ငွေစက္ကူတွင် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် NLD အမတ်တချို့ ထပ်မံ ကြိုးစား အနာဂတ်ကာလ ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများ ထည့်သွင်းရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ အမတ်တချို့က မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အဆိုတခု တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိ အာဏာရ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး အဆိုတင်သွင်းရန် ကြိုးစားသည့် မြိုင်မြို့နယ် အမတ် ဦးအောင်ခင်ဝင်းနှင့် ထောက်ခံသူ သရက်မြို့နယ် အမတ် ဦးကံမြင့်တို့မှာလည်း ဗိုလ်ချုပ် မွေးဖွားခဲ့ သည့် နတ်မောက်ဇာတိအနီး မကွေး ဒေသမှ ပုဂ္ဂိုလ်များ ဖြစ်သည်။ အဆိုတင်သွင်းသူ ဦးအောင်ခင်ဝင်း “ကျနော်တို့ဆီမှာ ပိုက်ဆံတွေက နိုင်ငံခေါင်းဆောင်ပုံ မဟုတ်ဘဲ တိရိစ္ဆာန်တွေ ဖြစ်နေတော့ အပြော ခံနေရတာ ဂုဏ်သိက္ခာ သိပ်ကျတာပေါ့။ အဲဒါကို မြင့်တင်ချင်လို့ ကျနော် အမျိုးသားရေး တာဝန်တရပ်အနေနဲ့ တင်လိုက်တာပါ။ ဗိုလ်ချုပ်ကို ကျနော် လေးစားလွန်းလို့ပါ။ ဒါကြောင့် တင်တာပါ”ဟု လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။ ယခုအဆိုကို ၂၀၁၈ ခုနှစ် ရောက်မှသာ တင်ပြမည်ဟု စဉ်းစားထားခဲ့သော်လည်း ယခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံခေါင်းဆောင် ကိုမင်းကိုနိုင်က မြို့တော်တော်များများရှိ စည်ပင်သာသာ ပန်းခြံများတွင် ဗိုလ်ချုပ်ရုပ်ထုများ နေရာယူပြီး ဖြစ်သော်လည်း ငွေစက္ကူပေါ်တွင် နေရာမယူနိုင်သေးကြောင်း ပြောဆိုချက်ကို ကြားသိ၍ ယခုလို တင်ပြလိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ခင်ဝင်းက ပြောသည်။ “အနာဂတ် ရိုက်နှိပ်တဲ့အကြိမ်တိုင်းမှာ ဟိုဟာတွေ ဖျောက်ပြီး ဗိုလ်ချုပ်ပုံ ထည့်ဖို့ပဲ။ ၂ ကြိမ်ရိုက်ရိုက်၊ ၃ ကြိမ်ရိုက်ရိုက် ဗိုလ်ချုပ်ကလည်း ပုံစံအမျိုးမျိုး ရှိတယ်လေ။ ကျောင်းသားပုံ၊ စစ်ဝတ်စုံနဲ့ပုံ၊ တိုင်းပြုပြည်ပြု လွှတ်တော် တက်တဲ့ပုံ၊ သင့်တော်တဲ့ဟာတွေ ထည့်သွားရုံပဲ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ယင်းအဆိုကို ထောက်ခံသူ ဦးကံမြင့်မှာလည်း လက်ရှိ ငွေစက္ကူရှိ တိရိစ္ဆာန် ရုပ်ပုံများ နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ အစားထိုးရန် ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ဖူးသူ ဖြစ်ပြီး ထိုစဉ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သဘောမတူသဖြင့် မအောင်မြင်ခဲ့ပါ။ “ဗိုလ်ချုပ်လို လူမျိုးကို ဂုဏ်မပြုရင် ဘယ်သူ့ကို ပြုမှာလဲ။ တကယ့်ကို စွန့်ပြီးတော့ မစားတဲ့သူ။ မစွန့်ဘဲနဲ့ စားတဲ့သူတွေလည်း ရှိတာပဲလေ။ စွန့်ပြီးတော့ မစားတဲ့သူကိုမှ ကျေးဇူးပြန်မဆပ်ရင် ဒီအချိန်မှာမှ မဆပ်ရင် ဘယ်အချိန်သွားဆပ်မလဲ။ နိုင်ငံတကာမှာလည်း တကယ့် ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေရဲ့ ပုံတွေကို ငွေစက္ကူတွေမှာ အမြတ်တနိုးရိုက်ကြတာပဲ”ဟု သရက်မြို့နယ်မှ အမတ် ဦးကံမြင့်က ဧရာဝတီသို့ ပြောသည်။ NLD