Saturday, December 30, 2017

7Day News Journal

ဆန္ဒပြ ပြည်သူများအပေါ် ကိုင်တွယ်ပုံကို တစ်ကမ္ဘာလုံး စောင့်ကြည့်နေဟု အီရန်ကို အမေရိကန် သတိပေး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် အီရန်က မည်သို့မည်ပုံ တုံ့ပြန် ကိုင်တွယ်မည် ဆိုခြင်းကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း အမေရိကန်က သတိပေး ပြောကြားလိုက်သည်။ အီရန်ရှိ ကာမန်ရှား၊ ရက်ရှတ်၊ အစ္စဖာဟန်၊ ကုမ်တို့ အပါအဝင် မြို့ကြီးများတွင် လူပေါင်း ထောင်သောင်းချီ စုရုံးကာ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် မြို့တော် တဟီရန်ထိ ပျံ့နှံ့လာသည်။ တဟီရန်တွင် ရဲတပ်ဖွဲ့က လုံခြုံရေး အင်အားကို ထူထပ်စွာ ချထားသဖြင့် ဆန္ဒပြမှုများ ရုတ်တရက် အရှိန်မြင့်မလာသေးချေ။ အီရန် ပြည်သူများက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် အစိုးရအပေါ် အခြားသော မကျေနပ်မှုများအတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။ ယခုဖြစ်ရပ်သည် ၂၀၀၉ ခုနှစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တောင်းဆိုမှုအပြီး အီရန်တွင် အကြီးမားဆုံး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဟုလည်း ဆိုနိုင်သည်။ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆာရာဟက္ကာဘီး ဆန်းဒါးစ်က “အီရန် အစိုးရဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားမှု ထားသင့်ပါတယ်။ ဒါဟာ ပြည်သူတွေက ကိုယ့်အခွင့်အရေးကိုယ် ဖော်ထုတ် တောင်းဆိုတာပါ။ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေပါတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ စကားကိုပင် နောက်ပိုင်း၌ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ Twitter စာမျက်နှာပေါ်တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။ အီရန်ပြည်သူများ အနေဖြင့် ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို အသိအမှတ် ပြုရန်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာက အဆိုပါ လှုပ်ရှားမှုကို စုပေါင်း ထောက်ခံကူညီစေလိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သီးခြား ထုတ်ပြန်ခဲ့သည်။ အီရန် အစိုးရ၏ ဒုတိယ သမ္မတ-၁ ဖြစ်သူ အီရှက် ဂျာဟန်ဂီရီကမူ အတိုက်အခံ အင်အားစုများသည် ယခုဆန္ဒပြမှုများ၏ နောက်ကွယ်မှ သွေးထိုးပေးနေကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။ ၎င်းက “ဒီနေ့ အီရန်မှာ ဖြစ်ပွားနေတဲ့ အခြေအနေ တချို့ဟာ ပုံမှန် ဆိုရင်တော့ စီးပွားရေး ပြဿနာတွေကို အခြေတည်သလိုပါပဲ။ ဒါပေမဲ့ နောက်ကွယ်မှာ တခြား အကြောင်းတရားတွေ ရှိပါတယ်။ အဲဒီလို လုပ်နေသူတွေကလည်း သူတို့ကြောင့် အစိုးရကို ထိခိုက်စေမယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ အခြေအနေတွေက ပုံမှန် ပြန်ဖြစ်သွားမှာပါ”ဟု ဆိုသည်။ အီရန် အစိုးရ မီဒီယာများကမူ ကာမန်ရှားတွင် ဖြစ်ပွားသော ဆန္ဒပြမှုများအတွင်း အများပြည်သူပိုင် ပစ္စည်းများပါ စည်းမဲ့ကမ်းမဲ့ ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲ ဖော်ပြခဲ့သည်။ တဟီရန်တွင်မူ အုံနှင့်ကျင်းနှင့် စုရုံးဆန္ဒပြမှုများအပေါ် အစိုးရက ထိရောက်ပြင်းထန်စွာ တုံ့ပြန်မည်ဟု ခြိမ်းခြောက် သတိပေးထားသည်။ လတ်တလောတွင် ဆန္ဒပြမှုများသည် နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် အဓိက အားကောင်းနေပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေးနှင့် ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းမှုများကို ပယ်ဖျက်ပေးရေး အစရှိသည်တို့ကို တောင်းဆိုနေကြောင်း သိရသည်။
Source : http://ift.tt/2CcNkSo
via IFTTT

No comments:

Post a Comment