မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ ငှက်တွေဟာ နှစ်စဉ်ပေါက်ဖွား နေကြပေမယ့် အစားအစာ ရရှိမှု၊ ရာသီဥတု အခြေအနေအရ ပြောင်းရွေ့ ကျက်စားရမှု စတာတွေ အပေါ် မူတည်ပြီး တဖြည်းဖြည်း လျော့ပါးလာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြောင်းလဲ ပျက်ယွင်းလာတဲ့ ရာသီဥတု အခြေအနေတွေကြောင့် တချို့သော ငှက်တွေဟာ တဖြည်းဖြည်း လျော့ပါးလာပြီး တချို့သော ငှက်တွေဟာ တဖြည်းဖြည်း ကွယ်ပျောက်စ ပြုလာကြပြီ ဖြစ်ပါတယ်။ အဲဒီလို ပျောက်ကွယ်စ ပြုနေပြီ ဖြစ်တဲ့ ငှက်ကလေးတွေကို ဒီဆောင်းပါးလေးကနေ လက်လှမ်းမီသလောက် မှတ်တမ်းပြုတင်ပြလိုက်ပါတယ်။ သပိတ်လွယ် (oriental magapie robin) အမြဲလိုလို သီချင်းဆိုနေတတ်တဲ့ ငှက်ကလေးသပိတ်လွယ်ဟာ ပုံထဲမှာ မြင်ရတဲ့ အတိုင်း အဖြူနဲ့ အနက်ရောင်ရှိတဲ့ ငှက်မျိုး ဖြစ်ပြီးကိုယ် အလျား ၈ လက်မခွဲခန့် ရှိပါတယ်။ ဒီရေတောများ၊ တောင်ခြေနဲ့ ကုန်းမြင့်များနဲ့ ဥယျာဉ်များ၊ စိုက်ခင်းနဲ့ ချုံပုတ် များမှာ တွေရတတ်တဲ့ ငှက် မျိုးဖြစ်ပါတယ်။ သူတို့ဟာ မြေပြင်မှာ ရှာဖွေ စားသောက်လေ့ ရှိပြီး ပရွက်ဆိတ်၊ ချေးပိုးထိုးနဲ့ ပိုးမွှားများ၊ တီကောင်နဲ့ အသီးအရွက်ထိုး ပိုးကောင်တွေလည်း စားသောက်တတ်ကြတယ်။ သူတို့ရဲ့ အသိုက်ကိုတော့ မြန်မာ တချို့ဒေသက ကျေးရွာတွေမှာ အိမ်ခေါင်မိုး၊ သစ်ခေါင်း၊ ကမ်းပါးများနှင့် ထရံများ အကြား၊ ဝါးငုတ်တိုတွေထဲမှာ ဆောက်လုပ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အသိုက်ဆောက်ရာမှာ သပ်သပ်ရပ်ရပ် မရှိပါ။ သပိတ်လွယ်ငှက်တွေဟာ တကောင်တည်း အနေများပြီး တခါတရံမှာ ဖိုမစုံတွဲလည်း တွေ့ရတတ် ပါတယ်။ မြေပြင်ပေါ်မှာ အစာရှာဖွေ စားသောက်တတ်ပြီး ကျယ်လောင်တဲ့ အသံနဲ့ တေးသီတတ်ပါတယ်။ မတ်လကနေ ဇူလိုင်လ အတွင်း သားပေါက်လေ့ရှိတဲ့ ဌာနေငှက်တမျိုး ဖြစ်ပါတယ်။ တကြိမ် သားပေါက်လျှင် ဥ ၃ လုံးကနေ ၅ လုံးအထိ ဥအုတတ်ကြပြီး၊ ဥ ဟာ အစိမ်းရောင်မှာ နီညိုရောင် အစက်အပြောက်လေးများ ပါရှိကာ အဖျားရှူးတဲ့ ဦးခွံက ညက်ညော ပါတယ်။ သပိတ်လွှယ်ငှက်မျိုးမှာ ငှက်ကျား၊ ငှက်စပ် သို့မဟုတ် ငှက်တော်ပြာ၊ နဖားကြီးငှက်၊ အမြီးဝိုင်း စတာတွေ ဖြစ်ပါတယ်။ Little spiderhunter Little spiderhunter ကို မြန်မာလို ငှက်ပျောစုပ်ငှက် (သို့မဟုတ်) ပင့်ကူစုပ်ငှက် လို့ ခေါ်ပါတယ်။ သူတို့ဟာ သစ်ပင်တွေ ကနေ ပိုးမွှားကောင်လေးတွေနဲ့ ပင့်ကူတွေကို ရှာဖွေထိုးဆိတ် စားသောက်နိုင်ဖို့ နုတ်သီးချွန်ချွန် ကောက်ကောက် တခုကို ပိုင်ဆိုင်ထားတာပါ။ အဝါနုရောင် ရင်ဘတ်မွှေးနဲ့ ငှက်ပျောစုပ်ငှက်ကလေးဟာ အလျား ၆ လက်မ ဝန်းကျင်လောက် အရွယ်အစား ရှိပါတယ်။ ပြန်ပေါက်သစ်တောနဲ့ ဥယျာဉ်စိုက်ခင်းတွေ၊ ငှက်ပျောခင်းတွေမှာ တွေ့ရတတ်ပါတယ်။ တိတ်တဆိတ် နေတတ် ပေမယ့် သိပ်ကို သွက်လက်ပြီး ပျံတဲ့ အခါမှာလည်း အံ့သြလောက်အောင်ကို မြန်ဆန်လှပါတယ်။ ဒီဇင်ဘာလ ကနေ အောက်တိုဘာလ အတွင်း သားပေါက် ပါတယ်။ သားပေါက်တဲ့ အခါ တကြိမ်မှာ ဥ ၂ လုံးကနေ ၃ လုံး အထိ အုကြပြီး အဖိုရော အမကပါ ဥပေါက်ဖို့ ဝပ်ပေးကြပါတယ်။ ရွေပြည်စိုး (commoniora) ရွှေပြည်စိုးငှက်လေးတွေဟာ အမည်လှသလောက် အသံလည်း သာယာတဲ့ ချစ်စရာ ငှက်ကလေးတွေပါ။ လူအများ တွေ့မြင်ရမှု နည်းပါးပေမယ့် အမည်ကြောင့် လူသိများတဲ့ ဒီငှက်ကလေးတွေကို ပေ ၃ဝဝဝ အောက် ဥယျာဉ်ခြံဝင်းတွေနဲ့ ဆူးခြုံတောတွေမှာ တွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းလို အပူပိုင်းဒေသတွေမှာ အနေများပြီး မြန်မာပြည် မြောက်ပိုင်းကလွဲရင် ကျန်တဲ့ ဒေသတွေမှာလည်း အနည်းငယ်တွေ့ရပါတယ်။ သူတို့ရဲ့ အဓိက အစားအစာက ပိုးမွှားများ၊ ပလူများ၊ အင်းဆက်များ ဖြစ်ပါတယ်။ ကိုယ်အလျား ၅ လက်မဝန်းကျင်လောက် ရှိပြီး သီချင်းတကြော်ကြော်နဲ့ သစ်ပင်တွေပေါ် ခုန်ပေါက်ဆော့ကစားနေတတ်တဲ့ ချစ်စရာငှက်ငယ်လေးတွေဟာ ဧပြီလကနေ ဇွန်လ အတွင်းမှာ သားပေါက်ပါတယ်။ တကြိမ် ဥအုလျှင် ၂ ဥမှ ၄ ဥ အထိ အုကြပြီး ဥ အရွယ်အစားက ပျမ်းမျှ သုည ဒသမ ၆၉ လက်မနဲ့ ဗြက်က သုည ဒသမ ၅၅ လက်မ ရှိပါတယ်။ ငှက်ပန်းတိမ် (coppersmith barbet) သူ့ရဲ့ ပိုင်နက်ခေါ်သံဟာ ပန်းတိမ်ဆရာရဲ့ တူထုသံလို တတိမ်တိမ်နဲ့ အကျယ်ကြီး အော်မြည်တတ်တာကို အစွဲပြုပြီး သူ့နာမည်ကိုပါ ငှက်ပန်းတိမ်ရယ် လို့ ခေါ်ဝေါ်လာကြတာ လို့ သိရပါတယ်။ သူ့ဆီမှာ တခြားငှက်တွေထက် အနည်းငယ် ထူးခြားတဲ့ နုတ်ခမ်းမွှေးထူထူတွေ ရှိနေတာကြောင့် သူ့ကို နုတ်ခမ်းမွှေးနဲ့ ငှက်ကလေးလို့ ချစ်စနိုးခေါ်ကြ ပါတယ်။ သူတို့ရဲ့ အသံကို နွေရာသီတွင် အမြဲလိုလို ကြားရတတ်ပြီး မိုးရာသီမှာတော့ တခါတရံလောက်ပဲ ကြားရပါတယ်။ ငှက်ပန်းတိမ်လေးတွေဟာ သစ်ပင် ထူထပ်တဲ့ နေရာများနှင့် ကွင်းပြင်များသာမက မြို့ကြီးများကို လာရောက်ကျက်စား တတ်ပါတယ်။ သူတို့ဟာ အပွင့်နု၊ အရွက်နုလေးများနှင့် ပိုးမွှားများ စသဖြင့် အစုံစားသောက်ကြပါတယ်။ ပျမ်းမျှအားဖြင့် သူ့ကိုယ်ရဲ့ အလျားက ၆ လက်မ လောက်ရှိပြီး မျက်လုံးတဝိုက်နဲ့ လည်ချောင်းက အဝါရောင်၊ ဦးခေါင်းအရှေ့ ပိုင်း အဝါရောင်နဲ့ တကိုယ်လုံးကတော့ အစိမ်းရောင်ရှိတဲ့ ငှက်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နှစ်စဉ် ဖေဖော်ဝါရီ ကနေ မေလ အတွင်း သားပေါက်ကြပါတယ်။ တကြိမ်သားပေါက်လျှင် ဥ ၃ ဥမှ ၄ ဥ အထိ အုတတ်ကြပြီး၊ ဥများဟာ အဖြူရောက် ဖြစ်ပါတယ်။ ငှက်တော် (drongo) ငှက်တော်ဟာ လင်းမြီးဆွဲငှက်လို အမြီးနှစ်ခွနဲ့ အနက်ရောင် ငှက်ကလေး ပါ။ မြန်မာပြည်မှာ drongo မျိုးစိတ်ဝင်ငှက် ၈ မျိုး ရှိပြီး ၇ မျိုးက မြန်မာ့ ဌာနေငှက်တွေလို့ သိရပါတယ်။ အနီရောင် မျက်လုံးရှိပြီး သစ်ပင်ပေါ်နဲ့ မြင့်တဲ့ နေရာမျိုးတွေမှာပဲ နေတတ်တဲ့ ငှက်မျိုး ဖြစ်ပါတယ်။ ရဲရင့် သလောက် ရန်လိုတတ်တဲ့ ဗီဇရှိပြီး များသောအားဖြင့် တကောင်တည်းပဲ အတွေ့ရ များပါတယ်။ ငှက်တော်ဟာ အသံအမျိုးမျိုးနဲ့ အော်တတ်တဲ့ အပြင် တခြား ငှက်ရဲ့ အသံကိုလည်း အတုခိုး အော်တတ် ပါတယ်။ ငှက်တော်တွေဟာ နားနေတကနေ ထပျံကာ ပိုးမွှားများကို ထိုးသုတ်ပြီး နားနေရာကို တဖန် ပြန်လာနား စားသောက် ကြပါတယ်။ ငှက်တော်တွေဟာ ပိုးမွှားတွေ၊ တခါတလေ ကျွဲနွားတွေမှာ မှီခိုကပ်တွယ်နေတတ်တဲ့ ပိုးမွှားတွေကို စားသောက်တတ်ပါတယ်။ သူတို့ဟာ မတ်လမှ မေလအတွင်း သားပေါက်ကြပြီး အသိုက်ကို ပင်မြင့်တွေပေါ်မာ ဆောက်လုပ်တတ် ပါတယ်။ တကြိမ် ဥအုလျှင် ၃ လုံးကနေ ၄ လုံးအထိ အုတတ်ကြပြီး ဥမှာ ရှည်မျောမျော ခပ်ချွန်ချွန်ဖြစ်ပြီး ဥအရောင်က အဖြူ အောက်ခံ ပေါ်မှာ အနီ၊ အညို၊ ခရမ်းရောင်အပြောက် အစက်များ ပါရှိပါတယ်။ ငှက်တော်မျိုးတွေကို အရှေ့တိုင်းနိုင်ငံ အနှံ့အပြားမှာ တွေ့ရပြီး မြန်မာနိုင်ငံ ပဲခူးရိုးမတောင်ရှိ ကျွန်းတောတွေမှာ အတွေ့ရများပါတယ်။ ကိုယ်အလျား ၁၁ လက်မက နေ ၁၃ လက်မ အထိ ရှိတတဲ့ ငှက်တော်တွေဟာ ပေ ၃ဝဝဝ ထက်မြင့်သော အရပ်ဒေသတွေမှာ နေထိုင်ခြင်း မရှိကြဘူးလို့ သိရပါတယ်။ The post မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xyOIZa
via IFTTT
No comments:
Post a Comment