နေပြည်တော်တွင် သိမ်းဆည်းခဲ့သည့် မြေများအတွက် နစ်နာကြေးပေး နေပြည်တော်ကောင်စီ နယ်မြေ တည်ဆောက်ခဲ့စဉ်ကာလက သိမ်းဆည်းခဲ့သည့် သစ်တော မြေဧက ၃၈ ဒသမ ၄၄ ဧက အတွက် တောင်သူ ၁၄ ဦး ကို နစ်နာကြေး အဖြစ် တဧက ဆယ်သိန်းနှုန်း ဖြင့် သိန်း ၃၉၀ ကျော် ပေးခဲ့ကြောင်း သိရသည်။ လျော်ကြေးပေးအပ်သည့် မြေများမှာ ဇမ္ဗူသီရိ မြို့နယ်၊ ဗလသိဒ္ဓိ ရပ်ကွက် မှ မြေဧက ၃၈ ဒသမ ၄၄ ဧက နှင့် သီးနှံများအတွက် ဖြစ်ပြီး ယင်းအတွက် နစ်နာမှု ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ယနေ့ နေ့လည်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင် ဦးမင်းသူက “ တဧက ဆယ်သိန်းနှုန်းနဲ့ လျော်ကြေးပေးတာ ဖြစ်ပါတယ်။ ဒီနေရာတွေက အရင်က ဦးပိုင်ပေါက် လယ်ယာမြေတွေတော့ မဟုတ်ဘူး။ သစ်တောကြိုးဝိုင်းထဲမှာ လုပ်ကိုင် စားသောက်တဲ့ မြေတွေပါ။” ဟု ပြောသည်။ နေပြည်တော်ကောင်စီနယ်မြေ စတင် တည်ဆောက်ခဲ့စဉ်က သိမ်းဆည်းခဲ့သည့် မြေ ဧက ခြောက်သောင်းဝန်းကျင်ရှိပြီး ယင်းအထဲတွင် လယ်ယာမြေ ဧက ၂၃၀၀၀ ကျော်၊ သစ်တောမြေမှ စွန့်လွှတ်သည့် မြေ ဧကပေါင်း သုံးသောင်းခန့်၊ မြေလွှတ်မြေရိုင်း ဧက ၁၀၀ ခန့် နှင့် မြို့ဟောင်း ၃ မြို့ ဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့မှ ဧက ၅၀၀၀ ကို မြို့မြေ အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လျော်ကြေးငွေ သိန်းသုံးဆယ် ရရှိသူ ဒက္ခိဏသီရိ မြို့နယ်၊ ရွာသစ်ကျေးရွာ မှ ဦးစိုးဝင်းက “ ဒီငွေဟာ သင့်တင့်လျောက်ပတ်တဲ့ ငွေပဲ ရှိတာပါ။ ကျနော်တို့က နစ်နာတာဟာ နစ်နာ တာပါပဲ။ ရတဲ့ ပိုက်ဆံနဲ့ တောင်သူ အလုပ်ပဲ ဆက်လုပ်သွားမှာပါ။ အသိမ်းခံရတာက ၈ ဧက၊ လျော်ကြေးက သိန်း ၈၀ ရပါတယ်။ လျော်တဲ့နှုန်းနဲ့ဆိုရင်တော့ မြေကွက် ပြန်ဝယ်လို့ မရပါဘူး။ ရွာဘက်မှာတောင် တဧက ကို သိန်း ၁၀၀ ကျော် ဖြစ်ကုန်ပြီ။”ဟု ပြောသည်။ “ တဧကကို မိုးပဲဆို ၁၃၀ ကျော်ထွက်တယ်၊ ကြားပဲ ၁၄၀ နီးပါးထွက်တယ်၊ နှမ်းဆို တင်း ၆၀ ကျော်ထွက်တယ်။ ဒီလိုအကွက်တွေကို အသိမ်းခံလိုက်ရတော့ တောာ်တော်တော့ ဒုက္ခရောက်တယ်။ “ ဟု လျော်ကြေးငွေ ရရှိသူ ဒက္ခိဏ သီရိမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာမှ တောင်သူ ဦးသိန်းဝင်း က ဧရာဝတီသို့ ပြောသည်။ သိမ်းဆည်းမြေများထဲမှ လယ်ယာမြေ ၂၃၀၀၀ ကျော် ဧက အတွက် ၉၅ ရာခိုင်နှုန်း နီးပါး လျော်ကြေးငွေ အဖြစ် ပြန်လည် ပေးခဲ့ပြီး ဖြစ်ပြီး သစ်တောမြေအတွက် ဧက ၁ ထောင်ခန့်လည်း လျော်ကြေးပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိ အစိုးရလက်ထက်တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်း သိမ်းဆည်းခံမြေ များအတွက် တောင်သူများကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး ခုနှစ် အတွင်း နစ်နာကြေးငွေ ပေးအပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး သစ်တောစိုက်ပျိုးမြေ ဧက ၉၀၀ ကျော်ရှိ နစ်နာသည့် တောင်သူ ၃၈၂ ဦးအတွက် လျော်ကြေးငွေ သန်း ၁၁၀၀ ကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ The post နေပြည်တော်တွင် သိမ်းဆည်းခဲ့သည့် မြေများအတွက် နစ်နာကြေးပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2lmX5pb
via IFTTT
No comments:
Post a Comment