ဘုရင့်နောင်မင်းတြားကြီး၏ ခေါင်းလောင်း ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် ဖြစ်လာ ဘုရင့်နောင်မင်းတြားကြီး ပုဂံရွှေစည်းခုံဘုရားသို့ လှူဒါန်းခဲ့သည့် မွန်-မြန်မာ- ပါဠိ သုံးဘာသာဖြင့် ရေးထိုးထား သော ခေါင်းလောင်းကို “ကမ္ဘာ့အမွေအနှစ် မှတ်တမ်းစာရင်းဝင်” အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)က အသိအမှတ်ပြုလိုက်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကို ရုံးချုပ်၌ အောက်တိုဘာလ ၂၄ရက်နေ့စတင်ကာ လေးရက်ကြာပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ အကြံပေးကော်မတီ (IAC)၏ အစည်းအဝေးပြီးနောက် ၂၀၁၇ -၂၀၁၈ ခုနှစ်အတွက် ကမ္ဘာအမွေအနှစ် မှတ်တမ်း စာရင်းထုတ်ပြန်ရာ မြန်မာနိုင်ငံမှ ဘုရင့်နောင်မင်းတြားကြီး၏ ခေါင်းလောင်းကို ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုရင့်နောင် မင်းတြားကြီး၏ ခေါင်းလောင်းစာနှင့် ပတ်သက်၍ ကမ္ဘာအမွေအနှစ် မှတ်တမ်းစာရင်း တင်သွင်းနိုင်ရန် အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းသုတေသနဌာနမှ ၂၀၁၆ခုနှစ်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကြေး ပိဿာ ၂၁၀၀ ဖြင့် သွန်းထားသည့် ခေါင်းလောင်းပေါ်တွင် ၁၅၅၁ ခုနှစ်မှ ၁၅၈၁ အထိ ဘုရင့်နောင် မင်းတြားကြီး အုပ်စိုးစဉ်ကာလက သိမ်းပိုက်အောင်မြင်မှုများနှင့် ကောင်းမှုကုသိုလ် အစုစုကို ရေးထိုး ထား ခြင်းဖြစ်ပြီး၊၁၅၅၁ ခုနှစ် ကေတုမတီ(တောင်ငူ)နှင့် ပြည်မြို့ကိုအောင်နိုင်ခြင်း၊ ၁၅၅၂ ခုနှစ် ဟံသာဝတီ ပဲခူး ကိုအောင်နိုင်ခြင်း၊ ၁၅၅၄ ခုနှစ် ကမ္ဘောဇသာဒီ နန်းတော်ကြီးကို တည်ဆောက်ကာ နန်းတက်ပွဲ ကျင်းပခြင်း၊ ၁၅၅၇ ခုနှစ် မိုးမိတ်စော်ဘွားကို အောင်နိုင်၍ မိုးမိတ်နှင့် သီပေါတွင် ဘုရားတည်ခြင်း၊ မိုင်းယောင်း၊ မိုးကောင်းကိုအောင်နိုင်မှု စသည့်တို့ ပါဝင်သည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)မှ အသိအမှတ်ပြုသည့် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းစာရင်းဝင် ၃ ခုရှိလာပြီဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်က မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းရှိ “ကမ္ဘာ့ အကြီးဆုံးစာအုပ်”ဟု တင်စားခေါ်ဝေါ်သည့် ၁၅၃ နှစ် သက်တမ်းရှိ ကုသိုလ်တော် ပိဋကတ် ကျောက်စာများကို မြန်မာနိုင်ငံ၏ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်းဝင် အဖြစ် UNESCO က ပထမဆုံး အကြိမ် အသိအမှတ်ပြုခဲ့ပြီးနောက်၊ ၂၀၁၆ ခုနှစ်တွင် ပုဂံ မြစေတီကျောက်စာနှင့် အလောင်းမင်းတြားကြီး၏ ရွှေပေလွှာတို့ကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်း စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ ယနေ့ထုတ်ပြန်သည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းစာရင်းတွင် နိုင်ငံပေါင်း ၇၈နိုင်ငံမှ အမွေအနှစ် ၇၈ခုလည်း ပါရှိသည်။ The post ဘုရင့်နောင်မင်းတြားကြီး၏ ခေါင်းလောင်း ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် ဖြစ်လာ appeared first on ဧရာဝတီ.
Source : http://ift.tt/2z1ZatW
via IFTTT
No comments:
Post a Comment