သမီးအရင်းအား အကြိမ်ကြိမ်အဓမ္မကျင့်သည့် ဖခင်အမှု နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချမည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အလုံရပ်ကွက်တွင် ဖခင်ဖြစ်သူက အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သဖြင့် ပုဒ်မ ၃၇၆ အရ တရားစွဲဆိုထားသည့် သက်ငယ်မုဒိန်း အမှုကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ရန် ရှိကြောင်း သိရသည်။ ယနေ့ ရုံးချိန်းတွင် ကျူးလွန်သူ တရားခံဘက်က သက်သေ ၂ ယောက်တင်သွင်းခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့ကြောင်း၊ လာမည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကာ နိုဝင်ဘာ ၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုအားလိုက်ပါ ကူညီပေးနေသည့် မုံရွာအခြေစိုက် Justice House အဖွဲ့မှ သိရသည်။ အဆိုပါ အမှုကို လိုက်ပါ ကူညီပေးနေသည့် မုံရွာ အခြေစိုက် Justice House အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ကိုမျိုးကိုထွေးက “အစက ဒီနေ့မှာ စီရင်ချက်ချဖို့ရှိပေမယ့် တရားခံဘက်က သက်သေ ၂ ယောက်တင်သွင်းလာတယ်။ အဲဒီ သက်သေ ၂ ယောက်ကိစ္စကိုလည်း တရားသူကြီးက ပယ်ချလိုက်တယ်။ ကလေးမလေးကို ဖခင်အရင်း ဖြစ်သူက သူကိုယ်တိုင် ကျူးလွန်တယ်။ အဲဒီအပြင် အခြားသူ တွေကိုပါ ထပ်ပြီး ကျုးလွန်ခိုင်းတာခံရတယ်။ ဒါပေမယ့် ကာယကံရှင်က အဲဒီကိစ္စကို ရဲစခန်းမှာ ထွက်ဆိုချက်ပေးတုန်းက မပါခဲ့တော့ ပုဒ်မက တခုတည်းဖြစ်သွားတယ်။ သူတို့တွေရဲ့ အနေအထားက ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်ထဲက ပေးကျွေးနေရတဲ့အနေအထားပါ။ ရှေ့နေလည်း မငှားနိုင်ကြပါဘူး” ဟု ဧရာဝတီသို့ပြောသည်။ ဖြစ်စဉ်မှာ ကျူးလွန်သူသည် အသက် ၄၀ အရွယ်ရှိ သိန်းလွင် ဆိုသူဖြစ်ပြီး ၎င်း၏ သမီးအရင်းဖြစ်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အခြားသူများ ထံမှ လည်း အခကြေးငွေယူကာ သမီးဖြစ်သူကို အလားတူလုပ်ဆောင် ခိုင်းစေခဲ့သည်။ တရားခံ သိန်းလွင်က သမီးဖြစ်သူ၏ ခြေထောက်များကို ဆေးလိပ်မီးနှင့် အကြိမ်ပေါင်းများစွာ ထိုးကာ နှိပ်စက်ခဲ့ကြောင်း၊ ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ယောက်ဖတော်စပ်သူနှင့် အပေါင်းအပါများကိုလည်း ခွင့်ပြုခဲ့ကြောင်း၊ ယင်းနှိပ်စက်မှုများကို မခံနိုင်သည့်အဆုံး သမီးဖြစ်သူက အိမ်နီးချင်း အမျိုးသမီးတဦးကို၂၀၁၇ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အကူအညီတောင်းခဲ့ပြီးနောက် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း Justice House မှ သိရသည်။ လက်ရှိတွင် သိန်းလွင်ကို မုံရွာ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း၊ အခြားသူများထံမှ အခကြေးငွေယူကာ သမီးဖြစ်သူကို အဓမ္မပြုကျင့်စေသည့်ကိစ္စမှာ ရဲထွက်ဆိုချက်တွင် မပါခဲ့သဖြင့် တရားရုံးတင်မှ သက်သေပြန်ထည့်၍ မရတော့ကြောင်း၊ အမှုကို၂၀၁၇ ခုနှစ်၊ ဧပြီလကတည်းက မုံရွာခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေဆဲဖြစ်ပြီး ကာယကံရှင် မိန်းကလေးငယ်ဘက်မှ Justice House အဖွဲ့က အကူအညီပေးလျက်ရှိသည်။ မုံရွာမြို့ အခြေစိုက် Justice House အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ မေလ မှ စတင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး တဝိုက်ဖြစ်ပေါ် နေသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ သက်ငယ်မုဒိန်းမှုအပါအဝင် အဖွဲ့ထံသို့ အကူအညီတောင်းလာသည့် တရားမမှု များကိုလည်း လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် သက်ငယ်မုဒိန်းမှု ကျုးလွန်သူများကို သေဒဏ်အထိ ပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ လက်ရှိတွင် သက်ငယ်မုဒိန်းမှုများကို ပြစ်မှုထင်ရှားသည့်အပေါ် မူတည်၍ အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်လေ့ရှိကြောင်း သိရသည်။ The post သမီးအရင်းအား အကြိမ်ကြိမ်အဓမ္မကျင့်သည့် ဖခင်အမှု နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2i0U8FX
via IFTTT
No comments:
Post a Comment