အောင် ရောင်းပေးချင်တဲ့သဘောပါပဲ”ဟု ၎င်းက ဆိုသည်။ ကားတစီး တင်သွင်းပါက အခွန် ၃ မျိုး ပေးဆောင်ရပြီး ကိုယ်စားလှယ်များသည် အမြဲတမ်း ဝင်ငွေခွန်အပြည့် ဆောင်ရသူများ ဖြစ်၍ ငွေဖြူပြနိုုင်ပြီးသား ဖြစ်သောကြောင့် အခွန် ၃ မျိုးပေါင်းထဲမှ တစိတ်တပိုုင်း သက်သာခွင့် ရှိမလားဆိုသည့် အချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မေးမြန်းထားခြင်းသာ ဖြစ်ကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်ကလည်း “ကားတန်ဖိုး ၃၀ ရာခိုင်နှုန်း သွင်းပြီးရင် တလ ၃ သိန်းပဲ သွင်းရမှာ။ တော်တော်လည်း တန်တယ်။ ဒါပေမယ့် အများအမြင်မှာ မကောင်းနိုင်တာရယ်၊ အရင်ဝန်ကြီး ဦးစိုးသိမ်းတို့ လုပ်သွား တုန်းကလည်း ဝေဖန်မှုတွေ ရှိခဲ့တော့ ဒီအစီအစဉ်က မသေချာပါဘူး။ ဆင်ခြင်ရမယ့် အခြေအနေတွေလည်း ရှိတယ်”ဟု ပြောသည်။ “ကျနော်တို့ နားလည်တာကတော့ BMW လို့ပဲ နားလည်ထားတာ။ BMW ဆိုရင်တော့ တန်တယ်ပေါ့။ အစည်းအဝေး သွားတက်ခဲ့ တဲ့ ကိုယ်စားလှယ်တွေကလည်း BMW လို့ပဲ ရှင်းပြတာကိုး။ ကုမ္ပဏီက ရန်ကုန်-နေပြည်တော်ကို ဆီ ၈၀၀၀ ဖိုးပဲ ကုန်မယ်ဆိုပြီး တော့ ရှင်းပြသွားသေးတာ”ဟု ရန်ကုန်တိုင်းမှ ပြည်သူ့လွှတ်တော် အမတ်တဦးက ဆိုသည်။ ဧရာဝတီ၏ စုံစမ်းချက်များအရ ဂျာမနီ နိုင်ငံထုတ် ကမ္ဘာကျော် BMW ကားမဟုတ်ဘဲ BMW နည်းပညာဖြင့် တရုတ် နိုင်ငံထုတ် BMW အမည်ခံ တရုတ်ကားသာ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များမှာလည်း နားလည်မှု လွဲမှားခဲ့ပြီး ယင်းတံဆိပ်ဆိုပါက ဝယ်ယူလိုကြောင်း ပြောဆိုသည့် ကိုယ်စားလှယ်များလည်း ရှိခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ Shenyang မြို့ အခြေစိုက် Brilliance Auto Group သည် brilliance မော်ဒယ်လ် ကားများအပြင် BMW ကုမ္ပဏီနှင့် တွဲဖက်၍ ဖက်စပ်ကားထုတ်လုပ်မှုများလည်း ပြုလုပ်လျက်ရှိသည်။ ဆက်စပ် ဖတ်ရှုရန်- အမတ်တွေ ကျပ်သိန်း ၁၃၀ နဲ့ “BMW” ကား စီးနိုင်တော့မှာလား The post BMW အမည်ခံ တရုတ်ကား Brilliance ရောင်းချခွင့် လွှတ်တော် ခွင့်မပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2jGMwwk
via IFTTT

No comments:

Post a Comment