ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရန် မသင့်ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်ပြော မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသူ မွတ်စလင်များ အပေါ် ဆက်ဆံပုံနှင့် ပတ်သက်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသော ဆုံးဖြတ်ချက်များကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို မဝေဖန်သင့်ကြောင်း အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့တွင်ပြောသည်။ “သူ့ကို အပြစ်တင်တဲ့ ဆုံးဖြတ်ချက်ကို ကျနော် မကြိုက်ဘူး” ဟု မြန်မာနိုင်ငံနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ် နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော McConnell က ပြောသည်။ “မြန်မာနိုင်ငံ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာရှင် စနစ်ကနေ ကျနော်တို့ ဖြစ်စေချင်တဲ့ အခြေအနေကို ရှေ့ဆက်နိုင်ဖို့ သူဟာ ကျနော်တို့ အတွက် အကြီးမားဆုံး မျှော်လင့်ချက်ပဲ လို့ ကျနော်ထင်တယ်” ဟုလည်း သူက ပြောသည်။ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် John McCain နှင့် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Richard Durbin တို့သည် အကြမ်းဖက်မှုများကို ရှုတ်ချပြီး အရေးယူ ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းသော ဆုံးဖြတ်ချက်တရပ်ကို လွန်ခဲ့သော သီတင်းပတ်က အဆိုပြုခဲ့သည်။ သို့သော် ထို ဆုံးဖြတ်ချက်ကို သူထောက်ခံခြင်း မရှိကြောင်း McConnell က ပြောသည်။ “ကျနော့် တဦးချင်း အမြင်ကတော့ သူ့အနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရချိန်မှာ အမေရိကန်ပုံစံနဲ့ သူ့ကို ရွေးထုတ်ပြီး ဝေဖန်တာဟာ အထောက်အကူ မပြုဘူး။ ဒါကြောင့် အဲဒီလို လုပ်ရင် ကျနော် ဝင်မပါဘူး” ဟု အထက် လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင်များ၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် သူက ပြောသည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် ဒီမိုရက်တစ် သမ္မတဟောင်း ဘားရက်အိုဘားမား က စဉ်းစားခြင်းကို ပြန်လည် သုံးသပ်ရန် ရှိ / မရှိဟူသောမေးခွန်းကို သူက ပြန်လည် ဖြေကြားခြင်း မရှိပေ။ မွတ်စလင် ၃၇၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းပေးရန် အတွက် မြန်မာနိုင်ငံအပေါ် ဖိအားများ မြင့်မားလာနေသည်။ အရပ်သားများကို အကာအကွယ်ပေးရန် ထရမ့် အစိုးရက တောင်းဆို ထားပြီး ဒုက္ခသည်များ ပြန်ရန် အတွက် ဘေးကင်းဇုန်များ သတ်မှတ်ပေးရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုသည်။ ဝါရှင်တန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အခိုင်အမာ ထောက်ခံသော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် အကြမ်းဖက်မှုများ ရပ်တန့်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဟု ဆိုကာ ဝေဖန်ခံနေရသည်။ အထက်ပါ ဆုံးဖြတ်ကို ဦးဆောင်တင်သွင်းသည့် အပြင် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲများ ရေးရာကော်မတီ၏ သြဇာ ကြီးမားလှသော ဥက္ကဌ John McCain က အမေရိကန်-မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လက်ရှိ အချိန်တွင် ကွန်ဂရက်သို့ ရောက်ရှိနေသော ကာကွယ်ရေးမူဝါဒ ဥပဒေမှ ဖယ်ထုတ်မည်ဟု အင်္ဂါနေ့တွင် ပြောသည်။ ၂၀၁၈ ခုနှစ် အမျိုးသား ကာကွယ်ရေး အခွင့်အာဏာ ပေးအပ်ရေးဥပဒေ (NDAA) သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို တိုက်တွန်းထားသည်။ “NDAA ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အပြုသဘော သက်ရောက်မယ်လို့ ကျနော် ထင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး အရ နှိမ်နင်းတာရယ်၊ ပိုမိုဆိုးရွားလာတဲ့ လူသားချင်စာနာမှု အကျပ်အတည်းရယ်ကြောင့် စစ်ဘက် ဆက်ဆံရေး တိုးချဲ့တာကို ကျနော် ဆက်လက် မထောက်ခံနိုင်တော့ဘူး” ဟု McCain က ပြောသည်။ ကိုးကား ။ ။ Reuters The post ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရန် မသင့်ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2vTOSJZ
via IFTTT
No comments:
Post a Comment