အလှူခံမဏ္ဍပ်၌ သီချင်းဖွင့် ကခုန်နေသူများကို ပစ်ခတ်ဖမ်းဆီးခဲ့ရ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်ရှိ အလှူခံမဏ္ဍာပ်တခုတွင် အသံချဲ့စက်ကို ဆူညံစွာဖွင့်၍ ကခုန်နေသူများကို သွားရောက် တားမြစ်သည့် ရဲတပ်ဖွဲ့အား ပြန်လည်ရန်ပြုခဲ့သဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီး ထိန်းသိမ်း ခဲ့ရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လှိုင်သာယာ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင် က “ဒဏ်ရာရတဲ့ ရဲတပ်ဖွ့ဲဝင်က သက်သာသွားပါပြီ၊ ကျနော်တို့က ဥပဒေအရ ထိန်းသိမ်းခဲ့တာပဲဖြစ်လို့ ဘာမှပြောစရာမရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို ၅ လမ်းထောင့်ရှိ ဘုံကထိန် အလှူခံမဏ္ဍာပ်တွင် အောက်တိုဘာ ၂၇ ရက်နေ့ ညက အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်၍ ကျော်ဇင်လေး ဆိုသူအပါအဝင် လူငယ် ၃၀ ဦးခန့် ကခုန်ပြီး ပတ်ဝန်းကျင်အား အနှောင့် အယှက်ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး က ကနဦးသွားရောက်၍ တားမြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထိုသို့တားမြစ်သော်လည်း ရပ်တန့်ခြင်းမရှိသဖြင့် အဆိုပါ ရပ်ကွက်နယ်ထိန်း ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း၊ ရဲတပ်သား ကြည်ဖြိုးကြည် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့မှ ထပ်မံ သွားရောက် တားမြစ်ခဲ့ရာ ကျော်ဇင်လေးမှ ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း အား လက်သီးဖြင့် ထိုးခဲ့သဖြင့် မေးရိုးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာရရှိခဲ့သည်ဟု သိရသည်။ “ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်းမှ ၎င်းနှင့်အတူပါရှိသည့် ပန့်အက်ရှင် သေနတ်ဖြင့် လူစုခွဲရန် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ခဲ့ သော်လည်း ကျော်ဇင်လေးပါ လူငယ် ၃၀ ဦးအဖွဲ့မှ ထပ်မံရန်ပြုရန် ဝိုင်းအုံလာသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အတွက် ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျော်ဇင်လေး၏ ဝမ်းဗိုက်၊ ဝဲလက်ဖျံ၊ ဝဲလက်မောင်းတို့တွင် ထိမှန်၍ ပေါက်ပြဲဒဏ်ရာများ ရရှိကာ ကျော်ဇင်လေး ပါ ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်လျက် ရှိကြောင်း” ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အလှူခံများ အနေဖြင့် သီချင်းများ ဆူညံစွာ ဖွင့်လှစ်ခြင်း၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အဝတ်များ ဝတ်ဆင်ကာ လှည့်လည် အလှူခံခြင်း၊ ခေတ်ပေါ်သီချင်းများဖြင့် ကခုန်နေခြင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ထိန်းချုပ် တားဆီး သင့်ကြောင်း ဝေဖန်နေမှုများလည်းရှိသည်။ လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ကလည်း “ဖြစ်စဉ် ဖြစ်ခဲ့တာမှန်ပါတယ်၊ အလှူခံ မဏ္ဍပ်တွေမှာ သီချင်းတွေ ဆူညံစွာဖွင့်ပြီး ကခုန်အလှူခံနေတဲ့ ကိစ္စကတော့ ကျနော်တို့ပြန်လည် သုံးသပ်ဖို့လိုနေပါပြီ၊ အုပ်ချုပ်ရေးပိုင်း အနေနဲ့လည်း ထိန်းချုပ်သင့်ပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်ဇင်းလေး ဆိုသူ အပါအဝင် အလှူခံမဏ္ဍပ်ရှေ့ သီချင်းဖွင့်ကာကခုန်နေသူ ၁၂ ဦးကို လှိုင်သာယာမြို့မ ရဲစခန်းမှ ရာဇဝတ်မှု မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆အပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၀ ရပ်ကွက်အတွင်း ဝက်အူလည့်ဖြင့် ထိုးမှုဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ကိုဇင်(ခ)ဇင်ဖြိုးဆိုသူ မှ ကတ်ကြေဖြင့် လိုက်ထိုးမှုကြောင့် ရဲတပ်သား မျိုးသီဟထွန်းနှင့် ရာအိမ်မှူးတို့တွင် ပြတ်ရှ ဒဏ်ရာ တချက်စီ ရရှိခဲ့သည့် အတွက် ဇင်ဖြိုးအား ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုဇင်(ခ)ဇင်ဖြိုးဆိုသူ၏ ရင်ဘတ်နှင့် ပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။ The post အလှူခံမဏ္ဍပ်၌ သီချင်းဖွင့် ကခုန်နေသူများကို ပစ်ခတ်ဖမ်းဆီးခဲ့ရ appeared first on ဧရာဝတီ.
Source : http://ift.tt/2yZKL19
via IFTTT
No comments:
Post a Comment