ရခိုင်ပြည်အရေး အကောင်းဘက်မှ ရှုကြည့်ခြင်း ပြဿနာတခု ဖြစ်လာသည့်အခါ နောက်ဆက်တွဲ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရသည်မှာ သဘာဝ။ ပြဿနာကို အခွင့်အရေးဟု မြင်သူ ရှားပေလိမ့်မည်။ အထူးသဖြင့် ပြိုင်ဘက်တွေ ပါဝင်နေတဲ့ နိုင်ငံရေး ဇာတ်ကွက် တခု ဆိုလျှင် ပိုဆိုးမည်။ ကစားပွဲတခုဟု စဉ်းစားမည် ဆိုလျှင်တော့ အနိုင်အရှုံး ရှိလာမည်။ ရိုးရှင်းသော ကစားပွဲတိုင်းတွင် အနိုင်အရှုံးက ဆုံးဖြတ်ရ လွယ်ကူသော်လည်း လူပေါင်းများစွာ၊ အာဏာအထိန်းအညှိ၊ စစ်အင်အားများ ဝင်လာသော ကစားပွဲ တပွဲဆိုလျှင် အရာအားလုံး ရှုပ်ထွေးလွန်းပါသည်။ အားလုံးက ငါတို့ နိုင်တယ် ဟု ပြောတတ်ကြသော်လည်း တကယ် အနိုင်၊ အရှုံး အတွက် အချိန်ကာလ တခုလည်း စောင့်ဖို့ လိုပါသေးသည်။ တချို့ကိစ္စများကို အနည်းငယ် ရိုးရှင်းအောင် simplification ပြုလုပ်ကာ နားလည် ကြည့်နိုင်ပါသည်။ ဆက်စပ် စဉ်းစားယူဆ ကြည့်ရသည့် သဘော ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်အရေးကိစ္စကို ကစားပွဲတခုကဲ့သို့ မြင်ကြည့်လျှင် လူ့အသက်ပေါင်းများစွာနဲ့ ရင်းနှီးပြီး ကစားရခြင်း ဖြစ်သည့်အတွက် မီးနဲ့ကစားသလို ဖြစ်နေမည်မှာ သေချာပါသည်။ ကစားပွဲတို့၏ ထုံးစံအတိုင်း တယောက်နိုင်လျှင် တယောက်က ရှုံးမည်သာ။ အားလုံး အတွက် နိုင်နိုင်တဲ့ (Win Win) အဖြေ ရှိလေမလား။ ရှိကို ရှိရမည် ဟု စဉ်းစားကြည့်လျှင် မည်သို့ ရှိမည်နည်း။ အားလုံးအတွက် အန္တိမအဖြေမှာ အားလုံး ငြိမ်းချမ်းသာယာစွာ အနာဂတ် လူ့ဘောင်တခုကို အတူတကွ တည်ဆောက်ကြသည် ဆိုသည့် အဖြေမျိုး ဖြစ်မည်။ အမှန်တကယ်တွင် အနာဂတ် အဖြေ မည်သို့ ဖြစ်ချင်သည် ဟူသည်ကပင် ရှုပ်ထွေးသော ကစားပွဲတို့ ထုံးစံအတိုင်း သဘောတူချင်မှ တူကြပေလိမ့်မည်။ အနေအထားတခု အဖြစ် အာစာ (ARSA) ကို ကိန်းသေထားမည်။ နိုင်ငံတော်နဲ့ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်သူများ အဖြစ် ယူဆကြည့်မည်။ အကြမ်းဖက်သမားများကို ဆန့်ကျင်တုံ့ပြန်ရမည်မှာ နိုင်ငံတော်၏ မူလဘူတ တာဝန်။ တခြား နိုင်ငံများတွင် နိုင်ငံတော်အကြီးအကဲက စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ကို လိုအပ်သလို ညွှန်ကြားကာ ကိုင်တွယ် ဖြေရှင်းလိမ့်မည်။ မြန်မာနိုင်ငံ အတွက်တွင်မူ အကြမ်းဖက်မှုကို တုံ့ပြန်ရန် အဓိက ကီးပလေယာ ၃ ခု ပါသည်။ တစိတ်တပိုင်း အရပ်သားအစိုးရ၊ စင်မြင့်ပေါ်က ဟု ယူဆခံထားရသော တပ်မတော်နှင့် ရခိုင်နိုင်ငံရေးပါတီဝင်များ အပါအဝင် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီများ အုပ်စုတို့ ပါဝင်ကြမည်။ နိုင်ငံတော် အကျိုးစီးပွားဆိုသည့် ဘုံရည်မှန်းချက်ကို ထူးထူးခြားခြား ရှာဖွေ မနေရဘဲ ရောက်လာသည်။ အရပ်သားအစိုးရ အတွက် စစ်တပ်နှင့် မည်သို့ ပူးပေါင်းပြီး ကိုယ့်တိုင်းသူပြည်သားများကို