ရခိုင်ပြည်နယ် တည်ငြိမ်ရေးကြိုးပမ်းနေဟု ကုလ ညီလာခံ၌ ဒု-သမ္မတ ပြော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေများ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြား သွားသည်။ အမေရိကန် နိုင်ငံ နယူးယောက် မြို့တွင် ကျင်းပနေသည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ စက်တင်ဘာလ ၂၀ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူ က “ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးအရ၊ သဟဇာတရှိမှု ရရှိရေး ကြိုးပမ်းနေချိန်နဲ့ တဆက်တည်း ဒေသဖွံ့ဖြိုး တိုးတက်မှု ရရှိစေဖို့အတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ လွယ်ကူတဲ့ လုပ်ငန်းတွေ မဟုတ်ပါ” ဟု ဆိုသည်။ ၎င်းက ဆက်၍ “ဒေသတွင်းမှာ နေထိုင်ကြတဲ့ အသိုက်အဝန်းများအကြား နားလည်ယုံကြည်မှု သဟဇာတ ရှိမှုတွေ ပြန်လည်ရရှိလာစေမယ့် ပတ်ဝန်းကျင်တရပ် ဖော်ဆောင်နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အပြန်အလှန် မယုံကြည်မှုတွေ တဖြည်းဖြည်းပပျောက်သွားအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။ ကုလသမဂ္ဂ ညီလာခံတွင်ပြောကြားခဲ့သော ဒုသမ္မတ၏ မိန့်ခွန်းသည် စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားခဲ့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲမှ အချက်အလက်များကို အဓိကထား ကောက်နှုတ်၍ ပြောဆို သွားသကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး အနောက်နိုင်ငံ အချို့ သိစေလိုသည့် အချက်အလက်များကိုလည်း ရှင်းလင်း ပြောဆိုသွားသည်။ ဒုသမ္မတ က မြန်မာအစိုးရအနေဖြင့် လက်ရှိကျင်းပနေသော ညီလာခံကြီးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမှုအသိုက် အဝန်းများ အတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အရေးကြီးသည့် သုံးသပ်ချက် များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ရာတွင် ရရှိသော အောင်မြင်မှုများကို ကမ္ဘာက သိစေရန် ပြောကြားဖို့ အခွင့် အလမ်း တရပ်ဖြစ်မည်ဟု မျှော်လင့်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ထိုကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထွက်ရှိလာပြီး နာရီပိုင်းအတွင်းမှာပင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲစခန်းပေါင်း ၃၀ ကို တပြိုင်တည်း အကွက်ကျကျ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် အနေအထားကို အလေးထားပြောကြားရမည့် အခြေအနေ ဖြစ်ပေါ်လာရကြောင်း ပြောသည်။ “ယခုလို မိမိတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးမှုတွေဟာ မွတ်ဆလင်များနဲ့ ရခိုင် တိုင်းရင်းသားတွေ သာမကပဲ လူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အခုတိုင်းရင်းသား လူနည်းစုတွေ ရှိနေတာရယ်၊ သူတို့လည်း ထိခိုက်ခံစားခဲ့ကြရတယ် ဆိုတာတွေကို ကမ္ဘာ့နိုင်ငံ အတော်များများဟာ မသိရှိကြပါ ဘူး” ဟု ဒုသမ္မတ က ပြောသွားသည်။ ARSA အကြမ်းဖက်အဖွဲ့က ရဲစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းရေးပြုလုပ်ရာတွင် ယင်းဒေသရှိ မွတ်ဆလင် အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်မှုရှိကြောင်း စွပ်စွဲမှုများ ရှိနေသကဲ့သို့ ယင်းဒေသရှိ မွတ်ဆလင် ၄ သိန်းဝန်းကျင်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခိုလှုံနေရကြောင်း သတင်းဖော်ပြ ချက်များလည်း တွေ့ရှိရသည်။ “အခုလို လူအများအပြား ရွှေ့ပြောင်းတိမ်းရှောင်ကြရခြင်းရဲ့ အကြောင်းရင်းကို မိမိတို့ ရှာဖွေကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ လူသိနည်းတဲ့အချက်ကတော့ မူဆလင် အများအပြားဟာ ၎င်းတို့ရဲ့ နေအိမ်များမှာ ဆက်လက်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ် ဆိုတာပဲ ဖြစ်ပါတယ်” ဟု ဒုသမ္မတက ရှင်းလင်းပြောဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်၍ ပြောကြားခဲ့သောမိန့်ခွန်းတွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့့် ၁၉၉၃ ခုနှစ်သဘောတူညီချက်အရ ဒုက္ခသည်များ စိစစ်လက်ခံရေး လုပ်ငန်းများ စတင်ရန် အသင့်ရှိကြောင်း ပြောထားသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးသည် အစိုးရ၏ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း အကူအညီလိုအပ်ကြသော ပြည်သူများအားလုံး ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်း စာနာမှု အကူအညီများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် စစ်မှန်သည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း ရှေ့ခရီးလမ်းသည် ခက်ခဲနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ထိလွယ်ရှလွယ် အခြေအနေတွင် နိုင်ငံတကာမှ ထောက်ခံ အားပေးရန် ဒုသမ္မတ ဟင်နရီဗန်ထီးယူက မေတ္တာရပ်ခံလိုက်သည်။ သို့သော် ဗြိတိန်နိုင်ငံက ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေကြသည့် မြန်မာ့ တပ်မတော် အရာရှိများကို သင်တန်းဆိုင်းငံ့ လိုက်သဖြင့် အရာရှိ ၅ ဦးကို အမြန်ဆုံး ပြန်လည်ခေါ်ယူမည်ဟု တပ်မတော်ဘက်က စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်သည်။ ပြင်သစ်သမ္မတ အီမန်နျူယာယ် မက်ခရွန် (Emmanuel Macron) ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေများသည် လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်ကြောင်း ပြင်သစ်ရုပ်သံမှတဆင့် ပြောဆိုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဥရောပနိုင်ငံများ၏ သံတမန်ရေး ဖိအားများ တိုးနေသော်လည်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီး လူသားချင်းစာနာမှု အထောက်အပံ့များ အမြန်ဆုံး ပို့ဆောင်ရေး မြန်မာအစိုးရ၏ ဆောင်ရွက်ချက်ကို အနီးကပ်လေ့လာနေသည်။ တရုတ်၊ ရုရှနှင့် အိန္ဒိယ အစိုးရများကလည်း မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်း ပြောဆိုထားသည်။ The post ရခိုင်ပြည်နယ် တည်ငြိမ်ရေးကြိုးပမ်းနေဟု ကုလ ညီလာခံ၌ ဒု-သမ္မတ ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2fCFynr
via IFTTT
No comments:
Post a Comment