လွှတ်တော်အား ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသည့် သတင်းထောက်အပါအဝင် ၄ ဦး အရေးယူခံရ နေပြည်တော်ကောင်စီနယ်မြေရှိ လွှတ်တော် အဆောက်အအုံများဆီသို့ ဒရုန်းလွှင့်တင်၍ ဓာတ်ပုံ ရိုက်ကူးရန် ကြိုးစားသူ ၃ ဦးနှင့် ယာဉ်မောင်း တဦးကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူလိုက်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ တူရကီ သတင်းဌာန TRT စင်္ကာပူရုံးခွဲမှ မလေရှားနိုင်ငံသူ Mok Choy Lin၊ စင်ကာပူနိုင်ငံသား Lau Hon Meng ၊ သတင်းထောက်နှင့် စကားပြန်အဖြစ် ဆောင်ရွက်သူ အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ကို 16GB Memory Card ပါ Mavic အမျိုးအစား ဒရုန်းယာဉ် ခဲရောင်နှင့် Remote Control တခုနှင့်အတူ တွေ့ရှိရပြီးနောက် ယမန်နေ့က ထိန်းသိမ်းလိုက်ပြီး ယနေ့တွင် ခွင့်ပြုချက် မရှိဘဲ ဒရုန်းယာဉ် တင်သွင်းသည်ဟု ဆိုကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ “သူတို့ကို ပို့ကုန်သွင်းကုန် ၈ နဲ့ အရေးယူထားတယ်ဆိုတာ မှန်ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းအောင်က ဧရာဝတီ သို့ အတည်ပြုသည်။ ဒရုန်းယာဉ်ကို လွှတ်တင်ခဲ့သူမှာ စင်ကာပူနိုင်ငံသား Lau Hon Meng ဖြစ်ပြီး ၎င်းလွှတ်တင်ခဲ့သည့် MAVCICPRO ဒရုန်းယာဉ်မှာ ခွင့်ပြုချက် တစုံတရာ မရှိဘဲ တင်သွင်းလာသည့် ဒရုန်းယာဉ်ဖြစ်သဖြင့် ၎င်းအပါအဝင် ၄ ဦးကို ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အမှတ် ၁ ရဲစခန်းမှ ရဲအုပ်ထွန်းထွန်းဦးက တရားလို ပြုလုပ်၍ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ၎င်းတို့မှာ ခွင့်ပြုချက်တင်ရန် လိုအပ်သည့် လွှတ်တော် နယ်မြေအနီးတွင် ဒရုန်းလွှင့်တင်၍ ပို့ကုန်/သွင်းကုန် ဥပဒေဖြင့် အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းဥပဒေဖြင့် အရေးယူပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော်လည်း အမှုအများစုမှာ ငွေဒဏ်သာ ကျခံရလေ့ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။ “ထောင်ဒဏ်လည်း ဖြစ်နိုင်ပေမယ့် အများအားဖြင့် ဒဏ်ငွေရိုက်တာ များတယ်။ အရေးယူတယ်ဆိုတာကလည်း ဒရုန်းတွေကို သုံးတော့ သုံးနေကြတာပေါ့။ လွှတ်တော်လို နေရာမျိုးတွေမှာ လာရိုက်တယ်ဆိုတော့ ဘာသဘော လဲပေါ့။ အဲဒီသဘောတွေနဲ့ ဆက်စပ်ပြီး အရေးယူတာ ဖြစ်မယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။ သတင်းမီဒီယာနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တရားရုံး၊ ရဲစခန်းများတွင် အမှုမဖွင့်မီတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ တင်ပြလာပါက ကြားဝင်ဆောင်ရွက်ပေးရန် တတ်နိုင်သော်လည်း ယခုလို ပုဒ်မတပ် အမှုဖွင့်လိုက်ပါက ကြားဝင် ညှိနှိုင်းပေးရန် ခက်ခဲကြောင်း ယင်းကောင်စီမှ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။ “ဒရုန်းက ခွင့်ပြုတဲ့နေရာလည်း ရှိတယ်။ ခွင့်မပြုတဲ့နေရာလည်း ရှိတယ်။ ဒရုန်းက ပြည်တွင်းမှာ ရောင်းတဲ့ဟာလား။ နိုင်ငံခြားကနေ အခွန်မဆောင်ဘဲ သွင်းလာတာလား။ အကြောင်းရှာလို့ ရတာပေါ့။ အဓိက အချက်ကတော့ သူတို့မသိဘဲ ခွင့်မပြုဘဲနဲ့ အဲဒီနေရာမှာ ဒရုန်းသုံးလို့ အရေးယူချင်တဲ့ သဘောပဲ”ဟု ဦးသီဟစောက ပြောသည်။ တူရကီ သတင်းမီဒီယာအဖွဲ့၏ ရဲထွက်ဆိုချက်တွင် ၎င်းတို့သည် မြန်မာနိုင်ငံ၏ ရှုခင်းများ၊ လှပသော အဆောက်အအုံများ၊ ဘုရားစေတီများနှင့် လွှတ်တော် အဆောက်အအုံများကို ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ နေပြည်တော်သို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် တွေ့ဆုံရန် လာရောက်ခြင်း ဖြစ်ပြီး မတွေ့ဖြစ်တော့၍ လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ရန် လွှတ်တင်စဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ယနေ့ နံနက်ပိုင်းမှ စတင်ကာ အထက်ပါ သတင်းကို အတည်ပြုနိုင်ရန် နေပြည်တော်မှ သတင်းမီဒီယာများသည် ရဲတပ်ဖွဲ့ တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ တွေ့ဆုံခွင့်ရရှိရေး ကြိုးစားခဲ့သော်လည်း မည်သူမျှ တာဝန်ခံ ဖြေကြားခြင်း မရှိသဖြင့် အခြား အသေးစိတ် အချက်အလက်များ ရရှိနိုင်ခြင်း မရှိသေးပါ။ The post လွှတ်တော်အား ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသည့် သတင်းထောက်အပါအဝင် ၄ ဦး အရေးယူခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2yXVThc
via IFTTT
No comments:
Post a Comment