အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဟိန္ဒူများကို အစိုးရအဖွဲ့က နေရပ်ပြန်ပို့ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာ ချထားမည့် အစီအမံများ မရှိသေးဘဲ ပြည်နယ် အစိုးရအဖွဲ့က နေရပ်ပြန်ပို့ နေကြောင်း သိရသည်။ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့ပေါ်ရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိသော ဟိန္ဒူဘာသာဝင်များထဲမှ နေရပ် ပြန်လိုသောသူများကို စာရင်းကောက်ခံ၍ လူတဦးလျှင် ကျပ်ငွေ ၆ သောင်း ထောက်ပံ့ပြီး ခရီးစရိတ်များ ကျခံကာ လိုက်ပို့ပေးနေခြင်း ဖြစ်သည်။ “ ပြန်ချင်တဲ့လူတွေ ပြန်လို့ရပြီ ဆိုပြီး စာရင်းကောက်တယ်။ ငွေ ၆သောင်းလည်း ထောက်ပံ့ပေးမယ် ။ ဟိုရောက်သွားရင်လည်း ဒီမှာအတိုင်းပဲ စားစရာ၊ နေစရာ ပူဖို့ မလိုဘူး ဆိုပြီး ပြောတယ်။ အခု ပြန်ရောက်သွားတဲ့ လူတွေက ကျနော်တို့ ဆီကို ဖုန်းလာတယ်။ ဟိုမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေကလည်း သူတို့ကို လက်မခံဘူး လို့ပြောတယ် ။ နေစရာလည်း မရှိဘူး။ စားဖို့ သောက်ဖို့လည်း အခက်အခဲ ဖြစ်နေတယ် ဆိုပြီးပြောတယ်” ဟု ဟိန္ဒူသာသနာရေးအဖွဲ့ချုပ် စစ်တွေ ( ဌာနခွဲ )မှ ပြည်နယ် ဒုက္ကဋ္ဌ ဦးမောင်လှက ပြောသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် မောင်တောဒေသ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့ ဟိန္ဒူဒုက္ခသည် စခန်းသို့ ဟိန္ဒူ ဘာသာဝင် ၁၄၀၀ ကျော်ဝင်ရောက်ခိုလှုံခဲ့ရာ ဓညဝတီအားကစားကွင်း၊ ကျောင်းတက်လမ်းရပ်ကွက် ဟိန္ဒူဘုရားကျောင်း ၊ ကျောင်းကြီးလမ်းရပ်ကွက် ဟိန္ဒူ ဘုရားကျောင်း စသည့် နေရာ ၃ ခုတွင် စခန်းများ ဖွင့်လှစ်ထားရှိခဲ့သည်။ လက်ရှိအချိန်တွင် ပြည်နယ် အစိုးရအဖွဲ့၏ အစီအမံဖြင့် ကျောင်းတက်လမ်း ရပ်ကွက် ဟိန္ဒူ ကယ်ဆယ်ရေး စခန်းမှ အောက်တိုဘာလ ၂၇ ရက် က ၈၄ ဦး၊ အောက်တိုဘာလ ၂၁ ရက်နေ့က ၂၆ ဦး၊ အောက်တိုဘာလ ၁၉ ရက်နေ့က ၁၃၀ ဦး နေရပ် ပြန်သွားကြပြီး ဓညဝတီ အားကစားကွင်း ဟိန္ဒူ ကယ်ဆယ်ရေး စခန်းမှလည်း ၇၀ ဦး စုစုပေါင်း ဟိန္ဒူဘာသာဝင် ၃၁၀ ဦး နေရပ်ပြန် သွားကြကြောင်း သိရသည်။ “ ပြန်သွားတဲ့ ဟိန္ဒူတွေက အခုတော်တော် ဒုက္ခရောက်နေကြတယ်။ လုပ်ကိုင်စားသောက်ဖို့ နေရာလည်း မရှိဘူး ။ နေစရာ အိမ်လည်း မရှိတော့ဘူး။ တချို့က အိမ်တွေ မီးရှို့ခံရတော့ နေစရာမရှိဘူး။ အိမ်ရှိတဲ့ လူတွေကလည်း ကိုယ့်အိမ်မှာ ကိုယ်မနေရဲကြတော့ဘူး။ ကျနော်တို့ ဟိန္ဒူတွေကို တစုတည်းထားပြီးတော့ ကားလမ်းနဲ့ ဗုဒ္ဓသာသာဝင်တွေနဲ့ နီးတဲ့ နေရာမှာ တစုတည်း ထားပေးစေချင်တယ်။ အခုက အစိုးရမှာ နေရာထိုင်ခင်းအတွက် ဘာမှလည်း စီစဉ်ထားတာ မရှိသေးပဲ ဘယ်လို ပြန်ခိုင်းနေတာလဲ မသိဘူး ” ဟု စစ်တွေ ဓညဝတီ အားကစားကွင်း ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံရောက်ရှိနေသော ဟိန္ဒူဘာသာဝင်များ၏ ခေါင်းဆောင် တဦး ဖြစ်သူ ဦးနီမေလ်က ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက နေရပ် ပြန်သွားသည့် ဟိန္ဒူဘာသာဝင်များအား လတ်တလောနေထိုင်ရေးအတွက် ပြန်လည် နေရာချထားရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။ ဝန်ကြီး ဦးအောင်ကျော်ဇံက “ပြန်သွားတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် ကျနော်တို့ နေထိုင်ဖို့အတွက် စီစဉ်နေပါတယ်။ ဘယ်နေရာမှာ နေရာချထားမယ် ဆိုတာတော့ ပြောလို့ မရသေးဘူး။ ဘူးသီးတောင်မှာ နေထိုင်ချင်တဲ့ လူအတွက် ဘူးသီးတောင်မှာ တထောက်နားမယ်။ မောင်တောမှာ နေချင်တဲ့ လူအတွက် မောင်တောမှာ တထောက်နားမယ်ပေါ့။ လောလောဆယ်တော့ သူတို့အတွက် camp တခု ဖွင့်ပြီးတော့ ရိက္ခာ၊ စားရေးသောက်ရေးတွေ စီစဉ်ပေးပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိအချိန်တွင် နေရပ်ပြန်သွားသော ဟိန္ဒူဘာသာဝင်များသည် နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း များတွင် ဝင်ရောက်ခိုလှုံနေကြရပြီး စားသောက်ရေး အခက်ကြုံတွေ့ နေရသည့်အတွက် စစ်တွေမြို့မှ ဟိန္ဒူဘာသာဝင် ခေါင်းဆောင်များက အိမ်ထောင်စု ၁ စုလျင် ဆန် ၁ အိတ်နှုန်းဖြင့် ပို့ပေးလိုက်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အသတ်ခံရကာ အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့သည်။ The post အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဟိန္ဒူများကို အစိုးရအဖွဲ့က နေရပ်ပြန်ပို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2zHvO31
via IFTTT
No comments:
Post a Comment