ပိတ်ဆို့အရေးယူမှုက မြန်မာ့ အပြောင်းအလဲကို အဟန့်အတား ဖြစ်စေနိုင် ဟု ICG သတိပေး မြန်မာနိုင်ငံကို ပြန်လည်ပိတ်ဆို့ အရေးယူခြင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်း အကျပ်အတည်းအတွက် အနာဂတ် မူဝါဒရွေးချယ်မှုကို ကန့်သတ်ရာ ရောက်နိုင်ပြီး ရင်းနှီးမြှုတ်နှံသူများ ထံသို့ မရည်ရွယ်သော သတင်းစကားများ ရောက်ရှိစေကာ စီးပွားရေးကို ထိခိုက်စေသည့် အပြင် မြန်မာပြည်သူများ အတွက်လည်း ဟန့်တားနှောင့်ယှက်မှု ဖြစ်စေနိုင်သည်ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ဥရောပမှ မူဝါဒချမှတ်သူများကို သတိပေးလိုက်သည်။ “ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် အရေးယူ ပိတ်ဆို့မှုများက မြန်မာနိုင်ငံကို ယခင် အခြေအနေသို့ ပြန်လည် ဦးတည်စေပြီး မြန်မာ့ နိုင်ငံရေး အတွက် ခိုင်မာသော တိုးတက်မှု ရရှိရေး အထောက်အကူ မပြုနိုင်သည့် အခြေအနေက များသည်” ဟု ICG က သောကြာနေ့က သတိပေးသည်။ ICG သည် ကမ္ဘာတဝန်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများကို လေ့လာသုံးသပ်သော ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် အဖွဲ့အစည်း ဖြစ်သည်။ မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ဘက် ထိပ်တန်း အရာရှိများကို ဖိတ်ခေါ်ထားခြင်း အားလုံးကို ဆိုင်းငံ့ပြီး ရခိုင်ပြည်နယ်မှ မွတ်စလင်များ အပေါ် အင်အား အလွန်အကျွံ သုံးခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု အားလုံးကို ပြန်လည် သုံးသပ်မည် ဟု ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက ကြေညာပြီး သီတင်း ၂ ပတ်နီးပါး အကြာတွင် ICG ၏ အထက်ပါ သတိပေးစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်း ဖိနှိပ်မှုတွင် အသုံးပြုနိုင်သော လက်နက်ကိရိယာများ ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် ဥရောပသမဂ္ဂ၏ လက်ရှိ ကန့်သတ်ထိန်းချုပ်မှုများကို ထိုကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။ အခြေအနေ တိုးတက်လာခြင်း မရှိလျှင် နောက်ဆက်တွဲ အရေးယူမှုများ ထည့်သွင်း စဉ်းစားမည် ဟု ထိုကြေညာချက်တွင်ဖော်ပြထားသော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထားခြင်း မရှိပေ။ သြဂုတ်လ နှောင်းပိုင်းတွင် စတင်ခဲ့သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်များကို အငြင်းပွားဖွယ်ရာ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အိုးအိမ်ဖျက်ဆီးခြင်းများ အတွက် စွပ်စွဲခံနေရသော မြန်မာ့ တပ်မတော် ကို နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်တင်ရှုတ်ချနေကြသည်။ ARSA မွတ်စလင်စစ်သွေးကြွ အုပ်စုက သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ ကို တိုက်ခိုက်ခဲ့သောကြောင့် နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများ ဖြစ်ပေါ်လာသည်။ ထိုအဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာပြီး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သောကြောင့် အောက်တိုဘာလနှောင်းပိုင်း အထိ မွတ်စလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသည် ဟု ဆိုသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ၁၉၉၁ မှစ၍ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနှင့် ထိုစဉ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုများ အပြင် လုံခြံရေး တပ်ဖွဲ့ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း တို့ဖြင့် အရေးယူ ပိတ်ဆို့ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှင့် မဏ္ဍိုင် အဖွဲ့အစည်း တထောင်ကျော်၏ ပိုင်ဆိုင်မှုများကိုလည်း ဆိုင်းငံ့ကာ လူ ၅၀၀ နီးပါးကို ဥရောပသမဂ္ဂသို့ မလာရောက်နိုင်ရန် တားဆီးခဲ့သည်။ ၎င်းသည် စစ်ရေးနည်းပညာ အကူအညီကိုလည်း ပိတ်ပင်ကာ သတ္တု တူးဖော်ရေး၊ သစ်တောနှင့် အဖိုးတန် ရတနာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ပိတ်ပင်သည်။ ပြုပြင်ပြောင်လဲရေးကို အားပေးရန် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းမှလွဲ၍ အရေးယူ ပိတ်ဆို့မှု အားလုံးကို ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့ခဲ့သည်။ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ အထိ သက်တမ်းရှိသည်။ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ရာတွင် ဥရောပ သမဂ္ဂနှင့် အဖွဲ့ဝင် နိုင်ငံများသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်များနှင့် နှစ်နိုင်ငံချင်းနှင့် နိုင်ငံစုံ ဆက်ဆံရေးကို အားပေးသင့်သည်ဟု ICG က အကြံပြုသည်။ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံကို မိန့်ခွန်း ပြောပြီး သူမ၏ အနေအထားနှင့် ရပ်တည်ချက်ကို အပြည့်အဝ အသုံးချကာ အမျိုသားရေး ပုံဖော်စုစည်းမှုကို ပိုမို အပြုသဘောဆောင်ရေး လမ်းကြောင်းသို့ ပို့ဆောင်ရန် အဆိုပါ အကြံပြုချက် ၄ ရပ်က တွန်းအားပေးသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အငြင်းပွားဖွယ်ရာ မရှိသော အမြင့်မားဆုံး ကိုယ်ကျင့်သိက္ခာနှင့် နိုင်ငံရေး အခွင့်အာဏာသည် သူမအပေါ် ပြည်သူလူထု၏ နိုင်ငံရေးအရ တိမ်းညွတ်မှု အကြီးမားဆုံးဖြစ်သည်။ ဥရောပသမဂ္ဂ အပြင် အမေရိကန် ပြည်ထောင်စုသည်လည်း လွန်ခဲ့သော သီတင်းပတ်က မြန်မာစစ်ခေါင်းဆောင်များ ဥရောပသို့ ခရီးသွားလာမှု ကန့်သတ်ခြင်း အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးများတွင် ပါဝင်သော တပ်ဖွဲ့များနှင့် အရာရှိများကို အမေရိကန်က အကူအညီပေးသော အစီအစဉ်များတွင် ပါဝင်ခြင်းမှ ပိတ်ပင်ခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာများ အပေါ် ရက်စက်သူများအား စီးပွားရေးအရ ပိတ်ဆို့မှု ပြုလုပ်ရန် စဉ်းစားနေသည် ဟု ဆိုသည်။ ထိုလုပ်ရပ်များ အပြီးတွင် မြန်မာ့တပ်မတော်က ပဋိပက္ခ ဖြစ်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်မှ လုံခြုံရေး တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို လျှော့ချပြီး ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကို လူသားချင်း စာနာမှု အကူအညီများ ပြန်လည် စတင်ခွင့်ပြုခဲ့သည်။ ကိုးကား ။ ။ Reuters The post ပိတ်ဆို့အရေးယူမှုက မြန်မာ့ အပြောင်းအလဲကို အဟန့်အတား ဖြစ်စေနိုင် ဟု ICG သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2A3bLNA
via IFTTT
No comments:
Post a Comment