Thursday, September 14, 2017


ရခိုင်ပြည် မငြိမ်သက်မှုကြောင့် ငြိမ်းချမ်းရေးအဟန့်အတားဖြစ်မည်ကို UNFC စိုးရိမ် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်နေခြင်းမှ တဆင့် ငြိမ်းချမ်း ရေးလမ်းကြောင်း အဟန့်အတားဖြစ်မည်ကို စိုးရိမ်မိကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ဧရာဝတီသို့ ပြောသည်။ နိုင်အောင်မငေးက “ ဒီကိစ္စ(ရခိုင် မငြိမ်မသက်ဖြစ်စဉ်) တွေ ဝင်တာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အဟန့်အတား ဖြစ်မှာလည်း အများကြီး စိုးရိမ်တယ်ပေါ့။ ဒီမှာတိုင်းပြည် မငြိမ်မသက် ဖြစ်တယ်ဆိုတော့ ကျနော်တို့ လမ်းကြောင်း က လည်း အဟန့်အတားဖြစ်တယ်လို့ ယူဆတာပေါ့။ အခု အကြမ်းဖက်မှုက မကောင်းဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆွေးနွေးပွဲ ဖြစ်စဉ်ထဲမှာ အဟန့်အတားဖြစ်တယ်ဆိုတာကို စိုးရိမ်မကင်း ဖြစ်တာပေါ့” ဟု ပြောသည်။ UNFC သည် အဆိုပြုချက် ၉ ချက်ကို အစိုးရထံတင်ပြ၍ ဆွေးနွေးညှိနှိုင်းနေရာ သြဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ နှစ် ရက်ကြာ ပြုလုပ်ခဲ့သော ဆဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲတွင် သဘောတူညီချက် ၄ ချက်ကို ရယူခဲ့ကြပြီး ကျန်အချက် များအား စက်တင်ဘာလအတွင်း ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်များ ရယူသွားရန် နှစ်ဖက် ကိုယ်စားလှယ်များ ဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့အထိ ရက်မသတ်မှတ်နိုင်သေးကြောင်း သိရသည်။ ထိုသို့ ရက်မသတ်မှတ်နိုင်သေးခြင်းမှာ ဒေါက်တာတင်မျိုးဝင်း(ငြိမ်းချမ်းရေးကော်မရှင်-ဥက္ကဋ္ဌ) ကျန်းမာရေး မကောင်းမွန် သေးသောကြောင့် ဖြစ်သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များထံမှ သိရသည်။ ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ DPN နဲ့တော့ သူတို့လည်း အစည်းအဝေးတွေ လုပ် နေတယ်။ တွေ့နိုင်ဖို့ကတော့ ရက်ကတော့ အခုကတော့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။ သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်၊မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်ရှိ ရဲကင်း ၃၀ ကို ARSA အကြမ်းဖက်သမားများက တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ သြဂုတ် ၃၀ ရက် အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ၉၀ ကျော် ဖြစ်ပွားကာ ကျေးရွာပေါင်း ၅၉ ရွာမှ လူနေအိမ် ၆၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ တိုင်းရင်းသား ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “အနှောင့်အယှက်တော့ ဖြစ်မယ် မထင်ပါဘူး။ တကယ်တမ်းသာ ဖိဖိစီးစီးလုပ်မယ်ဆိုရင် ရခိုင်မှာ ပြဿနာတွေ ဖြစ်နေတဲ့အချိန် ငြိမ်းချမ်းရေးရအောင် ကျနော်တို့ ပိုလုပ်သင့်တယ်လို့ ထင်တယ်။ ထိတွေ့မှုကတော့ လောလောဆယ်မှာတော့ UNFC နဲ့ သူတို့ ထပ်တွေ့ဖို့ ၊ UNFC ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခေါ်တွေ့ပြီးပြီလေ။ မကြာခင် ထပ်တွေ့မယ်လို့လည်း ပြောပါတယ်”ဟု ပြောသည်။ အနောက်တံခါး(ရခိုင်ပြည်နယ်လုံခြုံရေး)မှာ နိုင်ငံတကာနှင့် ပြဿနာရင်ဆိုင်နေရသည့် အချိန်တွင် မိမိတို့ ပြည်တွင်းတွင် စုစုစည်းစည်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဘက်ကိုပို၍ ဇောင်းပေး လုပ်ဆောင်သင့်ကြောင်း၊ လုပ်ဆောင်ရာမှာလည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် NRPC က ယခုထက် ပိုပြီးထိတွေ့မှုများ လုပ်သင့်ကြောင်း၊ တချို့ကိစ္စများကို ဖြေလျှော့မှုများ လုပ်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁ ရက်က မွန်ပြည်သစ် ပါတီ NMSP ဒုဥက္ကဋ္ဌ (UNFC ဥက္ကဋ္ဌ) နိုင်ဟံသာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသေးသည်။ အလားတူ စက်တင်ဘာ ၁၁ ရက်ကလည်း NCA လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံကာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် လုပ်ငန်း စဉ်များ ဆွေးနွေးခဲ့ကြသည်။ ယင်းနေ့ (စက်တင်ဘာ ၁၁ ရက်) ၌ပင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် RCSS ဥက္ကဋ္ဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့မှု မရှိစေရေးနှင့် စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရန်၊ ပြဿနာတစုံတရာ ဖြေရှင်းပါက ဆက်ဆံရေးရုံးများမှ တဆင့် ဖြေရှင်းရန်တို့ကို ဆွေးနွေး ခဲ့ကြသည်ဟု RCSS ဘက်က ပြောသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ UNFC မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစည်း အဝေးတရပ် ကျင်းပကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် NCA လုပ်ငန်းစဉ်များ ခိုင်ခိုင်မာမာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း UNFC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ UNFC သည် ၎င်းတို့ အဆိုပြုထားသော အချက်များ သဘောတူညီချက် ရရှိပါက NCA ရေးထိုးမည်ဟု ပြောဆိုထားပြီး အဖွဲ့ဝင်အနေဖြင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ(KNPP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင်ကြသည်။ The post ရခိုင်ပြည် မငြိမ်သက်မှုကြောင့် ငြိမ်းချမ်းရေးအဟန့်အတားဖြစ်မည်ကို UNFC စိုးရိမ် appeared first on ဧရာဝတီ.
Source : http://ift.tt/2fkJ4mp
via IFTTT

No comments:

Post a Comment