ရွှေ အလေးချိန်ကို ကျပ်၊ ပဲ၊ ရွေး အစား ဂရမ်စနစ်သို့ ပြောင်းရန် စီစဉ်နေ မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသော ရွှေအလေးချိန် ကျပ်၊ ပဲ၊ ရွေး အစား ဂရမ်စနစ်သို့ ပြောင်းလဲရန် စီစဉ်နေ ကြောင်း သတင်း ရရှိသည်။ ရွှေ အလေးချိန် အပြောင်းအလဲ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်သော ပြည်ထဲရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနများသို့ နိုဝင်ဘာ လ အတွင်း တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ပြောသည်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက “ဒီ အောက်တိုဘာလ ၂၄ ရက်နေ့ အစည်း အဝေး မှတ်တမ်းနဲ့ ဌာနဆိုင်ရာတွေကို တင်မယ်။ အခုပဲ ပြည်တွင်းအခွန်များ ဦးစီးဌာနကို တင်လိုက်ပြီ။ အခြား ဌာန တွေရော ၄ ခု တင်မယ်။ ဆုံးဖြတ်ချက်အရ အရည်အသွေးကိုတော့ အသေအချာမသတ်မှတ် ရသေးဘူး။ အလေးချိန် ကို အရင် လုပ်တာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောပြသည်။ ရွှေအလေးချိန်ကို မြန်မာရွှေ ၁ ကျပ်သား အလေးချိန် ၁၆ ဒသမ ၆၀၆ ဂရမ် နှင့် တနိုင်ငံလုံး တပြေးညီ ဖြစ်စေရမည် ဆိုသော ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲ သတ်မှတ်ရန် ဌာနဆိုင်ရာများသို့ တင်ပြခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။ ဦးကျော်ဝင်းက ဆက်လက်၍ “မည်သူမဆို ရွှေဝယ်ရင် ၁၆ ဒသမ ၆၀၆ ဂရမ်က ရှိကိုရှိရမှာ ဖြစ်တယ်။ အခုက တချို့ နယ်တွေမှာ ၁၆ ဒသမ ၆၀၆ ၊ တချို့နယ်တွေက ၁၆ ဒသမ ၆၀၃ တို့ဖြစ်နေတယ်။ အလေးချိန်က တပြေးညီ မဖြစ်တဲ့ အခါ တပြေးညီဖြစ်အောင် ဆုံးဖြတ်လိုက်တာ ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။ လက်ရှိ ရွှေအရည်အသွေး သတ်မှတ်ချက်အနေနှင့် ရွှေရည် ၉၀ ဒသမ၂၅ ကို စံသတ်မှတ်ထားပြီး ယင်း အရည် အသွေး ၉၀ ဒသမ ၂၅ စံချိန်စံညွှန်းအောက် ရောက်ရှိသည့် ရွှေများကို ရွှေဟု လက်မခံကြောင်းလည်း သိရသည်။ “ဒီ သတ်မှတ်ထားတဲ့ အရည်အသွေး ၉၀ ဒသမ ၂၅ စံအထက်ရှိတဲ့ ရွှေကို သန့်တဲ့ရွှေဆိုပြီး လက်ခံတယ်။ တကယ့် တကယ်တော့ အခြားသတ်မှတ်လို့ ရတာရှိသေးတယ်။ ဒါပေမယ့် အခုက ယာယီအနေနဲ့ အဲဒီလို သတ်မှတ်ထားတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။ ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်ကမူ “ကျပ်၊ ပဲ၊ ရွေး ကို ဂရမ်နဲ့ ပြောင်းဖို့ လုပ်နေတာတော့ ကြာပါ ပြီ။ ဒါပေမယ့် မလွယ်ဘူးပေါ့။ နောက် လေး၊ ငါး၊ ဆယ်နှစ်လောက်မှ ဖြစ်လိမ့်မယ်၊ လောလောဆယ်တော့ မဖြစ်နိုင်ပါ ဘူး။ ဘာလို့လဲ ဆိုတော့ အားလုံးက ကျပ်၊ ပဲ၊ ရွေးနဲ့ပဲ ရောင်းနေတာ အသားကျနေပြီ။ အဆင်ပြေနေပြီ။ ဒါကို ပြောင်း မယ် ဆိုတော့ မလွယ်ဘူး။ အဆင်မပြေဘူး ဆိုရင်တော့ ပြောင်းရတာ လွယ်တယ်။ ဒါကြောင့်ပါ”ဟု ဧရာဝတီသို့ ပြော သည်။ ထိုကဲ့သို့ ရွှေအလေးချိန် ပြောင်းလဲလျှင် ဈေးနူန်းအနေဖြင့် တန်ဖိုး ပြောင်းလဲခြင်း မရှိနိိုင်ကြောင်း၊ အလေးချိန် အနေ နှင့်သာ ပြောင်းခြင်းဖြစ်ပြီး ဈေးကွက် အချိန်အတွယ် ပြောင်းလဲခြင်းကြောင့် ဝယ်သူများ လက်ခံရန် အချိန်ကြာနိုင် ကြောင်းလည်း ၎င်းက ပြောဆိုသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ ရွှေဈေးမှာ ၁ အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၇၃ ဒေါ်လာရှိပြီး ပြည်တွင်း ရွှေဈေးကွက် တွင် မြန်မာရွှေ ၁ ကျပ်သားသည် ယနေ့ ပေါက်ဈေး ကျပ် ၉ သိန်း ၄ သောင်း ဝန်းကျင်နှင့် အရောင်း အဝယ် အေးနေကြောင်း ရွှေ ရောင်းဝယ်ရေး ဆိုင်များက ပြောသည်။ ယခုအချိန်သည် စပါးပေါ်ချိန် ဖြစ်သောကြောင့် ရွှေဝယ်ယူသည့်သူ နှစ်စဉ်များသော်လည်း လက်ရှိ ရွှေဈေးကွက်သည် ဈေးနူန်း အမြင့်ဈေးတွင် ရှိနေသဖြင့် ဝယ်လိုအား နည်းပါးလျက် ရှိကြောင်း သိရသည်။ The post ရွှေ အလေးချိန်ကို ကျပ်၊ ပဲ၊ ရွေး အစား ဂရမ်စနစ်သို့ ပြောင်းရန် စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2iAK8qI
via IFTTT
No comments:
Post a Comment