Thursday, October 26, 2017


ကျောင်းအုပ်ဆရာမ တဦးကို TNLA တပ်ဖွဲ့ဝင် ၂ ဦး အဓမ္မပြုကျင့်မှုဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမ တဦးကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်ဖွဲ့ဝင် ၂ ဦးက ဖမ်းဆီး၍ အဓမ္မပြုကျင့်ပြီး နေအိမ်မှ လက်ကိုင်ဖုန်း၂ လုံး ကိုလည်း ယူသွားသည်ဟု သတင်း ရရှိသည်။ TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျူးလွန်သွားတဲ့ ရဲဘော်တွေက ကျနော်တို့ လူဆိုတာ မှန်ပါတယ်။ ကျနော်တို့ ရဲဘော်ဖြစ်တယ်။ သူတို့ကို ကျနော်တု့ိ ဖမ်းဆီး အရေးယူထားတယ်။ စီရင်ချက်တော့ မချထားသေးပါဘူး။ ထောင်တော့ ချထားပါပြီ။ ကျနော်တို့ စစ်ဦးစီးရဲ့ စစ်ခုံရုံးက အဲ့ဒီ ၂ယောက်ကို အရေးယူဖို့ ဆက်လက် ဆောင်ရွက်သွား မှာပါ” ဟု ပြောသည်။ TNLA အောက်ခြေ တပ်ရင်းများမှ ပြစ်မှုကျူးလွန်သူ ရဲဘော် ၂ ဦးမှ ပြစ်မှု ကျူးလွန်လိုက်သည့် ဖြစ်ရပ်များကို အတိအကျ မသိရှိသဖြင့် ပြန်လည် မပြောပြနိုင်ကြောင်း၊ TNLA ၏ စည်းမျဉ်းစည်းကမ်းများအရ ပြစ်မှုကြီးလေးလျှင် ကြီးလေးသလို စစ်ခုံရုံးက ပြစ်ဒဏ် ချမှတ်ပြီး ထောင်ဒဏ် ၁ နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်များ ရှိသည်ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပြသည်။ ဆက်လက်ပြီး ၎င်းက “အမှုတွဲကိစ္စကိုတော့ ကျနော်တိတိကျကျ မသိရသေးပါဘူး။ ဖြစ်တယ်ဆိုတာတော့ မှန်တယ်။ ကျနော် တို့လည်း အဲ့ဒါကို အရေးယူဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် စီရင်ဖို့ ညွှန်ကြား ထားပါတယ်” ဟု ပြောသည်။ ကျောက်မဲမြို့နယ် ၄၅ မိုင်ကွာဝေးသော မန်ခေါက် ကျေးရွာတွင် ယခုလ ၂၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရေးအတွက် ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဝင်းကလည်း ပြောဆိုသည်။ ဦးကျော်ဝင်း က “ဆရာမကြီး အမှုအတွက် ကျနော်တု့ိ ရဲစခန်းမှာ အမှုဖွင့်မှာပါ။ အခုအမှုအတွက် ဆောင်ရွက်နေပါတယ်။ အမှုဖြစ်သွားတဲ့ ဆရာမကြီးက အသက် ၄၄ နှစ်ပါ။ အခု ဆရာမကို ကျနော်တို့ ကျောက်မဲမြို့ပေါ်က ရုံးမှာပဲ ခေါ်ထားပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဓမ္မပြုကျင့်ခံရသည့် ကျောင်းအုပ်ကြီး အပြင် မန်ခေါက် ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာမ ၁၄ ဦးက လည်း စိုးရိမ်ထိတ်လန့် နေကြသဖြင့် ကျောက်မဲမြို့ပေါ်တွင် ခေါ်ထားရသည်ဟုလည်း ဦးကျော်ဝင်းက ဆိုသည်။ “နယ်မြေ အခြေအနေ အေးအေး ဆေးဆေးဖြစ်ရင်တော့ ဆရာမတွေက ပြန်ကြမှာပါ။ အခုကတော့ နည်းနည်း စိုးရိမ်နေ တော့ ခေါ်ထားတာပါ” ဟု ဦးကျော်ဝင်းက ပြောသည်။ အမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးဌာန အဆင့်ဆင့်ကို တိုင်ကြားစာ ပို့ထားပြီး လက်ရှိတွင် မန်ခေါက်ရွာမှ ဆရာမများ လုံခြုံရေးအရ ကျောက်မဲမြို့တွင် လာရောက် ခိုလှုံနေရသဖြင့် ရွာရှိ ကျောင်းကို လည်း ခေတ္တ ပိတ်ထားရန် စီစဉ်ထားသည်ဟု သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မဲမြို့နယ် မြို့နယ်ပညာရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားစာ ပို့ထားပြီး ထိုစာ တွင် အောက်တိုဘာလ ၂၅ ရက် နံနက် ၁နာရီခန့်တွင် TNLA စစ်သား ၂ ဦးက လက်နက်များ ကိုင်ဆောင်ပြီး နေအိမ် အတွင်း သို့ ဝင်လာကြောင်း၊ အိမ်အတွင်းရှိ ပစ္စည်းများ ရှာဖွေကာ ကျောင်းအုပ် ဆရာမကြီးကိုလည်း နေအိမ်အပြင်သို့ ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ကြောင်း၊ နေအိမ်မှ လက်နက်ကိုင်ဖုန်း ၂ လုံးကို ယူပြီး နံနက် ၃ နာရီတွင် ပြန်သွားကြောင်း ရေးသားထားသည်။ ထိုစာတွင် ဖြစ်စဉ်နှင့် ပတ်သတ်၍ ဆရာ/မများ လုံခြုံရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာ ရေးမှူးများကို စေလွှတ်ပြီး လိုအပ်သလို စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဟုလည်း ရေးသားထားသည်။ ဧရာဝတီက ကျောက်မဲမြို့နယ် ရဲစခန်း၊ မြို့မရဲစခန်း တို့ကို ဆက်သွယ် သော်လည်း တာဝန်ရှိသူများ က ၎င်းတို့ ရဲစခန်း အပိုင် မဟုတ်ကြောင်း၊ အမှုဖြစ်ပွားသည့် နေရာသည် မိုင်းလုံ နယ်မြေ ရဲစခန်းဖြစ်သဖြင့် ထိုစခန်းကိုသာ ဆက်သွယ်ရန် ပြောဆိုသည်။ ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူတဦးက “မိုင်းလုံက အရမ်းဝေးတယ်။ နယ်မြေ ရဲစခန်းဆိုတော့ ဆက် သွယ်ရ ခက်တယ်။ ဒီစခန်းနဲ့တောင် စက်ပေါက်တာပဲ အဆက်အသွယ်ရှိတာ။ သူတို့ဖုန်းနံပါတ်လည်း မရှိပါဘူး” ဟုလည်း ပြောသည်။ TNLA သည် အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ လားရှိုး၊ ကွတ်ခိုင် ၊ နမ္မတူ ၊ မန်တုံ၊ မန်ဆန် ၊ မန်ပန် ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။ The post ကျောင်းအုပ်ဆရာမ တဦးကို TNLA တပ်ဖွဲ့ဝင် ၂ ဦး အဓမ္မပြုကျင့်မှုဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2gFLFrl
via IFTTT

No comments:

Post a Comment