ရခိုင်မြောက်ပိုင်း မီးလင်းရေး အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄ ဘီလီယံ လွှတ်တော် ခွင့်ပြု ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခု၏ လျှပ်စစ်မီး အပါအဝင် လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ် ၄ ဘီလီယံကို အရေးပေါ် ရန်ပုံငွေမှ အသုံးပြုရန် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုလိုက်သည်။ အောက်တိုဘာလ ၂၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေး တတိယနေ့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က တောင်းခံခြင်းကို ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒု ဝန်ကြီး က “ရခိုင်ပြည်နယ် လုံခြုံရေး နှင့် ဒေသဖွံ့ဖြိုးရေး အတွက် ရှေးရှု၍ လျှပ်စစ် ဓာတ်အား ရရှိရန် ကျန်နေသေးသော ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ ၂၄ နာရီ လျှပ်စစ် ဓာတ် အား ဖြန့်ဖြူးရေး အတွက် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း – ရသေ့တောင် – ဘူးသီးတောင် – မောင်တော ဓာတ်အားလိုင်း (၆၅.၀၃) မိုင် နှင့် ဓာတ်အားခွဲရုံ ၃ ရုံစီမံကိန်းအား ထပ်မံ တည်ဆောက်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။ အဆိုပါ စီမံကိန်းများအား လာမည့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။ စီမံကိန်း ပြီးစီးပါက ယခင်က ဒီဇယ်ဓာတ်အားပေး စက်များကို အသုံပြု၍ အချိန်ပိုင်းသာ ဓာတ်အား ရရှိနေသည့် ရသေ့တောင်၊ ဘူးသီးတောင် နှင့် မောင်တောမြို့ သုံးမြို့မှ ကျေးရွာ ၄၃ ရွာ၊ အိမ်ထောင်စု ၂၇၀၀၀ ကျော်သည် ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်မီး သုံးစွဲခွင့် ရရှိမည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှစ၍ နိုင်ငံတော် ဓာတ်အားစနစ်မှ မြို့နယ် ၁၁ မြို့နယ် ဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ၊ ငပလီ၊ တောင်ကုတ်၊ မအီ မြို့နယ်များနှင့် စပ်ဆက်လျှက် ရှိသော ကျေးရွာ ၁၄၄ ရွာသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ခဲ့ပြီး ဖြစ်သည်။ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကျနော့်အနေနဲ့ မီးရမယ်ဆိုတာ မထင်သေး ဘူး၊ ဘာလို့လဲ ဆိုတော့ လမ်းတောင်မှ ကောင်းကောင်း မရှိသေးဘူး၊ ဒီမှာ ဓာတ်အားခွဲရုံ တည်ရမယ်ဆိုတော့ လောလော ဆယ်တော့ ဖြစ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဘတ်ဂျက် ချပေးလိုက်ပြီဆိုတော့ အကောင်အထည်ဖော်ဖို့ပဲ လိုတော့တာ ပေါ့၊ အကောင်အထည်ဖော်တဲ့ အခါမှာ ဘယ်လောက်ထိ မှန်မှန်ကန်ကန် လုပ်နိုင်မလဲ စောင့်ကြည့်ရမယ့် အနေအထားဖြစ် တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့ပေါ် ရပ်ကွက်များတွင်သာ လျှပ်စစ်မီးအား အချိန်ပိုင်း ထုတ်လွှတ်ပေးခြင်း ဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်မီး မရသေးဘဲ၊ တရက်လျှင် ယခင်က အချိန် ၃နာရီခွဲသာ ပေးခဲ့ ရာမှ လတ်တလော ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ည ၇ နာရီမှ မနက် ၄နာရီထိ အချိန်တိုးမြှင့်ပြီး ထုတ်လွှတ်ပေး လျက် ရှိသည်ဟုလည်း ဦးအောင်သောင်းရွှေ က ပြောဆိုသည်။ ဘူးသီးတောင် မြို့နယ် ရွှေကျင်ကျောင်းမှ ဆရာတော် အရှင်နာယက က“မြို့ပေါ်တောင် အချိန် အကန့်အသတ်နဲ့ မီး ရတာ၊ အခု ကျေးရွာတွေ အထိ ရမယ်ဆိုတာတော့ ကောင်းပါတယ်။ မီးပေးမယ် ဆိုပေမယ့်လည်း လက်ရှိ ကျေးရွာတွေမှာ မနေရဲလို့ မြို့ပေါ်က နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ကပ်နေရတဲ့ သူတွေ အများကြီးရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။ The post ရခိုင်မြောက်ပိုင်း မီးလင်းရေး အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄ ဘီလီယံ လွှတ်တော် ခွင့်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2y2QEZa
via IFTTT
No comments:
Post a Comment