လက်ဖျားနှင့် အတို့မခံ ကာကွယ်နိုင်ကြောင်း ပြသဖို့ အခွင့်အရေး ဖြစ်သည်။ တနည်း စစ်တပ်ဘက်က လက်ရှိအစိုးရ၏ ဦးဆောင်နိုင်စွမ်းကို လက်တွေ့မြင်ခွင့် ရစေမည့် ပွဲ ဖြစ်သည်။ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်နှင့် တိုက်ခိုက်ခြင်း မဟုတ်တဲ့ အတွက် စစ်တပ်ကို ထောက်ခံမှု ပြနိုင်သည်။ နိုင်ငံတကာတွင်လည်း ဝေဖန်မှုများကို ပါးနပ်စွာ သံခင်းတမန်ခင်းကျကျ တုံ့ပြန်နိုင်ကြောင်း ပြရမည်။ အခြားတဖက်မှလည်း ပြည်သူနှင့်အတူ တသားတည်း ကျကြောင်း ပြနိုင်မည်။ ရွေးကောက်ပွဲ အဆက်ဆက် မထောက်ခံခဲ့သော ရခိုင်တိုင်းရင်းများနဲ့ ယုံကြည်မှူ တည်ဆောက်နိုင်မည်။ အမျိုးသား ရင်ကြားစေ့ရေး၏ အစိတ်အပိုင်းတရပ်အဖြစ် ရှုမြင်နိုင်မည်။ တပ်မတော် အတွက်လည်း အခွင့်အရေးကောင်း အဖြစ် မြင်နိုင်မည်။ အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော် လုံခြုံရေးကို အပြည့်အဝ ထမ်းဆောင်နိုင်ကြောင်း လက်တွေ့ ပြသခွင့်ရသည့် အခွင့်အရေး ဖြစ်သည်။ ဤနည်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခကို လျော့ချကာ ပြည်သူထောက်ခံမှုကို ရယူနိုင်မည်။ ပရော်ဖက်ရှင်နယ် ဆန်သော၊ လူ့အခွင့်အရေး လေးစားသော၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်သော တပ်မတော် အဖြစ် ပုံဖော်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။ စမ်းသပ်ချက်ဟုလည်း ဆိုနိုင်မည်။ နိုင်ငံရေးပါတီများ အနေနှင့် အစိုးရကို ဝေဖန်ရုံသက်သက် မဖြစ်သင့်။ ပါတီနိုင်ငံရေးထက် ပိုအရေးကြီးသော နိုင်ငံ့အရေးတွင် လိုအပ်လာပါက ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြသခွင့် ရသည့် အခွင့်အလမ်း ဖြစ်ပါသည်။ အထူးသဖြင့် ပြည်နယ်အတွင်း အင်အားကြီး ပါတီအနေဖြင့် လက်ရှိအချိန် ပါဝါလွန်ဆွဲပွဲထက် ပြည်ထောင်စုအကျိုးကိုလည်း ကြည့်တတ်သော ပါတီတရပ်အဖြစ် ပုံရိပ်မြင့်တင်နိုင်သလို လက်တွေ့ ပြည်သူတို့ အတွက် အကျိုးရှိသော အလုပ်များကို လုပ်နိုင်သည်။ နှစ်ကာလ များစွာ ပျက်ယွင်းခဲ့သော ယုံကြည်မှုကို ပြည်မပါတီ၊ တပ်မတော်တို့နှင့် လက်တွဲ အလုပ် လုပ်ကြည့်ခွင့် ရယူခြင်းဖြင့် တည်ဆောက်နိုင်သည်။ အခြား စဉ်းစားစရာ အချက်များလည်း ထည့်သွင်းနိုင်ပါသေးသည်။ ကစားပွဲပလေယာများကို အသီးသီး အားပေးသူများ၊ ထောက်ခံသူများကလည်း ကိုယ်သာဆို ဘယ်လို ကစားမည်၊ ဝင်စဉ်းစားနိုင်သည် စသဖြင့် အားပေးအားမြောက် ပြုနိုင်သည်။ တချိန်တည်းမှာပင် ကစားပွဲတို့ ထုံးစံအတိုင်း ပရိတ်သတ်များက ပွဲဖျက်သူ ဖြစ်လာနိုင်ပါသည်။ နောက်ခံ နိုင်ငံရေးရေချိန်နှင့် နိုင်ငံရေးယဉ်ကျေးမှုကလည်း အဓိကကျသည့် အချက်ဖြစ်မည်။ အဖြူအမည်း၊ သူ့လူ ငါ့လူ၊ ခွဲခြားတတ်ခြင်းက ကြီးမားသော အခြေခံအကြောင်း အချက် တခု ဖြစ်မည်။ ပရိသတ်များရဲ့ ရေချိန်ကို