အမေရိကန်ရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်း အယ်လ်အေ ဂလက်ဆီ Los Angeles Galaxy လို့လည်း လူသိများတဲ့ LA Galaxy အသင်းက အမေရိကန် ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ မေဂျာလိဂ်မှာတော့ အောင်မြင်မှု အမြင့်ဆုံးနဲ့ ဆုဖလား အများဆုံး ရယူထားနိုင်တဲ့ အသင်း အဖြစ် ရပ်တည်နေတာပါ။ အဆိုပါ မေဂျာလိဂ်ရဲ့ အဓိက အုပ်စုကြီး နှစ်ခု ဖြစ်တဲ့ အရှေ့ပိုင်း အဖွဲ့ချုပ်နဲ့ အနောက်ပိုင်း အဖွဲ့ချုပ် ဆိုပြီး နှစ်ဖွဲ့ ရှိတဲ့ အထဲက ဂလက်ဆီ အသင်းကတော့ အနောက်ပိုင်း အဖွဲ့ချုပ်ရဲ့ အသင်းဖွဲ့ဝင် တသင်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် မေဂျာလိဂ် စတင် တည်ထောင်ချိန်ကတည်းက ပါဝင်ကစားနေတဲ့ အသင်းဖြစ်ပါတယ်။ အသင်း စတင်ခဲ့တာက ၁၉၉၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပြီး သက်တမ်း ၂၃ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် ဂလက်ဆီအသင်းက အိမ်ကွင်း အဖြစ်နဲ့ StubHub Center Carson ကွင်းကို အိမ်ကွင်း အဖြစ် လက်ခံ ကစားတယ်၊ ဒီကွင်းက ဥရောပလို ဘောလုံး ပရိတ်သတ် များများစားစား မရှိတဲ့ အမေရိကန်မှာ ဖြစ်လို့ ဥရောပ ကွင်းတွေလောက် မကြီးဘဲ ပရိတ်သတ် ၂၇၀၀၀ ပဲ ဆံ့တယ်၊ အခု ကွင်းကို အိမ်ကွင်း အဖြစ် မသုံးခင်က Rose Bowl ကွင်းကို ၂၀၀၃ ခုနှစ်ထိ အိမ်ကွင်း အဖြစ် သုံးခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ လက်ရှိ အသင်းကို နည်းပြ Sigi Schmid က တာဝန်ယူ ကိုင်တွယ် နေပြီး ထူးခြားတဲ့ ပုံစံနဲ့ ပြိုင်ဆိုင်ရတဲ့ မေဂျာလိဂ် ပွဲစဉ်တွေမှာ အရင်နှစ်က နောက်ဆုံး အဆင့် ရပ်တည်မှု အနေနဲ့ အနောက်ပိုင်း အဖွဲ့ချုပ်ရဲ့ အသင်းဝင်တွေထဲမှာ အဆင့် ၃၊ အမှတ်ပေးပြိုင်ပွဲ တခုလုံးရဲ့ အမှတ်ပေး ဇယားမှာ အဆင့် ၆ နဲ့ ရှုံးထွက် ပွဲစဉ်တွေမှာ ဆီမီးဖိုင်နယ်ထိ ရောက်ရှိထားပြီး ဟိုအရင်နှစ်တွေကလို အမှတ်ပေး ဖလား ရယူနိုင်တာ မရှိဘဲ အလှမ်းကွာခဲ့တာ တွေ့ရပါတယ်။ အသင်းက အိမ်ကွင်းမှာ အဖြူရောင်အက ပေါ်မှာ အပြာနဲ့ အဝါ ကန့်လန့်ဖြတ် အစင်း တစင်းပါ အင်္ကျီနဲ့ ဘောင်းဘီ၊ အဖြူရောင် ခြေအိတ်တွေကို ဝတ်ဆင်ကစားတာ ဖြစ်ပြီး အဝေးကွင်းမှာတော့ နက်ပြာရောင် အအင်္ကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားတာ တွေ့ရပါတယ်။ ဒါဟာ အသင်းရဲ့ သက်တမ်း ၂၃ နှစ် အတွင်း အိမ်ကွင်း ဝတ်စုံ ပုံစံ ၁၃ ကြိမ်မြောက် ပြောင်းလဲ ပြင်ဆင် ဝတ်ဆင် ကစားနေတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းကို ပိုင်ဆိုင်ထားတာကတော့ AEG အဖြစ် လူသိများတဲ့ စီးပွားရေး လုပ်ငန်းစု တခု ဖြစ်တဲ့ Anschutz Entertainment Group ကနေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပြိုင်ဘက်ကတော့ တပြည်နယ်တည်း အခြေစိုက် ဖြစ်တဲ့ San Jose Earthquake ဖြစ်ပြီး SuperClascio ပွဲ အဖြစ် အမည်သတ်မှတ် ကစားတာ တွေ့ရပြီး ဒီပွဲစဉ်တိုင်းက အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှု အထူးပြင်းထန်တာ တွေ့ရပါတယ်။ ဂလက်ဆီကို မေဂျာလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းလို့ ဆိုရတာကလည်း ဒီအသင်းက အခုချိန်ထိအောင် အမှတ်ပေး ဖလားကို စုစုပေါင်း ၅ ကြိမ် ရယူထားတယ်၊ ပြီးတော့ Supporters’ Shield ကိုလည်း ၄ ကြိမ်ရထားတယ်၊ Lamar Hunt အမေရိကန် ဖိတ်ခေါ် ဖလားကိုလည်း ၂ ကြိမ်ရယူထားတယ်၊ နိုင်ငံ တကာ ပြိုင်ပွဲတွေမှာ ဆိုရင်လည်း ထိပ်တန်း အမေရိက တိုက်က ကလပ် အသင်းတွေ ဝင်ရောက်ကစားတဲ့ CONCACAF ချန်ပီယံ ဖလားကို ၂၀၀၀ ခုနှစ်က ရဖူးတယ်၊ အမေရိကန် ကလပ်တွေထဲက ဒီဖလားကို ရယူထားနိုင်တာ အခု ဂလက်ဆီအသင်းနဲ့ D.C. United တသင်းပဲ ရှိသေးတာလည်း ဖြစ်ပါတယ်။ ဒီတော့ အခုလို ဆုဖလား အရေ အတွက်တွေက အမေရိကန် အခြေစိုက် ဘယ်ကလပ်မှာမှ မရဖူးသေးတဲ့ အရေအတွက် ဖြစ်နေလို့ အခုချိန်မှာ ဂလက်ဆီဟာ မေဂျာလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ်အသင်း အဖြစ် မှတ်တမ်းဝင်နေတာလည်း ဖြစ်ပါတယ်။ ဒီအသင်းက အောင်မြင်မှုလည်း များတယ်၊ လူသိလည်း များတယ်၊ ပရိတ်သတ်လည်း ခိုင်မာတယ်လို့ ဆိုရမှာပါ၊ ဒါကလည်း ၂၀၀၇ ခုနှစ် အတွင်း နာမည်ကျော် အင်္ဂလန် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကို ရီးရဲမက်ဒရစ်ကနေ ခေါ်ယူနိုင်ခဲ့တာကနေ နာမည်ရလာပြီး အသင်းရဲ့ ပရိတ်သတ်လည်း များလာသလို အမြတ်အစွန်းလည်း ပိုလာခဲ့တာ ဖြစ်ပါတယ်။ အခြား နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ရော်ဘီကိန်း၊ လူးရစ် ဟာနန်ဒက်၊ ဂျီရိုဗန်ဒီ ဒေါ့ ဆန်းတို့၊ ဂျိုနသန် ဒေါ့ ဆန်းတို့၊ ဂျော့ ကမ်ပို၊ စတီဗင် ဂျရတ်နဲ့ လန်ဒန် ဒိုနိုဗန်လို ကစားသမားတွေကိုလည်း ခေါ်ယူ အားဖြည့်တာတွေ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်း Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ ဂလက်ဆီ အသင်း အနေနဲ့ မေဂျာလိဂ် အသင်းတွေထဲမှာ နှစ်စဉ် ဝင်ငွေ ဒုတိယ အများဆုံး ရရှိနေတဲ့ အသင်း ဖြစ်ပြီး တနှစ် ဝင်ငွေ ဒေါ်လာ ၄၄ သန်းလောက် ရနေသလို အသင်းရဲ့ တန်ဖိုးကတော့ ၂၀၁၅ ခုနှစ် အတွင်းက ဒေါ်လာ သန်း ၂၄၀ လောက် ရှိတယ်လို့ ဖော်ပြတာ တွေ့ရပါတယ်။ စပွန်ဆာတွေ ကနေ တနှစ်ကို ဒေါ်လာ ၁၄ သန်း၊ ရုပ်သံ ပြသခွင့်တွေကနေ ဒေါ်လာ ၅ သန်း ပုံမှန် ရနေပြီး ဒီအပိုင်းတွေမှာ အသင်းရဲ့ ဝင်ငွေက အခြား မေဂျာလိဂ် အသင်းတွေထက် ဝင်ငွေ ပိုကောင်းနေတာ ဖြစ်ပါတယ်။ အသင်းမှာ အနားပေးထားတဲ့ ကျောနံပါတ် တခု ရှိပါတယ်။ သူကတော့ ၁၃ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အတွင်း အသင်းရဲ့ ကွင်းလယ် ကစားသမား အဖြစ် ကစားခဲ့သူ Cobi Jones ကို ဂုဏ်ပြုပြီး ဒီနံပါတ်ကို အနားပေးထားတာ ဖြစ်ပါတယ်။ သူက အသင်း အတွက် ပွဲအများဆုံး ကစားပေးထားသူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၃၀၆ ပွဲထိ ကစားပေးထားတာလည်း ဖြစ်ပါတယ်။ အသင်း အတွက် ဂိုး အများဆုံး သွင်းထားသူကတော့ လန်ဒန် ဒိုနိုဗန် ဖြစ်ပြီး သူက ၁၁၂ ဂိုး သွင်းယူပေးထားတယ်၊ ဟက်ထရစ် အများဆုံး သွင်းယူထားနိုင်သူတွေက ကိုဘီဂျုံး၊ အက်ဆန် ဘက်ဒယ်၊ ရော်ဘီကိန်းတို့က ၄ ကြိမ်စီ သွင်းယူ ထားတယ်၊ ဂိုးရရှိဖို့ ထောက်ပံ့မှု အများဆုံး လုပ်ထားသူက လန်ဒန် ဒိုနိုဗန် ဖြစ်ပြီး ၁၀၇ ကြိမ်ထိ လုပ်ထားတယ်၊ ပေးဂိုးမရှိ ဂိုးသမား အဖြစ်ကတော့ ကီဗင်ဟာ့မန်းက ၆၂ ပွဲ ဖမ်းထားတာ တွေ့ရပါတယ်။ ဒါက မေဂျာလိဂ်ရဲ့ အောင်မြင်မှု အမြင့်ဆုံး အသင်း ဂလက်ဆီရဲ့ သိကောင်းစရာလေးတွေပါ၊ နောက်နှစ်တွေမှာလည်း အောင်မြင်မှု အများဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ။ Ref: http://ift.tt/1nTw5C9 The post အမေရိကန်ရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်း အယ်လ်အေ ဂလက်ဆီ appeared first on ဧရာဝတီ.
Source : http://ift.tt/2yOH6Fe
via IFTTT
No comments:
Post a Comment