ပါတီသည် ၎င်းအာဏာရလာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို တနိုင်ငံလုံးတွင် လိုက်လံ စိုက်ထူလျက်ရှိပြီး မွန်ပြည်နယ် ချောင်းဆုံးဒေသရှိ တံတာတစီးကိုလည်း ဗိုလ်ချုပ်အောင်ဆန်းအမည်ကို ဒေသခံများ သဘောဆန္ဒ မပါဘဲ အမည်ပေးခဲ့ရာ ၂၀၁၆ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုနေရာတွင် ရှုံးနိမ့်ခဲ့ရသည်။ ယင်းအဆိုရှင် ဦးအောင်သန်းဝင်းက “ကျနော် ဒီအဆိုအတွက် စိစစ်ရေး ကော်မတီ ဖြတ်သန်းတော့ စိစစ်ရေးကော်မတီက ဦးကံမြင့် တင်ခဲ့တာနဲ့ အတူတူ ဖြစ်တယ်ဆိုပြီး ခွင့်မပြုဘူး။ ဒါနဲ့ ကျနော် မတူဘူးဆိုပြီးတော့ လွှတ်တော်ကို တင်ပြတဲ့အချိန်မှာ ကျနော် အခုတင်မယ့် စာသားတွေကအစ တင်ပေး လိုက်တယ်။ ခွင့်ပြုနိုင်၊ မပြုနိုင် လွှတ်တော် ဥက္ကဋ္ဌ အကဲဖြတ်နိုင်အောင်လို့ပါ”ဟု ရှင်းပြသည်။ သို့သော် ရှမ်းပြည်နယ် မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်ကမူ ငွေစက္ကူများပေါ်တွင် လွတ်လပ်ရေးဖခင်ဟု ပြောဆိုနေကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို ထည့်သွင်းသည် ကိစ္စကို ကန့်ကွက်စရာ မရှိသော်လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဦးတည်နေချိန်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်မျိုးများကို စဉ်းစားချင့်ချိန် ဆောင်ရွက်စေလိုကြောင်း ပြောသည်။ “ဒီလိုကိစ္စမျိုးတွေက သိပ်ပြီး တွန်းအားပေး ဆွေးနွေးဖို့ မသင့်ဘူးလို့ပဲ ယူဆတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေ စက္ကူပေါ်မှာ ရိုက်နှိပ်တာကို လက်မခံဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ဗမာတွေက ကျနော်တို့ တိုင်းရင်းသားတွေပေါ်မှာ အစစအရာရာ အနိုင်ယူထားတယ်ဆိုတဲ့ အမြင်သဘောထားတွေက ရှိနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။ ဗိုလ်ချုပ်ကို ငွေစက္ကူပေါ်သို့ တင်မည် ဆိုပါက မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက်ကိုလည်း စဉ်းစားသင့်ကြောင်း၊ အာဇာနည် ပုဂ္ဂိုလ်များကိုလည်း စဉ်းစားသင့်ကြောင်း၊ ထိုသို့ ဆွေးနွေးပါက ငြင်းခုံစရာများ ရှိလာနိုင်ကြောင်း၊ လက်ရှိ မြန်မာပြည်၏ စီးပွားရေး အခြေအနေကိုလည်း ထည့်တွက်သင့်ကြောင်း ၎င်းက ပြောသည်။ ရန်ကုန်မြို့မှ တက္ကသိုလ်ဆရာ ဦးစိုင်းခိုင်မျိုးထွန်းက “ငွေစက္ကူမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ ထည့်ချင်တာကတော့ မြန်မာပြည်သူ အများစုရဲ့ ဆန္ဒပါ။ ဒီလို လုပ်လိုက်ရင်တော့ စည်းလုံးမှု ပြယုဂ် တခုကို ပြတာပဲ။ အများစုရဲ့ ဆန္ဒကတော့ ဒီလိုပဲ ရှိမှာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံကို အခု အသုံးပြုနေတဲ့ ငွေစက္ကူတွေမှာ ရိုက်နှိပ်ဖို့ဆိုတာ အမြဲတန်း ပြောဆိုနေတဲ့ ကိစ္စပဲ။ လက်ရှိ ပုံတွေကတော့ သိပ်အဆင်မပြေဘူး”ဟု ဆိုသည်။ The post ငွေစက္ကူတွင် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် NLD အမတ်တချို့ ထပ်မံ ကြိုးစား appeared first on ဧရာဝတီ.
Source : http://ift.tt/2gR8lZh
via IFTTT
No comments:
Post a Comment