Monday, October 30, 2017


ရှမ်း ၂ ပါတီ ပေါင်းစည်းရေး မဖြစ်နိုင်သေးဟု ဆို ရှမ်းပါတီကြီး ၂ ခုဖြစ်သော ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)နှင့် ရှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ ချုပ် (SNLD)တို့ ပေါင်းစည်းရေး မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် မဖြစ်နိုင်ဟု SNLD ပါတီဘက်မှ ပြောသည်။ SNLD နှင့် SNDP တို့ တပါတီတည်းအဖြစ် ပေါင်းစည်းရေး အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်က ၂ ကြိမ် ဆွေးနွေးခဲ့ကြသော်လည်း ယနေ့အထိ ညှိနှိုင်းမှု အဆင်မပြေဘဲ ဖြစ်နေကြောင်း သိရသည်။ တပါတီတည်း အဖြစ် ပေါင်းစည်းရေး မူဝါဒပိုင်းဆိုင်ရာများ ညှိနှိုင်းမရခြင်းကြောင့်ဟု ဆိုသော်လည်း မည်သည့် မူဝါဒ ပိုင်း ဆိုင်ရာများ ဖြစ်သည်ကိုမူ ပါတီ နှစ်ခုစလုံးက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ “အဓိက အတားအဆီးက မူဝါဒပဲ။ ဒါပေမယ့် သေချာတော့ မပြောနိုင်ပါဘူး။ အရင်ကတော့ လုပ်ခဲ့တာပဲ၊ အရင် တုန်း ကတော့ ညှိနှိုင်းထားတာတွေ ရှိတယ်။ ဒီကိစ္စကို ကျနော်တို့ဘာမှ ပြောလို့ မရသေးပါဘူး။ ဘာမှလုပ် မထားသေးဘူး။ ဘာမှ မစဉ်းစားသေးပါဘူး”ဟု SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။ ကျားဖြူပါတီခေါ် SNDP သည် SNLD နှင့် ပေါင်းစည်းရေး သဘောတူညီကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၈ ရက် က ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ထံ သဘောထား တင်ပြခဲ့သည်။ ဦးစိုင်းညွန့်လွင်က “ကျနော်တို့ဆီ မရောက်ဘူး၊ သူတို့စာ မရောက်သေး ပါဘူး။ ကျနော်တို့ ဖေ့စ်ဘုတ်ပေါ်ပဲ တွေ့တယ်။ CSSU ကလည်း ဘာမှ မပြောသေးဘူး။ အဲ့ဒါကို ဆွေးနွေးပြီးမှပဲ ပြောလို့ရမယ်” ဟု ပြောသည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ရှမ်းတိုင်းရင်းသား တဦးဖြစ်သူ စိုင်းသားက“ ပေါင်းစည်းစေချင်တာပေါ့။ ၂၀၁၅ မှာ သင်ခန်းစာ ရခဲ့ပြီလေ။ တပါတီတည်းဖြစ်ရင် အဲ့ဒီလောက် ဆုံးရှုံးမှုမရှိနိုင်ဘူး။ ၂၀၁၅ မှာ ရှမ်းပြည် အရှေ့ပိုင်းမှာဆိုရင် ရှမ်းပါတီမှ တနေရာမှ မရဘူး။ မဲကွဲနေလို့ပေါ့။ ၂ ပါတီ ဖြစ်နေတော့ ပြည်သူကလည်း ၂ ဖွဲ့ကွဲနေတာပေါ့။ ဒီအချိန် ပေါင်းစည်းသင့် ပါပြီ။ ဒီပေါင်းစည်းရေး ကလည်း သံဃာတော်နဲ့ ပြည်သူတွေ တောင်းဆိုလာတာ ကြာခဲ့ပါပြီ။ ၂၀၁၅ မတိုင်ခင်ကတည်းက ပေါင်းစည်း သင့်နေပါပြီ”ဟု ပြောဆိုသည်။ SNDP က CSSU ထံသို့ ပေးပို့သော စာထဲတွင် လက်ရှိ ရှမ်းနိုင်ငံရေးပါတီကြီး ၂ ပါတီသည် လာမည့် နိုင်ငံရေး အခြေအနေ အပေါ် အမျိုးသား အကျိုးစီးပွားကို အခြေခံ ဦးစားပေး၍ လက်ရှိ လျှောက်လှမ်းနေသော နိုင်ငံရေး လမ်းကြောင်း အသီးသီးမှ ပိုမို ကျစ်လျစ်ခိုင်မာသော လမ်းကြောင်းကို ဦးစားပေး ရွေးချယ်သင့်ပြီး ဖြစ်ကြောင်း ကျားဖြူ ပါတီ(SNDP)မှ ထင်မြင် ယူဆပါသည်ဟု ဆိုထားသည်။ ထို့နောက် ၂၀၁၅ မှစ၍ ပြည်သူလူထုကို နစ်နာစေခြင်းအား ရှောင်လွှဲနိုင်ရန်အတွက် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲတွင် ရှမ်းပါတီကြီး ၂ ပါတီမှ (က) မဲဆန္ဒနယ်မြေ ခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် (သို့မဟုတ်) ၊ (ခ) မြို့နယ်ခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် (သို့မဟုတ်)၊ (ဂ) ပူးပေါင်းခြင်း အောင်မြင်ပါက ရှမ်းပါတီ တခုတည်း အမည် ဖြင့် ရွေးကောက်ပွဲဝင်ရန် CSSU ထံ တင်ပြထားသည်။ CSSU သည် ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်းလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ရှမ်းပြည်ညီညွတ်ရေးကော် မတီ တရပ်ဖြစ်ကာ ရှမ်းပြည်အရေးကိစ္စများ အပါအဝင် ရှမ်းလူမျိုးများ အခြေအနေ၊ ရှမ်းနိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်း ရေး အခြေအနေများ စသည့် အရေးကိစ္စများကို ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော ကော်မတီ တရပ်လည်း ဖြစ်ကြောင်း သိရသည်။ ထိုကော်မတီတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA)၊ SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ် အဖွဲ့၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့ ပါဝင်ကြသည်။ ရှမ်းနိုင်ငံရေး လေ့လာသူ ဆိုင်းဝမ်ဖှက “CSSU မှာ ညီညွတ်ရေး အတွက် အရေးကြီးတဲ့ အဖွဲ့ဝင်ဆိုင်ရာ စံ သတ်မှတ် ချက်မူ ၊ ရေရှည် အမြော်အမြင်နဲ့ လက်နက်ကိုင်တွေရဲ့ တဖွဲ့ချင်း ရပ်တည်ရေး ဦးစားပေး မူဝါဒတွေ စတဲ့ အားနည်း တာဟာ အားလုံးကို ဒုက္ခပေးနိုင်တယ်”ဟု ပြောဆိုသည်။ SNLD သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲဆန္ဒနယ် ၅၆ နေရာကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၃ နေရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများကိုမူ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၀ အနိုင်ရရှိခဲ့သလို ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက် ပွဲ တွင် ရှမ်းပြည်နယ် အတွင်း မဲဆန္ဒနယ် ၇ နေရာ ဝင်ရောက် အရွေးချယ်ခံရာ ကိုယ်စားလှယ် ၆ ဦး ထပ်မံ အနိုင်ရရှိခဲ့ သည်ဟု ဆိုသည်။ SNDP သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ ဦး စုစုပေါင်း ၅၇ နေရာ အနိုင်ရခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် ၄ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ နေရာ စုစုပေါင်း ၅၈ နေရာ အနိုင်ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲ၌ မဲဆန္ဒနယ် ၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အနိုင်မရရှိခဲ့ကြောင်း သိရသည်။ The post ရှမ်း ၂ ပါတီ ပေါင်းစည်းရေး မဖြစ်နိုင်သေးဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2zho7EF
via IFTTT

No comments:

Post a Comment