NLD မြို့နယ် အလုပ်အမှုဆောင် တဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းမိ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလုပ်အမှုဆောင် တဦးကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စိတ်ကြဆေးပြား ၁၅ ပြားနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းက အတည်ပြု ပြောဆိုသည်။ သံဖြူဇရပ်မြို့နယ် NLD ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ဦးထွန်းဝင်းသည် ကျိုက္ခမီ မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ၎င်းအား သတင်းအရ ရှာဖွေ ဖမ်းဆီးခဲ့စဉ် ဆိုင်ကယ် ဦးထုပ်အတွင်း ယူဆောင် လာသည့် စိတ်ကြွဆေးပြားများအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တာဝန်ကျ တာဝန်မှူး ရဲအုပ် မင်းဌေးမောင်မောင် က “အတည်ပြု ပါတယ်။ မနေ့က (စက်တင်ဘာ ၂၀) ရက်နေ့က ဖမ်းမိ တာပါခင်ဗျ၊ သူက NLD သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ၊ သံဖြူဇရပ် မြို့နယ်က” ဟု ဧရာဝတီသို့ ပြောသည်။ ဦးဝင်းအား စိတ်ကြွှဆေးပြားနှင့် အတူ ဖမ်းဆီးရမိခဲ့စဉ် (ဓါတ်ပုံ – ကျိုက်မရော/မုဒုံ သတင်းစုံ/Facebook) ဦးထွန်းဝင်းသည် အန်အဲလ်ဒီပါတီ၏ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်ကို ပါတီကလည်း သိရှိပြီးဖြစ်ကြောင်း မွန်ပြည်နယ် အန်အဲလ်ဒီပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ကလည်း အတည်ပြု ပြောဆိုသည်။ ဒေါက်တာ ခင်ဆောင် က “ကျနော်တို့ပါတီ မြို့နယ်အလုပ်အမှုဆောင်၊ ပြန်ကြားရေး တာဝန်ခံလဲ ဟုတ်ပါတယ်၊ ကျနော့်ကို သံဖြူဇရပ် မြို့နယ် ပါတီဥက္ကဋ္ဌက လှမ်းပြီး အကြောင်းကြားလို့ ကျနော်သိရပါတယ်။ ဆေးပြားနဲ့ အတူ မိတယ်လို့ ပြောတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။ လက်ရှိတွင် ဦးထွန်းဝင်း အား သံဖြူဇရပ် မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး ပုဒ်မ ၁၅/ ၁၆ (ဂ) / ၂၀ (က) ပုဒ်မ (၃) ခုတို့ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် ဦးထွန်းဝင်းသည် NLD ပါတီဝင် ဖြစ်သည့် အတွက် ရဲလုပ်ထုံး လုပ်နည်းဖြင့် အရေးယူ ပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင်၏ ဆုံးဖြတ်ချက်များဖြင့် ၎င်းအား ပါတီမှ ဆက်လက် အရေးယူ သွားရန် ရှိသေးကြောင်း ဒေါက်တာ ခင်ဆောင်မှ ဆိုပါသည်။ The post NLD မြို့နယ် အလုပ်အမှုဆောင် တဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2xk1jA9
via IFTTT
No comments:
Post a Comment