အဓမ္မ ခိုးယူ ပေါင်းသင်းမှုဖြင့် “ခွန်တန်” ကို အမှုဖွင့် “ခွန်တန်” ခေါ် “ဇာတ်လိုက်” အား အလံတရာ သာသနာ့ နယ်မြေ၊ ဗုဒ္ဓ သစ္စာ ရပ်ကွက်နေ ဦးဝင်းညွန့်က တရားလိုပြု လုပ်၍ ၎င်း၏သမီး ၂ဦးကို အလိုမတူဘဲ အဓမ္မခိုးယူ ပေါင်းသင်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မွန် ပြည်နယ် သထုံမြို့မ ရဲစခန်း၌ အမှုဖွင့်လိုက်သည်။ ဦးဝင်းညွန့်၏ သမီး ၂ဦးအား မိဘများ အလို မတူဘဲ အဓမ္မခိုးယူ ပေါင်းသင်းခဲ့သည့် စွဲချက်ဖြင့် ခွန်တန် အပါအဝင် ၇ ဦး တို့ကို ဦးဝင်းညွန့်က အမှုဖွင့်ခြင်း ဖြစ်ပြီး ခွန်တန် လက်ချည် (လက်ထပ်) ခဲ့သည့် အမျိုးသမီးများ၏ မိဘများ အနေ နှင့် ပထမဆုံး အကြိမ်အဖြစ် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “နစ်နာ သူက တိုင်ကြားရင်တော့ ရဲကျင့်ထုံး ဥပဒေ ပုဒ်မ ၁၅၄ အရ ကျနော်တို့ ဖွင့်ပေးရတယ်၊ ကျင့်ထုံး ဥပဒေ ၁၅၄ မှာ ကာလ စည်းကမ်းသတ် မရှိဘူးဗျ၊ သူတို့ကို ပုဒ်မ ၃၆၃ ၊ ၃၆၆၊ ၁၁၄ (အားပေးကူညီမှု) ဒီ ပုဒ်မ ၃ ခုနဲ့ ဖခင်ဖြစ်တဲ့ ဦးဝင်းညွန့် က မနေ့ ညနေက လာဖွင့်ထားတယ်” ဟု သထုံမြို့မ ရဲစခန်းမှ ဒုရဲမှူး မောင်မောင်က ဧရာဝတီသို့ ပြော သည်။ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ လူခိုးမှုသည် အများဆုံး ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၆၆ အဓမ္မ ခိုးယူ ပေါင်းသင်း ထိမ်းမြား ခြင်းသည် အများဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်ကြောင်းလည်း သိရှိရသည်။ ရဲစခန်း တိုင်ချက်တွင် ဦးဝင်းညွန့်၏ သမီးအငယ် မ ——— ၁၅ နှစ်အား “ခွန်တန်” ၏ နိဗ္ဗာန်ဆော် အောင်မြတ်စိုး ၊ လူပျိုခေါင်း ဝင်းဗိုလ် (ဇာတ်လိုက်၏ ညာလက်ရုံးဟု ဆိုသူ) တို့က “ ခင်ဗျား ထီပေါက်ပြီ ခွန်တန် ၊ ဇာတ်လိုက် က ခင်ဗျား သမီး မ —— ကို လက်ထက်မယ်” ဟု ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လာရောက် ပြောဆိုခဲ့စဉ် ဦးဝင်းညွန့်က ၎င်း၏ သမီးသည် အသက် ၁၅ နှစ်သာ ရှိသဖြင့် လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ပါရှိသည်။ သို့သော် နောက် ၃ ရက် အကြာတွင် ခွန်တန်၏ မွေးစာ ဖခင် အိမ်၌ ထိုဦးညွန့်ဝင်း၏ သမီးအား ခေါ်ယူ ထားသည်ဟု သိရှိခဲ့ရာ ဦးဝင်းညွန့်မှ ဇရစ်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ထံသို့ သွားရောက် ပြောကြား ပြီးနောက်မှသာ ၎င်း၏ သမီးကို အိမ်ပြန် ပို့ပေးခဲ့သည်ဟုလည်း ရဲစခန်း တိုင်ချက်တွင် ဖော်ပြထားသည်။ နောက်တနေ့၌မူ မ—– ပအို့ဝ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက် ချိန်၌ ခွန်တန်နှင့် အပေါင်း အပါ များက မ ———- ကို ကားဖြင့် တောင်ကြီးသို့ ခေါ်ဆောင် သွားခဲ့ကာ ရက် ၂၀ ကြာမှ အလံတရာသို့ ပြန်လည် ရောက်ရှိလာပြီး ၎င်း၏ သမီး မ ————-နှင့် လက်ချည် (လက်ထပ်) ပွဲ ပြုလုပ် ခဲ့ရကြောင်းလည်း ဦးဝင်းညွန့် ၏ ရဲစခန်း တိုင်ကြားချက်များအရ သိရှိရသည်။ ၂၀၁၄ ခုနှစ် အတွင်းကလည်း ဦးဝင်းညွန့် ၏ သမီးအကြီး ဖြစ်သူကို မိဘများ အလိုမတူဘဲ အဓမ္မ ခိုးယူ ပေါင်းသင်းမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဒုရဲမှူး မောင်မောင်က “အမှု တည်ဆောက်ဖို့ လိုသွားပြီ၊ သက်သေ အထောက်အထားတွေ ရှာဖွေပြီးတော့ ဆက်လက် စုံစမ်း ဖမ်းဆီးပြီး တရားစွဲတင် သွားဖို့ ဆက်လက် လုပ်ဆောင် နေတယ်၊ တရားလိုရဲ့ တိုင်တန်းချက်ကို ထောက်ခံ ထွက်ဆိုမယ့် သက်သေ အားနည်းခြင်း အားသာခြင်း ကတော့ တိုင်တန်းသူ အပိုင်း ဖြစ်သွားပြီ”ဟု ပြောသည်။ “ခွန်တန်” ထိုကဲ့သို့ လက်ထပ် ပေါင်းသင်း ခဲ့သည့် အမျိုးသမီးငယ် ၈ ဦး၊ ၉ ဦးခန့် ရှိကြောင်း ဇရစ်ချောင် အုပ်ချုပ်ရေး မှူး ဦးသန့်ဇင်က အောက်တိုဘာ ၂၄ ရက်နေ့၌ ဧရာဝတီက သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ အမျိုးသမီးငယ်များအား တလ ခန့်သာ နေထိုင် ပေါင်းသင်းကြောင်းလည်း ဇရစ်ချောင် အုပ်ချုပ်ရေးမှူးက ဆိုသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင် ဧရာဝတီက အလံတရာ နယ်မြေ အတွင်း ၆ ရပ်ကွက်ရှိ ခွန်တန်နှင့် လက်ချည် ခဲ့ သည့် တခြားသော အမျိုးသမီး နှစ်ဦးနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ရာတွင် ၎င်းတို့ လက်ချည်ပြီးနောက် ခွန်တန်နှင့် လင်မယား အရာမြောက် ပေါင်းသင်း နေထိုင်ခဲ့ရခြင်းမရှိဟု ပြောကြားသည်။ ခွန်တန်နှင့် ပတ်သက်ပြီး ရဲစခန်းသို့ သွားရောက်၍ ပထမဆုံး အမှုဖွင့်ခဲ့သည့် ဦးဝင်းညွန့်အား အောက်တိုဘာ ၂၄ ရက် နေ့တွင် ဧရာဝတီက ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပါ။ ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့၌ ဦးဝင်းညွန့်က “ခွန်တန် ခေါ် ဇာတ်လိုက်ကို ကျနော့် သားမယားတွေက အသက်ရော အရှက်ရော ပေးထားတယ် ဆိုတော့ ဖြစ်လာရင် သူတို့က မသိဘူး ပြောမယ်၊ အသားကိုတောင် လက်နဲ့ မထိဘူး ပြောမယ်၊ သူတို့က ထုတ်မပြောတော့ ကျနော်က အမှုဖွင့်ဖို့ မလွယ်ဘူး”ဟု ဧရာဝတီကို ထုတ်ဖော် ပြောကြား ထားသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း အလံတရာ နယ်မြေ အတွင်း၌ အမျိုးသမီးငယ်များအား အဓမ္မ လက်ထပ် ထိမ်းမြားခြင်း ပြုလုပ်နေသည့် အဆိုပါ “ခွန်တန်” ခေါ် “ဇာတ်လိုက်” ကျူးလွန်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ကာယကံရှင်များ ကိုယ်တိုင် ထုတ်ဖော် ပြောကြား နိုင်ခြင်း မရှိသဖြင့် ကိုင်တွယ်ရန် ခက်ခဲနေကြောင်း မွန်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ မျာအား အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။ The post အဓမ္မ ခိုးယူ ပေါင်းသင်းမှုဖြင့် “ခွန်တန်” ကို အမှုဖွင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2gHxy8I
via IFTTT
No comments:
Post a Comment