အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် အမေရိကန် လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာဗျူရိုမှ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဆိုင်မွန် ဟမ်းရှော ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ အောက်တိုဘာ ၂၉ ရက် စတင် ကာ နိုဝင်ဘာ ၄ရက်အထိ သွားရောက်မည်ဖြစ်သည်။ ယင်းကိုယ်စားလှယ် အဖွဲ့သည် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပြီး၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်များကို လူသားချင်း စာနာမှု အထောက်အပံ များကို တိုးမြှင့်ပေးရန် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဆိုင်မွန် ဟမ်းရှောနှင့် အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား ရေးရာ ဗျူရိုမှ ဒုတိယ လက်ထောက်ဝန်ကြီး စကော့ဘတ်စ်ဘီ၊ တောင်နှင့် ဗဟိုအာရှ ရေးရာ ဒေသရေးရာဌာန ယာယီ လက်ထောက် ဝန်ကြီး တွမ်ဘက်ဂျ် ဒါ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုမှ ရုံးအဖွဲ့ ညွှန်ကြားရေးမှူး ပက်ထရစ် စီယာ မဟွန်နီ တို့လည်း လိုက်ပါ မည်ဖြစ်သည်။ ယခုဖြစ်ပေါ်နေသည် အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်နှင့် နိုင်ငံတကာတို့၏ တုံ့ပြန်မှုများ ကို ယခုအဖြစ် အပျက်တွင် ပါဝင်ပတ်သက်နေသူများနှင့် တွေ့ဆုံဆွေးနွေးကာ သင့်လျှော်သော ဖြေရှင်းရန် နည်းလမ်းရှာဖွေ မည်ဖြစ် သည်ဟု သိရသည်။ ယင်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအဝိုင်း၊ အစိုးရအဆင့်မြင့်အရာရှိများ၊ ကုလသမဂ္ဂအပါအဝင် INGO များနှင့်လည်း တွေ့ဆုံကာ ရခိုင်ပြည်နယ်၏ လက်ရှိ အကျပ်အတည်းနှင့် အကြမ်းဖက်ခံရသူများကို အကာအကွယ် တိုးမြှင့်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ အပေါ် တာဝန်ယူမှု၊ ရခိုင်ပြည်နယ်ရှိ ထိခိုက်နစ်နာခဲ့ရသူများကို လူသားချင်း စာနာမှု ထောက်ပံရေး၊ တဦးချင်းဘေးကင်းစွာ မူလနေရာသို့ ပြန်လာရေးအတွက် ကာကွယ်ရေးယန္တရား ထုတ်ပြန်ရန် ဖိအား တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းတွင်မူ အစိုးရအဆင့်မြင့် အရာရှိများ၊ အလှူရှင်များ၊ လူသားချင်း စာနာမှု အေဂျင်စီများနှင့် တွေ့ဆုံကာ လတ်တလော ခိုလှုံနေသူများ အခြေအနေတိုးတက်လာရေးနှင့် လိုအပ် သည့် ကယ်ဆယ်ရေး အထောက်အပံများ ပေးနိုင်ရန် ညှိနှိုင်းမည်ဖြစ်ပြီး၊ ကော့ဘဇားခရိုင်သို့လည်း သွားရောက်ကာ ထွက်ပြေးခိုလှုံလာသူများနှင့် တွေ့ဆုံကာ လူသားချင်းစာနာမှု အထောက်အပံများ တိုးမြှင့်နိုင်ရေး အကြံပြုချက်များ၊ အရေးပေါ်လူသားချင်းဆိုင်ရာ တုံ့ပြန်မှုများနှင့် ကွာဟချက်များ စိစစ်နိုုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။ The post အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2zgtd3H
via IFTTT
No comments:
Post a Comment