Friday, September 22, 2017

burma.irrawaddy.com

မန်း သပိတ်ကျင်းတွင် ဥပဒေမဲ့ ရွှေတူးယူမှုများ တိုင်ကြားစေလို မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း ရွှေတောတွင် ဥပဒေမဲ့ ရွှေတူးဖော်မှုများ ရှိပါက ဒေသခံများအနေဖြင့် တိုင်ကြား ရန် လိုအပ်ကြောင်း တိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ဧရာဝတီကို ပြော သည်။ “လုပ်ကွက်သက်တမ်းကုန်ပြီး ဆက်လုပ်နေတယ်။ အဲဒါဆိုရင် တရားဥပဒေနဲ့ ငြိတယ်။ ဥပဒေကို ချိုးဖောက်နေတာကို သိရင် တိုင်ပါ။ အုပ်စု အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာ ရဲစခန်းဖြစ်ဖြစ် တိုင်ပါ။ အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရွှေတူးတဲ့ ကုမ္ပဏီအကြား သူတို့အချင်းချင်း ဘယ်လိုတွေ လုပ်နေလဲတော့ မသိဘူး။ တိုင်တာက ရုံးအထိ ရောက်လာ တာ များများစားစား မရှိသေးဘူး။ ဒေသအကျိုးမပြုဘူး ခိုးတူးနေတယ် ဆိုရင် တိုင်ပါ။ ဒါပေမဲ့ တိုင်တဲ့လူကလည်း တာဝန်ခံပါ။ ဒါမှသာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်မှာပါ ”ဟု ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ သပိတ်ကျင်းဒေသတွင် တရားမဝင် ရွှေတူးဖော်မှုများ၊ ကုမ္ပဏီအချို့က ၎င်းတို့၏ သက်တမ်းကုန် လုပ်ကွက်များတွင် ဆက်လက် ရွှေတူးဖော်ခြင်းများ ရှိနေခြင်း၊ သတ္တုတွင်းဦးစီးဌာနက ရွှေတူးဖော်ရေးကုမ္ပဏီများမှ ၎င်းတို့လုပ်ကွက်နှင့် သက်ဆိုင်သည့် အချက်အလက်များ အများပြည်သူသိရန် ဗီနိုင်းများဖြင့် ထုတ်ပြန်ရမည်ဟု ညွှန်ကြားချက် ရှိသော် လည်း ဆောင်ရွက်မှု နည်းပါးခြင်း၊ ကန့်သတ်ထားသော ဆိုင်ယာနိုက် ဓာတုဆေး အသုံးပြု၍ ရွှေသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ သပိတ်ကျင်း ရွှေတောတွင် ရွှေတူးဖော်ရေးကုမ္ပဏီ ၂၅ ခုက လုပ်ပိုင်ခွင့် ရရှိထားပြီး ရွှေလုပ်ကွက် ၈၀ ချထားပေး သည့်အနက် လုပ်ကွက် ၄၇ ခုသည် သက်တမ်းကုန်ပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ အဆိုပါ သက်တမ်းကုန် လုပ်ကွက် ၄၇ ခုတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ လုပ်ကွက် ၂၅ ကွက်သည် ယခုနှစ် သြဂုတ်လတွင် သက်တမ်းကုန်ပြီဖြစ်ကြောင်း သတ္တုတွင်းဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ အစိုးရသစ်လက်ထက်တွင် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းစေမည့် အစီ အမံများ (Environmental Management Plan) ရေးဆွဲပြီးမှ ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ရာ လက်ရှိတွင် နိုင်ငံတော် အဆင့် ရေးဆွဲဆဲကာလ ဖြစ်သောကြောင့် သက်တမ်းကုန်သွားသည့် လုပ်ကွက်များ သက်တမ်းတိုးပေးခြင်းကို တနိုင်ငံ လုံးအနေဖြင့် ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာမှ ဦးမောင်ကြီးက “ကျနော်တိုင်တဲ့ တိုင်စာမိတ္တူတွေကို စုပြီး ရောင်းစားရင် တောင် ကားဝယ်စီးလို့ ရနေပြီ။ တရားမဝင် ရွှေတူးနေတာတွေ တေ့ွလို့ တိုင်တယ်။ သူတို့က ဖမ်းဖို့ အစည်းအဝေး လုပ်တုန်းရှိသေး ခိုးတူးတဲ့လူက ပြေးပြီ။ အဲဒီတော့ ဖမ်းမယ့်သတင်းက ဘယ်လိုလုပ် ပြန့်လဲဆိုတာ သူတို့မှ သိမယ်။ ကြာတော့ ဒေသခံက ယုံကြည်စရာလူ တကွက်မှ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။ ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်းနှင့် စဉ့်ကူး စသည့် ရွှေထွက်ရာဒေသတွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က တလခြားတခါ ရွှေတူးဖော်ရေးကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးမှုများ ရှိကြောင်း၊ ယခုလ ၁၈ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်မှ ရွှေတူးဖော်ရေး ကုမ္ပဏီများကို ဒုတိယအကြိမ် စစ်ဆေးခဲ့ကြောင်း သပိတ်ကျင်း မြို့နယ် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးခင်မောင်ရွှေက ဧရာဝတီကို ပြောသည်။ “ပူးပေါင်းအဖွဲ့က တလကို ကုမ္ပဏီ ၅ ခု စိစစ်ပါတယ်။ စစ်ဆေး တွေ့ရှိချက်တွေကို နေပြည်တော်ကို အစီရင်ခံစာ တင်ရပါတယ်။ စစ်ဆေးသလောက်တော့ ဥပဒေနဲ့ မညီတာတွေ မတွေ့သေးပါဘူး” ဟု ၎င်းက ပြောသည်။ ယင်းပူးပေါင်းအဖွဲ့တွင် တိုင်းအဆင့် ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန၊ စီမံကိန်းလုပ်ငန်း စစ်ဆေးရေးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်း၊ သစ်တောတို့ ပါဝင်ကြောင်း သိရသည်။ ရွှေလုပ်ကွက်များက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းသောကြောင့် သပိတ်ကျင်းမြို့နယ်ရှိ အချို့ကျေးရွာ များတွင် သောက်သုံးရေ ရှားပါးလာခြင်း၊ မိုးရာသီတွင် တောင်ကျရေကြောင့် အိုးအိမ်များ ပျက်စီးခြင်း စသည့် အခက် အခဲများ ကြုံတွေ့ရခြင်းကြောင့် တိုင်းအစိုးရအဖွဲ့အနေဖြင့် ရွှေတောဒေသများတွင် ဒေသခံများ အတွက် ရေရှည်စီမံ ချက်များ ရေးဆွဲ၍ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ The post မန်း သပိတ်ကျင်းတွင် ဥပဒေမဲ့ ရွှေတူးယူမှုများ တိုင်ကြားစေလို appeared first on ဧရာဝတီ.
Source : http://ift.tt/2hjJXiX
via IFTTT

No comments:

Post a Comment