ညွှန်ပြနေသည့် လတ်တလော သီးခြား ဥပမာတခုမှာ တပ်မတော်က သတင်းသမားများအား တရားစွဲဆိုမှုများကို ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြိုဆိုရမည့် လုပ်ဆောင်မှု အတွက် တုံ့ပြန်မှုများက မေးခွန်းထုတ်စရာ ကောင်းသည်။ မည်သည့် အကြောင်းကြောင့် တရားစွဲသည် ဖြစ်စေ ကောင်းမွန်သည့် လုပ်ဆောင်မှုကို အသိအမှတ်ပြုရမည်၊ အမှတ်ပေးရမည်သာ။ ယင်းသို့ အမှတ်ပေးခြင်းသည် အားလုံးကောင်းသည့် ဘက်သို့ ပြောင်းသွားပြီ ဟု ထောက်ခံခြင်း မဟုတ်။ ကောင်းမွန်မြင့်မြတ်သည့် အပြုအမူအတွက် အသိအမှတ်ပြု ချီးကျူးခြင်းသည် လူကြီးလူကောင်းတို့၏ အလုပ်ပင် ဖြစ်၏။ နောက်ထပ် ရေချိန်ပြဿနာမှာ အရာရာကို ရောရောနှောနှော လုပ်ကာ ကြည့်မြင်ကြခြင်း ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေးကို ရှေ့တန်းတင်လွန်းသည့် အမြင်များ လွှမ်းမိုးနေခြင်းက ကစားပွဲအနေထားကို ခက်ခဲစေသည်။ လူတယောက် မကောင်းလျှင် လူမျိုးတခုလုံး၊ ဘာသာတခုလုံးကို မြင်ယောင် ပြောဆိုကြခြင်းက ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ ထင်ယောင်မှားမှုများကို ပိုများစေသည်။ နိုင်ငံတွင်း အခြားနေရာများ၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်။ အစိုးရကို ပိုပြီး အကျပ်ရိုက်စေသည်သာ အဖတ်တင်မည်။ ဥပမာ၊ လတ်တလော တောင်တွင်းကြီးကိစ္စ။ သို့တစေ ကစားပွဲတွင် မည်သူမျှ အရှုံးမရှိ။ အားလုံး ပူးပေါင်းဆောက်ရွက်သည့် အတွက် အပြစ်မဲ့သည့် ပြည်သူ့များ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်သွားသည်ဟု အန္တိမ ရည်မှန်းချက် အဖြစ် မျှော်မှန်းကြည့်နိုင်သည်။ ပိုပြီးကောင်းသည့် အနာဂတ်တခုကို စိတ်ကူးကြည့်မည် ဆိုလျှင် ကစားပွဲတွင် နောက်ထပ် အရေးကြီးပလေယာ တယောက်ကို ဘယ်လိုနေရာပေးမည်နည်းဟု စဉ်းစားရမည်။ အကြမ်းသမားလည်း မဟုတ်သော၊ အကြမ်းဖက်မှုလည်း လက်မခံသော၊ တိုင်းပြည်တွင်း အေးအတူပူအမျှ နေလိုသော မွတ်စလင်အသိုက်အဝန်းကိုရော ဘယ်လို အခင်းအကျင်းဖြင့် ပါဝင်ကစားခွင့် ပြုနိုင်မည် ဆိုသည်က စိတ်ဝင်စားစရာ ကောင်းသည့် မေးခွန်း။ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာသည် ထိုအတွက် အဖြေဖြစ်သည် ဟု လတ်တလော အားလုံးက သဘောတူထားကြ သည်။ ကစားပွဲတွင် မည်သူ ခြေစွမ်းပြကာ တာဝန်ကျေ ကစားနိုင်သည် ဆိုသည့် အချက်ကို ပြည်သူတို့၏ နားနှင့် မျက်စိများက စောင့်ကြည့်ကြပေလိမ့်မည်။ ပလေယာအသီးသီးက နိုင်ငံနှင့် ပြည်သူ၏ အကျိုးစီးပွားကို ဦးထိပ်ထားနိုင်ကြ ပါစေ ဟုလည်း ဆန္ဒပြုလိုက်ရပါသည်။ (လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။) The post ရခိုင်ပြည်အရေး အကောင်းဘက်မှ ရှုကြည့်ခြင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2wlsaOQ
via IFTTT
No comments:
Post a Comment