လူမှုကွန်ရက်ကို အစိုးရ ထိန်းချုပ်နိုင်ရေး အဆို လွှတ်တော်တွင် ဆွေးနွေးမည် Facebook အပါအဝင် လူမှုကွန်ရက်ကြောင့် ပေါ်ပေါက်လာရသည့် ဆိုကျိုးများကို ကာကွယ်နိုင်ရန် ဆိုသော ရည်ရွယ် ချက်ဖြင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆို တခုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်က ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “လူငယ် လူရွယ် များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်း အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ဆိုရှယ်မီဒီယာကို အသုံးပြုဖို့ အရမ်းများလာတဲ့အချိန်မှာ နိုင်ငံရဲ့ တည်ငြိမ်မှု၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျင့် စာရိတ္တ တွေကို ပျက်စီးစေတဲ့ သတင်းစကားတွေက လူမှုကွန်ရက်တွေကို အသုံးပြုပြီးတော့ အများကြီး ပျံ့နှံ့နေတယ်။ အဲဒါတွေက အနှောင့်အယှက် ဖြစ်လာပြီးတော့ လက်ရှိ တာဝန်ယူနေတဲ့ အစိုးရကိုလည်း ထိခိုက်စေတယ်”ဟု အဆိုရှင် ဂန့်ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်အပြီး သတင်းထောက်များကို ပြောသည်။ လူမှုကွန်ရက်ကို ထိန်းချုပ်ရန် နိုင်ငံတကာတွင်လည်း နည်းလမ်းအမျိုးမျိုး အသုံးပြုနေရာ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ယခုကိစ္စကို နည်းလမ်းရှာပြီး ဆောင်ရွက်မည် ဆိုပါက ဖြစ်နိုင်မည်ဟု ယူဆကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် လူမျိုးရေး၊ ဘာသာရေးအရ ပုံရိပ်ကျဆင်းနေရသည်မှာ လူမှုကွန်ရက် ရှိ သတင်းအမှား၊ အမုန်းစကား များကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ လသာမြို့နယ် အမတ် ဒေါ်ခင်မို့မို့အောင်ကလည်း အာဏာ ဗဟိုပြု အတ္တဝါဒီများက လူမျိုးရေး၊ ဘာသာရေး ကိစ္စရပ် များကို အသုံးချ၍ ဆိုရှယ်မီဒီယာမှတဆင့် အာဏာ အိမ်မက် မက်နိုင်ရေးအတွက် အစိုးရနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ ချောမွေ့စွာ အသွင်ကူးပြောင်းရေး ရည်ရွယ်ချက်ကို အကြီးအကျယ် စိန်ခေါ်နေခြင်းကြောင့် ဆိုရှယ် မီဒီယာ အသုံးပြုသူများကို စည်းမျဉ်း စည်ကမ်းများနဲ့အညီ စောင့်ကြည့် ကြပ်မတ်ပေးစေလိုသည့် ဒေါ်ယဉ်မင်းလှိုင်၏ အဆိုကို ထောက်ခံကြောင်း ပြောသည်။ ဒေါ်ခင်မို့မို့အောင်က “နိုင်ငံတော်ရဲ့ အရေးကြီးတာဝန်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များကြား အထင်အမြင် လွဲမှားပြီး အမျိုးသား ရင်ကြားစေ့ရေးကိစ္စ နှောင့်နှေးနိုင်သမျှ ကြန့်ကြာအောင် လူတစုက ဆိုရှယ်မီဒီယာကို အသုံးချပြီး လုပ်ဆောင် နေကြတာ ဖြစ်တဲ့အတွက် စောင့်ကြပ်ထိန်းမတ်ဖို့အတွက် တိုက်တွန်းတဲ့အဆိုကို ထောက်ခံပါတယ်”ဟု ဆိုသည်။ နိုင်ငံ၏ ဒီမိုကရေစီ အတောင်အမွေးတောင် မစုံလင်နိုင်သေးချိန်တွင် ပြည်သူလူထုကြား အတွေးအမြင် မမြင့်မားသူ များက အထက်ပါ အာဏာဗဟိုပြု အတ္တဝါဒီများ၏ နှပ်ကြောင်း အတိုင်း လိုက်ပါသွားခြင်းဖြင့် ငါနှင့်မတူ ငါ့ရန်သူ ဆို သည့် ပူးပေါင်း ဆောင်ရွက်မှု အလေ့အထကို ဆန့်ကျင်သည့် တကိုယ်ကောင်း ဝါဒကို အဆွဲကြီးဆွဲပြီး ပြည်ထောင် စု အတွင်း ရန်လို