Friday, October 27, 2017


KIO ဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင် ကွယ်လွန် ကချင် လွတ်လပ်ရေး အဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO) အဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင် ၈၁ နှစ် သည် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌ အောက်တိုဘာလ ၂၇ နံနက်ပိုင်း ၅ နာရီခွဲ ခန့်တွင် ကွယ်လွန်သွားသည်ဟု သတင်း ရရှိသည်။ ဦးမလိဇွပ်ဇော်မိုင်ကို အင်ခွန်ဇော်မိုင်ဟုလည်း ခေါ်ဆိုကြပြီး ၎င်းသည် ၁၉၅၇ ခုနှစ်က ကချင် လက်နက်ကိုင် တော်လှန်ရေး စတင်ရန် လားရှိုးမြို့၌ ကချင် ကျောင်းသား လူငယ် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် ခုနစ်စင်ကြယ် အဖွဲ့ (7 Stars) တွင် ပါဝင်ခဲ့သူ ဟုလည်း လူသိများသည်။ 7 Stars အဖွဲ့ဝင်များက ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် KIO ကို စတင် တည်ထောင်လိုက်ပြီး ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KIA ကို တည်ထောင်ခဲ့သည်။ ဦးမလိဇွပ်ဖော်မိုင်သည် ၁၉၉၄ ခုနှစ် သြဂုတ်လမှ ၂၀၀၁ ခုနှစ်အထိ KIO ဥက္ကဋ္ဌ နှင့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် KIA ကြား ရေးထိုးခဲ့သည့် အပစ်ရပ် စာချုပ် တွင်လည်း ပါဝင် လက်မှတ်ထိုးခဲ့သူ ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် တပ်တွင်းအင်အားဖြင့် အာဏာသိမ်းကာ ရာထူးမှ ဖြုတ်ချ ခံလိုက်ရပြီးနောက် အရပ်သားအဖြစ် ပြောင်းလဲနေထိုင်ခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ကတော့ ဦးမလိဇွပ်ဇော်မိုင်သည် စာဖတ်နာသည့် စစ်ဗိုလ်ချုပ် တဦးဖြစ်ကြောင်း ဦးမလိဇွပ်ဇော်မိုင် တဲထဲသို့ ၎င်းကိုယ်တိုင် ရောက်ရှိခဲ့စဉ်က များပြားသည့် စာအုပ်များကို တွေ့ရှိခဲ့ရသကဲ့သို့ အတူ စကား ပြောစဉ်တွင်လည်း မှတ်သားစရာ များစွာတွေ့ရှိခဲ့ရကြောင်း ၎င်း၏ လူမှု ကွန်ရက် Facebook စာမျက်နှာထက်တွင် အောက်မေ့ သတိရစာ ရေးသားထားသည်ကို တွေ့ရသည်။ ဦးရဲထွဋ် က “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလတုန်းက ဆုံခဲ့တဲ့ သူ့ပုံရိပ်တွေ၊ သူ့စကားတွေ၊ စာအုပ်ပုံတွေ ကြားမှာထိုင်ပြီး ကျနော်တို့ကိုု ဧည့်ခံခဲ့တဲ့ အမှတ်တရ အဖြစ်တွေကိုတော့ တိုက်ဆိုင်မှုရှိတိုုင်း သတိရနေမိတယ်။ သူပြောခဲ့တဲ့ စကား တခွန်းကိုု အကြောင်းပြုပြီး စာတပုဒ်တောင် ရေးဖြစ်ခဲ့တယ်။ အခုတော့ သူကွယ်လွန်သွားခဲ့ပြီ။ သူမရှိတော့ဘူးဆိုမှ သူ့ကိုု တခေါက် တခါလောက် သွားပြီး တွေ့သင့်ခဲ့တယ်ဆိုုပြီး နောင်တရမိတယ်” ဟု ဆိုသည်။ ၎င်းတာဝန် ထမ်းဆောင်စဉ်ကာလ အုပ်ချုပ်ရေး ကိုင်တွယ်ရာတွင် ကြမ်းသည်ဟု မှတ်ချက်ချသူများလည်း ရှိသလို ၎င်းသည် စိတ်သဘောထား ကောင်းမွန်သည့် ခေါင်းဆောင်တဦး ဖြစ်ကြောင်း မှတ်ချက်ပြုသူများလည်း ရှိသည်။ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ဦးမလိဇွပ်ဇော်မိုင်သည် KIO ကို စတင်တည် ထောင်ပြီး ကချင်တော်လှန်ရေး လမ်းစဉ်များကို လမ်းညွှန်ခဲ့သူ တဦးဖြစ်သည့်အပြင် ထင်ပေါ် ကျော်ကြားသည့် ခေါင်းဆောင် တဦးလည်း ဖြစ်သည်ဟု မှတ်ချက်ပြုသည်။ ရန်ကုန်အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး၏ ၂၀၁၆ ခုနှစ်ထုတ် တိုင်းရင်းသား လက်နက်ကိုင် များအကြောင်း တစေ့စောင်း စာအုပ်ပါ KIA အခန်းကဏ္ဍတွင် ဦးမလိဇွပ်ဇော်မိုင်သည် အုပ်ချုပ်ရေး အကိုင်အတွယ် ကြမ်း ခြင်း၊ အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားစဉ် အတွင်း စီးပွားရေး လုပ်ဆောင်ခြင်း၊ မြစ်ဆုံ ဒေသအတွင်း ရွှေတူးဖော်ခြင်း များကြောင့် ၎င်းအပေါ် မကျေနပ်မှုများလည်း ရှိနေကြပြီးသည့်နောက် ၂၀၀၀ ပြည့်နှစ်တွင် ရာထူးမှ ဖြုတ်ချပြီး အာဏာ သိမ်း ခံလိုက်ရခြင်း ဖြစ်သည်ဟု ရေးသားထားသည်။ ထိုရာထူး ဖြုတ်ချရေးကို ဦးဆောင်ခဲ့သူမှာ လက်ရှိ KIO ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်သည်ဟု အများက သတ်မှတ်ထားကြောင်းလည်း ရေးသားထားသည်။ ဦးမလိဇွပ်ဇော်မိုင် ကွယ်လွန်ခြင်း သတင်းကြောင့် ကချင်လူမှု အသိုင်းအဝိုင်းများကြား ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောဆိုလာသူများ ရှိသလို အများစုကလည်း ဦးမလိဇွပ်ဇော်မိုင်သည် ခေါင်းဆောင်ကောင်း တဦးဖြစ်ကြောင်း၊ ကွယ်လွန် သွားသည့် သတင်းကြောင့် ဝမ်းနည်းရကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားကြသည်ကို တွေ့ရသည်။ KIA စစ်ဦးစီးချုပ်ဟောင်း ဦးမလိဇွပ်ဇော်မိုင်၏ ဈာပနအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်၌ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ နေအိမ်အနီးရှိ စီတာပူ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်တွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကာ ဂျော်ဘွမ် ခရစ်ယာန် သုသာန်တွင် ဂူသွင်းသဂြိုဟ်သွားမည်ဟု သိသည်။ The post KIO ဥက္ကဋ္ဌဟောင်း ဦးမလိဇွပ်ဇော်မိုင် ကွယ်လွန် appeared first on ဧရာဝတီ.
Source : http://ift.tt/2zaPaRI
via IFTTT

No comments:

Post a Comment