SME လုပ်ငန်းများ အတွက် ငွေ ဘီလီယံနှင့်ချီ၍ ချေးငွေထုတ်ပေးရန် စီစဉ်နေ မြန်မာနိုင်ငံအတွင်းရှိ SME အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နှစ်ဆင့်ခံ ချေးငွေရရှိ နိုင်ရန် နိုင်ငံတော်အစီအစဉ်ဖြင့် တိုက်ရိုက် ကူညီပေးမှုအနေဖြင့် ကျပ် ဘီလီယံနှင့် ချီ၍ ငွေထုတ်ချေးကာ ကူညီထောက်ပံ့ရန် စီစဉ်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လကုန်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် အဆိုပါ အစီအစဉ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍတိုးတက်ရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ဧရိယာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အစိုးရက ပြုလုပ်မည့် နှစ်ဆင့်ခံ ချေးငွေ အစီအစဉ် ဆိုသည်မှာ အစိုးရပိုင်းက ပြည်ပချေးငွေ အကူအညီများ ဦးစွာရယူပြီးနောက် ပြည်တွင်း SME လုပ်ငန်းများကို တဆင့်ပြန်လည် ချေးပေးမည့် အစီအစဉ်ပုံစံမျိုးဖြစ်သည်။ “SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် မလာခြင်းက လိုအပ်သလောက် ချေးငွေ မရရှိတာက အဓိက ကျတယ်၊ အခြေခံ အားဖြင့် မရှိမဖြစ် လိုတာက ချေးငွေအပြင် နောက်ထပ် ထည့်တွက်ရမယ့် ကိစ္စတွေကလည်း အများကြီး ရှိနေပေမယ့် အရင်းအနှီးရှိရင် နည်းပညာပိုင်းအတွက် အဆင်ပြေနိုင်တယ်၊ ပြည်တွင်း လုပ်ငန်းတွေရဲ့ အခက်အခဲက အရင်းအနှီး လိုအပ်ချက် ကြီးမားနေတဲ့အချက် ဖြစ်တယ်၊ ဒါကို အကူအညီပေးမယ်ဆိုတော့ SME လုပ်ငန်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာ မယ်”ဟု မန္တလေးစက်မှုဇုန်မှ အသေးစားလုပ်ငန်းရှင် ဦးကျော်မင်း က ပြောသည်။ အစိုးရသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု လုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ ဒေသအလိုက် ထုတ်ကုန်လုပ်ငန်းများ သာမက ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် ထုတ်ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဆောင်ရွက်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထား ကူညီပံ့ပေးရန် ဆောင်ရွက်ထားကြောင်း သိရသည်။ “SME လုပ်ငန်းတွေအတွက် ချေးငွေအပြင် နည်းပညာပိုင်းကိုလည်း အစိုးရက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ရှာဖွေတင်သွင်းပေးနိုင်ဖို့ လိုတယ်၊ သင်တန်းတွေ အများအပြား လိုအပ်တယ်၊ နည်းပညာ ကောင်းမှသာ အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ်လုပ်နိုင်မှာ ဖြစ်တယ်၊ နောက်ပြီး ဈေးကွက်ရှာဖွေပေးနိုင်ဖို့လည်း လိုအပ်တယ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်များက ကိုယ်တိုင် ဈေးကွက်လိုက်ရှာဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မန္တလေးစက်မှုဇုန်များ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ကိုမောင်မောင်ဦးက ရှင်းပြသည်။ စိုက်ပျိုးရေးကဏ္ဍတွင်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံစိုက်ပျိုးစရိတ် ချေးငွေသာ ထုတ်ချေးပေးနိုင်သေးပြီး အနာဂတ်ကာလတွင် စိုက်ပျိုးခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ လယ်ယာသုံး စက်ကိရိယာဝယ်ယူခြင်း၊ ကြိတ်ခွဲရောင်း ချခြင်းနှင့် နိုင်ငံခြားပို့ကုန်ဈေးကွက်ရှာဖွေခြင်းစသည့် အပိုင်းများအတွက်အထိ ချေးငွေထောက်ပံ့ကူညီရန် စီစဉ်ထား ကြောင်း သိရသည်။ ဆောက်လုပ်ရေးကဏ္ဍတွင်လည်း ဈေးကွက်အေးစက်နေမှုကြောင့် အခက်အခဲရှိနေသည့် လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းအဆုံးသတ်ရန် ခက်ခဲနေသည့် လုပ်ငန်းများအနက် အလားအလာကောင်းသော လုပ်ငန်းများကို ငွေပင်ငွေရင်း ဖြည့်တင်းပေးသွားရန် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖွံ့ဖြိုးရေးဘဏ်တခု ထူထောင် ရန်လိုအပ်ပြီး အစိုးရက ငွေထုတ်ချေးမည့်အစီအစဉ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တခုကိုပါ ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ The post SME လုပ်ငန်းများ အတွက် ငွေ ဘီလီယံနှင့်ချီ၍ ချေးငွေထုတ်ပေးရန် စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2eUOSSY
via IFTTT
No comments:
Post a Comment