နှောင့်ယှက်တတ်သူများ အဖြစ် ရောက်ရှိသွားနိုင်ကြောင်းလည်း ၎င်းက လွှတ်တော်တွင် ပြောသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောကမူ နိုင်ငံတကာတွင် လူမှုကွန်ရက် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိရာ အစိုးရများ အပေါ်တွင် မူတည်ကြောင်း၊ တရုတ်နိုင်ငံက လူမှုကွန်ရက်ကို အပြည့်အဝ ထိန်းချုပ် ထားသော်လည်း နိုင်ငံအများစုတွင် လွတ်လပ်ခွင့် ပြုထားကြောင်း၊ လူမှုကွန်ရက်ကို ထိန်းချုပ်ရန် ကြိုးစား ခြင်းထက် လူတွေကို အကျိုးရှိရှိ အသုံးချတတ်ရန် ပညာ ပေးသင့်ကြောင်း ပြောသည်။ “ဘယ်သူမှ မသုံးရဘူးဆိုပြီး လုပ်မှာလား။ အခုပြောနေကြသလို အခွန်ကောက်မှာလား။ အခွန်ကောက်ရင် သုံးတဲ့သူ နည်းသွား မှာပေါ့လို့။ အဓိကကတော့ ဆိုရှယ်မီဒီယာကို အကျိုးရှိအောင် သုံးဖို့ လိုတယ်။ အကျိုးမဲ့တဲ့ ဟာတွေလည်း ရှိမှာပဲ။ အဲဒါတွေကို အပေါ်ကနေပြီးတော့ ထိန်းချုပ်မယ် ဆိုတာမျိုးထက် Intelligent User တွေ ဖြစ်လာအောင် လမ်း ကြောင်း ပေးတာက ပိုကောင်းမယ်လို့ ထင်တယ်”ဟုလည်း ဦးသီဟစော က ပြောဆိုသည်။ ပြည်သူ့လွှတ်တော် ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးတင်မောင်ဝင်းက“ဒီအဆိုတင်လိုက်တဲ့ အတွက် နောင်ဆိုရင် ဖေ့စ်ဘုတ်ကို မှတ်ပုံတင်ရမယ်။ ဖေစ်ဘုတ်မှာ မတော်မတရား လုပ်တဲ့သူတွေကို ဖော်ထုတ်ရ မယ်။ အဲဒီလိုမျိုးပါ။ အခွန် ကောက်မယ်ဆိုတဲ့ အဆင့်အထိတော့ မရှိသေးပါဘူး။ ကောက်မယ် ဆိုရင်တောင် သုံးတဲ့သူ တွေကိုတော့ ကောက်လို့ မရဘူး။ အခွန်ကောက်မယ်ဆိုရင် လာတင်ပြတာလည်း မရှိသေးဘူး။ လွှတ်တော်ကို လာ တင်ပြ ရမှာပဲ”ဟု ပြောသည်။ အာဆီယံ အပါအဝင် အခြားနိုင်ငံများတွင် ဆိုရှယ်မီဒီယာ အသုံးပြုသူ၏ Identity ကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး စည်းကမ်း ဖောက်ပါက အရေးယူကြောင်း၊ မြန်မာနိုင်ငံတွင်မူ ဖုန်း Sim Card မှတ်ပုံတင်ခြင်းကိုပင် အောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်း မရှိသေးကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော် တွင် ပြောကြားသည်။ မန္တလေးမြို့မှ IT ပညာရှင် တဦးဖြစ်သူ ဦးရဲမြတ်သူကမူ“အဲဒီလိုပုံစံနဲ့ ဆိုရှယ်မီဒီယာကို ထိန်းလို့ မရဘူး။ လူတွေရဲ့ အပြုအမူကို ထိန်းရမှာ။ လူတွေ ကျောင်းတွေမှာ ဘယ်လို ကြီးလာသလဲ။ မူလတန်းကို ဘယ်လိုတက်ခဲ့သလဲ။ Community တွေက ထိန်းရမယ့်ကိစ္စ၊ ဆဲတယ်ဆိုတာက ဆိုရှယ်မီဒီယာရှိလို့ အဲဒီမှာဆဲတာ။ အဲဒါကို ပိတ်ရင် တခြားဟာနဲ့လည်း ဆဲမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။ ယခုအခါ ပြည်သူ့လွှတ်တော်က ယင်းအဆိုကို ဆွေးနွေးလိုသူများအား အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ် ထားပြီး အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်လည်း ယင်းအဆိုအတွက် ပြင်ဆင်မှုများ ဆောင်ရွက် နေရပြီ ဖြစ်ကြောင်း သိရသည်။ The post လူမှုကွန်ရက်ကို အစိုးရ ထိန်းချုပ်နိုင်ရေး အဆို လွှတ်တော်တွင် ဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2zOZcVW
via IFTTT
No comments:
Post a Comment