Friday, October 27, 2017


အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးရေး သဘောထားကွဲ အစိုးရနှင့် တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ညှိနှိုင်းနေသည်မှာ နှစ်ဝက်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးရေး ကိစ္စမှာပင် သဘောထား ကွဲလွဲနေပြီး ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း သိရှိရသည်။ တွေ့ဆုံဆွေးနွေးရေး အတွက် အစိုးရက ထိုအဖွဲ့များကို သီးခြားစီတွေ့ဆုံ ဆွေးနွေးလိုသော်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့များက ၎င်းတို့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) အနေ ဖြင့်သာ ဆွေးနွေးမည်ဟု ဆို၍ ထိုသဘောထားပေါ်တွင် ရှေ့မဆက်နိုင်ခြင်း ဖြစ်သည်။ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က “ကျနော်တို့ကတော့ FPNCC ကိုတော့ ကော်မတီအလိုက်တော့ ဆွေးနွေးမှာ မဟုတ်ဘူး။ တဖွဲ့ချင်း ဆွေးနွေးမယ်။ သုံးဖွဲ့ ဆွေးနွေးမယ်။ လေးဖွဲ့ ဆွေးနွေးမယ် ရတယ်” ဟု ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၄ ရက်နေ့က သတင်းထောက်များကို ပြောသည်။ FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။ အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့လုံး ပါဝင်စေလိုသည့် ဆန္ဒရှိပြီး အားလုံး ကို တွေ့ဆုံဆွေးနွေးရေး တံခါး ဖွင့်ထားကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်လည်း ထိုသဘော ဆန္ဒ ရှိကြောင်း ဦးဇော်ဌေး က ရှင်းပြသည်။ မြောက်ပိုင်း ၇ ဖွဲ့ကို FPNCC ကော်မတီ အနေဖြင့် မတွေ့ဖြစ်ရခြင်းသည် ထိုကော်မတီတွင် ပါသော UWSA၊ SSPP နှင့် NDAA တို့က အစိုးရနှင့် Bilateral Agreement ကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားသည့် အဖွဲ့များ ဖြစ်ပြီး ကျန်အဖွဲ့များက ထိုသဘောတူညီချက်များ မရရှိထားသေးသဖြင့် ခွဲတွေ့ရမည့် အနေအထားဖြစ်ကြောင်း လည်း အကြောင်းပြချက် ပေးသည်။ မြောက်ပိုင်း ၇ ဖွဲ့ကတော့ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး မူလက ချမှတ်ထားသည့် သဘောထားအတိုင်း FPNCC ကော်မတီအနေဖြင့် သာတွေ့ဆုံမည်ဖြစ်သည်ဟု FPNCC အဖွဲ့ဝင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောဆိုသည်။ ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ဦးဇော်ဌေး ပြောတဲ့အတိုင်း FPNCC အနေဖြင့် မတွေ့ဆုံဘူး ဆိုရင်တော့ တွေ့ဆုံရေး လမ်းကြောင်းက တန့်နေပြီလို့ ပြောလိုက်ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ မြောက်ပိုင်း အဖွဲ့များနှင့် အစိုးရတို့ကြား ယခုနှစ် မေလကုန်ပိုင်းက နေပြည်တော်တွင်း ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးနောက်ပိုင်း တရုတ်နိုင်ငံမှ ကြားဝင် စေ့စပ်ပေးမှုများ ရှိနေ သည့်တိုင် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းများ ဖြစ်မြောက်လာခြင်း မရှိပေ။ ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျနော်တို့ကတော့ FPNCC အနေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးနည်းလမ်း အရ ဆွေးနွေးတဲ့ အချိန်မှာလည်း ပိုပြီး ခရီးရောက်နိုင်မယ်၊ တဖွဲ့ချင်းဆိုရင် တဖွဲ့တမျိုးနဲ့ ပြီးမှာမဟုတ်ဘူး။ ဒါကြောင့် ကော်မတီ အနေနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိ အချိန်အထိတော့ အစိုးရက FPNCC အဖွဲ့ဝင်များကို တွေ့ဆုံဆွေးနွေးရေး ဆက်သွယ်လာခြင်း မရှိသေးကြောင်းနှင့် KIA၊ TNLA နှင့် SSPP အဖွဲ့များ၏ လှုပ်ရှားနယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများ အင်အားဖြည့်တင်းမှု ရှိနေကြောင်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောဆိုသည်။ အစိုးရအနေဖြင့် KIA၊ MNDAA၊ TNLA နှင့် AA တို့ ၄ ဖွဲ့ကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် Bilateral Agreement လက်မှတ်ရေးထိုးပြီး FPNCC အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ ဆက်သွားနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသည့် နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က ပြောပြသည်။ ဦးမောင်မောင်စိုး က “အဲဒီလေးဖွဲ့နဲ့ လက်မှတ်ထိုးရေးကို အရင်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အဲဒါပြီးလို့ ရှိရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲကို FPNCC အနေနဲ့ ဆက်သွားလို့ရတာပဲ၊ အဲဒါဆိုရင်တော့ ၂ ဘက်ညှိနှိုင်းလို့ရနိုင်တဲ့ အခြေအနေမျိုး ပေါ်ထွက် လာနိုင်တယ်လို့ ထင်တယ်။ အဲဒါကိုလည်း ကြားဝင်ညှိနှိုင်းပေးမယ့်လူ လိုအပ်တယ်”ဟုလည်း ဧရာဝတီသို့ ပြော သည်။ မြောက်ပိုင်း ၇ ဖွဲ့နှင့် အစိုးရတို့ကြား တွေ့ဆုံဆွေးနွေးအတွက် တရုတ်နိုင်ငံသည် တဖြည်းဖြည်း ပိုမိုအရေးပါလာသည်ကို တွေ့ရပြီး ထိုလက်နက်ကိုင် ၇ ဖွဲ့သည် ယခုနှစ် မေလကုန်က နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်လာခြင်းသည်လည်း တရုတ်၏ တိုက်တွန်းမှုကြောင့်သာ ဖြစ်သည်။ နှစ်ဘက်အကြား ဆွေးနွေးညှိနှိုင်းရေး အတွက် ပေါင်းကူးပေးနေသူမှာ တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ဖြစ်ပြီး ၎င်းသည် ယခုလလယ်ပိုင်းက နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုဆွေးနွေးချက်များတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စပါ ပါဝင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသော တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ အပြီးတွင် အစိုးရနှင့် မြောက်ပိုင်း ၇ ဖွဲ့ကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်လာရန် မစ္စတာ ဆွန်ကော့ရှန် အနေဖြင့် လုပ်ဆောင် လာဖွယ် ရှိသည်ဟု တိုင်းရင်းသား အရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။ The post အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးရေး သဘောထားကွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2i8qIW7
via IFTTT

No comments:

Post a Comment