လွှတ်တော်အနီး ဒရုန်းပျံသန်းသဖြင့် ဖမ်းဆီးခံ သတင်းထောက် အောင်နိုင်စိုးနှင့် မိသားစု တွေ့ဆုံခွင့်မရ နေပြည်တော် လွှတ်တော် အနီးတွင် ဒရုန်းပျံသန်းခဲ့၍ ပို့ကုန်သွင်းကုန် ပုဒ်မဖြင့် အရေးယူခံထားရသည့် သတင်းထောက် အောင်နိုင်စိုးကို တွေ့ဆုံခွင့်ရရှိရန် မိသားစုက နေပြည်တော်သို့ လာရောက် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ အာဏာပိုင်များက အမှုစစ်ကြောရေး ဝင်ဆဲ ဖြစ်သောကြောင့် တွေ့ဆုံခွင့် မပြုခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက တူရကီသတင်းဌာန TRT စင်္ကာပူရုံးခွဲမှ သတင်းထောက် အောင်နိုင်စိုး အပါအဝင် စင်္ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသူ ၁ ဦးတို့ သည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ ဆီသို့ ဒရုန်းလွှင့်တင်၍ ဓာတ်ပုံ ရိုက်ကူးရန် ကြိုးစားနေစဉ် ကင်းလှည့် ရဲတပ်ဖွဲ့က အမှတ် ၅ သို့ ခေါ်ယူ ထိန်းသိမ်းခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူထားသည်။ “ပျဉ်းမနား အချုပ်ကို လာပြီးတော့ သူ့မိဘ ၂ ပါးက တွေ့ဖို့ ကြိုးစားတဲ့အခါမှာလည်း စစ်ကြောရေး ဝင်နေတဲ့အတွက် တွေ့ခွင့်မပေး နိုင်ဘူးလို့ ပြောပါတယ်။ တရက်၊ ၂ ရက်နေပြီးတော့ တွေ့ခွင့်ရမယ်လို့ ပြောပါတယ်။ ဒါက အမှတ် ၅ စခန်းမှူးက ပြောတာပါ။ အချုပ်ကတော့ ဒီမှာ မရှိဘူးလို့ ပြောပါတယ်။ သူတို့ ဘယ်မှာလဲ ဆိုတာလည်း ကျနေ်ာတို့တော့ အတိအကျ မသိသေးပါဘူး”ဟု မိသားစုကိုယ်စား လိုက်ပါဆောင်ရွက်နေသူ ရန်ကုန်မြို့မှ ကိုရဲထူးက ပြောသည်။ သတင်းထောက် အောင်နိုင်စိုးနှင့် အဖွဲ့ အဖမ်းခံရသည်ကို မည်သူမျှ မိသားစုထံသို့ အကြောင်းမကြားခဲ့ဘဲ မနေ့က ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှသာ မိသားစုမှ အဖမ်းခံရသည့် ဖြစ်စဉ်ကိုု သိရကြောင်း၊ ဂျာနယ်လစ် အဖွဲ့အစည်းများ၊ သံရုံးများကလည်း ဆက်သွယ်လာခြင်း မရှိကြောင်း ၎င်းက ပြောသည်။ ၎င်းက ဆက်၍ “ထူးဆန်းတာက ဒီပြဿနာက တော်တော်လေးကို အုတ်အော်သောင်းနင်း ဖြစ်ပါတယ်။ အွန်လိုင်းစာမျက်နှာ မှာရော ပြင်ပမှာရော တော်တော်လေး ဂယက်ရိုက်ပါတယ်။ ဒါပေမယ့် ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ဒီလို ဖြစ်နေပြီဆိုတာ မပြောပါဘူး”ဟု ဆိုသည်။ ယခုအခါ ပျဉ်းမနားမြို့မှ ရှေ့နေ ဦးတင်မောင်ဇော်တို့ အဖွဲ့နှင့် ဆက်လက်ဆောင်ရွက်ရန် တိုင်ပင်နေပြီး တူရကီနှင့် စင်ကာပူနိုင်ငံ သံရုံးတို့မှာလည်း ယခုမှ စတင်လှုပ်ရှားနေကြောင်း၊ တူရကီသတင်းဌာနကမူ မိသားစုထံ ဆက်သွယ်လာကြောင်း၊ နိုင်ငံခြားသားများအတွက် ရှေ့နေငှားရန် အခက်အခဲများ ရှိနေသည်ဟု ပြောဆိုလာကြောင်း သိရသည်။ အထက်ပါအမှုကို လိုက်ပါဆောင်ရွက်မည့် ပျဉ်မနားမြို့မှ ရှေ့နေ ဦးနေတူးက လောလောဆယ်တွင် ရဲတပ်ဖွဲ့က တရားရုံးတွင် ရမန်ယူထားပြီး တွေ့ဆုံခွင့် မရသေးကြောင်း၊ ရဲတပ်ဖွဲ့က စစ်ဆေးနေချိန်တွင် တွေ့ဆုံခွင့်ရရှိရန် ခက်ခဲကြောင်း၊ ယခုပုဒ်မကို အာမခံ ပေးနိုင်သော်လည်း ဆေးစာရရှိပါက အာမခံ သေချာပေါက် ရနိုင်ကြောင်း သတင်းထောက်များကို ပြောပြခဲ့သည်။ မြန်မာသတင်းပညာ သိပ္ပံမှ ဦးစိန်ဝင်းကလည်း “အမှုစဖွင့်တဲ့ နေပြည်တော်က ရဲစခန်း ကိုလည်း သွားတယ်။ အဲဒီမှာ ပျဉ်းမနားက ရဲစခန်းကို လွှဲပေးလိုက်တယ်ဆိုတဲ့ဟာ။ လောလောဆယ်မှာ အချုပ်ကို ပို့ထားတယ်တဲ့။ နိုင်ငံခြားသား ၂ ယောက်က သီးခြား။ မြန်မာ ၂ ယောက်ကတော့ သီးခြားပေါ့နော်။ ပျဉ်းမနား လိုက်သွားတော့ ပျဉ်းမနားမှာလည်း မတွေ့ရဘူး။ ရဲစခန်းမှာ လိုက်မေးတော့လည်း မတွေ့ရဘူး”ဟု ပြောသည်။ ၎င်းကိုယ်တိုင်လည်း ကိုအောင်နိုင်စိုးနှင့် ရင်းနှီးသူ ဖြစ်၍ အားပေးစကား ပြောရန် အကျိုးအကြောင်း သိရရန် လိုက်လံ စုံစမ်းခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တခြားသူတဦးဖြစ်သည့် Channel News Asia မှ သတင်းထောက်ကိုလည်း သိကြောင်း၊ ကိုအောင်နိုင်စိုးနှင့် ကားဆရာမှာ နိုင်ငံခြားသားများကို လိုက်ပို့ရသည့် ဒေသခံများ ဖြစ်ကြောင်း ဦးစိန်ဝင်းက ဆိုသည်။ “ဖြစ်ပုံက ဘယ်မှာလည်းဆိုတာ အတိအကျ မသိရဘူး ဖြစ်နေတယ်။ သူ့မိဘတွေကလည်း ရန်ကုန်က လိုက်လာကြတာဆိုတော့ သူတို့လည်း စိတ်ပူတာပေါ့။ လူကြီးတွေလည်းဆိုတော့ စိတ်ပူတာပေါ့။ ဒီမှာ ရှေ့နေတွေနဲ့ တွေ့တဲ့အခါ ပြောပြချက်အရတော့ ဒီ ၄ ယောက်စ လုံးကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူထားတယ်တဲ့”ဟု ပြောသည်။ ဒရုန်းယာဉ်ကို မြန်မာနိုင်ငံတွင် သတင်းထောက်များသာမက တခြားသူများလည်း သုံးစွဲနေကြောင်း၊ လွှတ်တော်တွင် ဒရုန်းဖြင့် ရိုက်ကူးရေး မပြုလုပ်ရန် ကြိုတင်ကြေညာထားခြင်း ရှိ၊ မရှိကိုလည်း မရှင်းလင်းကြောင်း၊ ကြိုတင် ကြေညာထားခြင်း မရှိပါက သတင်းသမားများက ဥပဒေ ချိုးဖောက်သည်ဟု ပြောရခက်ကြောင်း ၎င်းက သုံးသပ်သည်။ ဆက်စပ်ဖတ်ရှုရန်- လွှတ်တော်အား ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသည့် သတင်းထောက်အပါအဝင် ၄ ဦး အရေးယူခံရ The post လွှတ်တော်အနီး ဒရုန်းပျံသန်းသဖြင့် ဖမ်းဆီးခံ သတင်းထောက် အောင်နိုင်စိုးနှင့် မိသားစု တွေ့ဆုံခွင့်မရ appeared first on ဧရာဝတီ.
Source : http://ift.tt/2zLTRO9
via IFTTT
No comments:
Post a Comment