Thursday, October 26, 2017


နိုင်ငံရေးဗန်းပြ၍ ကိုယ်ကျိုးစီးပွားရှာခြင်းမျိုး မပြုလုပ်ဟု SNLD ဆို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် နိုင်ငံရေးဗန်းပြပြီး ကိုယ်ကျိုးစီးပွားအတွက် အပြောင်းအလဲမလုပ် တတ်သည့် ပါတီတရပ်ဖြစ်ကြောင်း SNLD ၏ ခေါင်းဆောင်များက ပြောကြားလိုက်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၉ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ၉ မိုင်ရှိ အောင်မြေဘုံသာရှမ်းကျောင်းတွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးက “ကျနော်တို့က မူအတိုင်းသွားတော့ နိမ့်ချည်မြင့်ချည်ဖြစ်ပြီး တော်တော်လေး ဒုက္ခရောက်ခဲ့ တယ်။ နောက်ပြီး ရိုးရိုးသားသား မူပေါ်မှာ ရပ်ခဲ့တယ်။ ရိုးရိုးသားသားလည်း လုပ်ခဲ့တယ်ဆိုတာ အများအသိပဲ။ ကျနော်တို့ မှာ နိုင်ငံရေးကို ဗန်းပြပြီးတော့ မြေတလက်မတောင် မယူခဲ့ဘူး။ ယုတ်စွအဆုံး ဝန်ကြီးအဆင့်တောင် ခေါ်ပေးတာပဲ။ ကျ နော်တို့က မယူခဲ့ဘူး” ဟု ဆိုသည်။ ဆက်လက်၍ ၎င်းက ၂၉ နှစ်ပြည့်အခမ်းအနားတွင် ယခုကဲ့သို့ ပြောဆိုရခြင်းမှာ ၎င်းတို့အနေဖြင့် အမှန်တကယ် ပြည်သူကို အလုပ်အကျွေးပြုချင်၍ဖြစ်ပြီး ပြည်သူကို အကြောင်းပြကာ ကိုယ်ကျိုးစီးပွားရှာသွားခြင်းမျိုး မဖြစ်စေရဘူးဆိုသည်ကို ဖော်ပြချင်၍ဖြစ်ကြောင်း၊ SNLD အနေဖြင့် ပြည်သူများအတွက် မဖြစ်သင့် မဖြစ်ထိုက်သည့် ကိစ္စမှန်သမျှကို ဆန့်ကျင်နေမှာဖြစ်ပြီး ပြည်သူအတွက် အကျိုးရှိမည့်၊ တိုးတက်မည့် ကိစ္စများကိုမူ အစဉ်အမြဲ ထောက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “ကျနော်တို့ကတော့ ဒီနေ့ထိ မှန်မှန်ကန်ကန် ပြည်သူပေါ်မှာပဲ ရပ်တည်ခဲ့တယ်။ လူတယောက်ချင်းရဲ့ အကျိုးစီးပွား၊ ပါတီ ရဲ့ အကျိုးစီးပွားပေါ်မှာ မရပ်တည်ခဲ့ဘူး။ ကျနော်တို့က နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုအကျိုးစီးပွားအပေါ်မှာ ထိုင်ပြီးတော့ အလုပ်လုပ်ခဲ့တယ် တောက်လျှောက်ပဲ။ ရခဲ့တဲ့အခွင့်အရေးလည်း ကျနော်တို့ မယူခဲ့ဘူး” ဟု SNLD အထွေ ထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ထပ်လောင်းပြောဆိုသည်။ SNLD အနေဖြင့် ယခုအခါ မျိုးဆက်သစ် လူငယ်နိုင်ငံရေးခေါင်းဆောင်များကို အတွေ့အကြုံများ ရရှိလာစေရန် ပါတီတာဝန် များကို စတင်ပေးအပ်နေပြီဖြစ်သကဲသို့ လက်ရှိခေါင်းဆောင်များထက် ပိုမိုထက်မြက်သည့် စွမ်းရည်များ ပိုင်ဆိုင်နိုင်စေရန် လေ့ကျင့်ပျိုးထောင်ပေးနေကြောင်း SNLD ခေါင်းဆောင်များက ပြောသည်။ “လူငယ်တွေကို မြေတောင်မြှောက်တယ်။ တာဝန်စပေးတယ်ဆိုတာ ခေါင်းဆောင်တွေရဲ့တာဝန်က နောက်လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ဖို့ တာဝန်ပဲ။ အဲဒါ အဓိကပဲ။ ၂၀၂၀ နဲ့လည်း ပတ်သက်တယ်။ တိုက်ရိုက်တော့ မပတ်သက်ဘူး။ လူထု အတွက် နောက်ထပ် ကျနော်တို့ထက် တော်တဲ့ ခေါင်းဆောင်တွေ အလုပ်ပိုလုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ပညာတတ်တဲ့ ခေါင်းဆောင်တွေ မွေးထုတ်ပေးရမယ်” ဟု စိုင်းညွန့်လွင်က ရှင်းပြသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် NLD အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား မတူညီမှုများ ရှိခဲ့သော်လည်း ညီရင်းအစ်ကိုပါတီကဲ့သို့ လက်တွဲလုပ် ဆောင်ခဲ့ကြောင်း မီဒီယာများသို့ ဖြေကြားခဲ့ပြီး NLD ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။ SNLD တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေးပါတီ တရပ်ဖြစ်မြောက်ရေး ကော်မတီ၏ ဗဟိုဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးအပါအဝင် တခြားသော ထင်ရှားသည့် နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များ၊ သံတမန်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီတချို့နှင့် အရပ်ဖက်အဖွဲ့အစည်း တချို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။ SNLD တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို ဗဟိုဌာနချုပ် ရန်ကုန်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကချင်ပြည်နယ် ဝိုင်းမော်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တို့တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။ SNLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၆ နေရာတွင် ဝင်ရောက်အရွေးခံရာ ၂၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားညီလာခံအား ဖျက်ဆီးနှောင့်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မအပြင် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု စသည့် ဥပဒေပုဒ်မပေါင်းများစွာဖြင့် အင်းစိန်အထူးတရားရုံး၌ လျှို့ဝှက်တရားစီရင်ချက်အမိန့်ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ရာတွင် ခွန်ထွန်းဦးအား ထောင်ဒဏ် ၉၃ နှစ်ဖြင့် ကချင်ပြည်နယ် ပူတာအိုထောင်သို့လည်းကောင်း၊ စိုင်းညွန့်လွင်အား ထောင်ဒဏ် ၈၅ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်သို့လည်းကောင်း ပို့ဆောင်ခဲ့သည်။ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နေ့တွင် SNLD ခေါင်းဆောင်များသည် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ SNLD ခေါင်းဆောင်များ လွတ်မြောက်လာပြီးနောက်တွင်၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၌ ပြုလုပ်သော အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ SNLD ပါတီအား တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် SNLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၃ ဦး၊ ပြည်နယ်လွှတ်တော်တွင် ၂၉ ဦး စုစုပေါင်း ၄၆ ဦး အနိုင်ရရှိထားသည်။ The post နိုင်ငံရေးဗန်းပြ၍ ကိုယ်ကျိုးစီးပွားရှာခြင်းမျိုး မပြုလုပ်ဟု SNLD ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2zFLbc4
via IFTTT

No comments:

Post a Comment