Saturday, December 30, 2017


ထိုင်းဝက် မှောင်ခိုသယ်သူများကို ထောင်ဒဏ် တနှစ် အမိန့်ချ ထိုင်းဝက်များ တရားမဝင် သယ်ဆောင်မှုဖြင့် အဖမ်းခံထားရသူ လေးဦးကို မော်လမြိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ တင်ဌေးက ပြောသည်။ ဝက်မှောင်ခိုသယ်သူ ဦးဆန်းဝင်း၊ ကိုသီဟနှင့် ဦးဝင်းမောင် အပါဝင် လေးဦးကို မြိုင်သာယာ နယ်မြေရဲစခန်းနှင့် ဒိုင်းဝန်ကွင်း နယ်မြေ ရဲစခန်း တို့တွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်ကနဦးအမှုဖွင့်ခဲ့ပြီးနောက် မော်လမြိုင် မြို့နယ်တရားရုံးတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသော ဝက်များနှင့် ဝက်တင် ကုန်တင်ယာဉ်များကို ပြည်သူပိုင် သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ရှင်းပြသည်။ “ ဝက်ကားတွေ ဖြတ်လာတာက အခု ဒီရက်ပိုင်း အတွင်းမှာပေါ့၊ ဖြတ်သန်းမှုတွေ တအားများလာတယ်ဆိုတာကို သတင်းရတယ်၊ တံတားထိပ်မှာ ထွက်စောင့်တယ်၊ တံတား ထိပ်မှာ ဗိုလ်ကြီးတယောက်ကို အကူအညီတောင်းပြီးတော့ တားဆီးခဲ့တယ်၊ သွားတွေ့တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့ထဲက တာဝန်ခံပြီးသယ်လာတဲ့ ကားတွေ ဖြစ်လာတာကို သိလာရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ ထိုင်းဝက်အကောင်ရေ ၇၀ ပါသည့် ကုန်တင်ယာဉ်တစီးကို ဒေသခံများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့က မော်လမြိုင်မြို့ အတ္တရံ တံတား ထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မိတ္ထီလာမြို့သို့ ထိုင်းဝက်များ သယ်ဆောင်လာသော ဝက်အကောင်ရေ ၁၁၆ ကောင်ပါသည့် ကုန်တင်ယာဉ်နှစ်စီးကို မုတ္တမ-မော်လမြိုင် သံလွင်တံတားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဝက်သား တပိသာလျှင် အမြင့်ဆုံးဈေး ၃၃၀၀ ကျပ်ဖြင့်သာ ဝယ်ယူရသော်လည်း ပြည်တွင်း မွေးမြူရေး ဝက်ခြံများတွင် ဝက်များဝယ်ပါက တပိသာလျှင် အနိမ့်ဆုံး ၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၀၀ ကျပ်အထိ ပေးဝယ်ရကြောင်း ထိုင်းဝက်များ သယ်ဆောင်လာ၍ အဖမ်းခံခဲ့ရသူ ဦးဆန်းဝင်းက ပြောသည်။ “အရင်ကဆိုရင် တနှစ်ကို တကြိမ်လောက်ပဲ ဝက်ရဲ့ကျန်းမာရေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်၊ အခုဆိုရင် နှစ်လုံးပေါက် ဝက်တွေ ရောဂါကျရောက်တယ်၊ ဝက်ငယ်မှာရော၊ ဝက်ကြီးမှာရော၊ နောက်တခုက ဈေးကွက် အနေနဲ့ ပြောမယ်ဆိုရင် အခု ရောင်းမယ့်ရက်ရောက်တဲ့ ဝက်တွေကို ဝက်ဒိုင်တွေက လာမဝယ်ဘဲ သူတို့ အစာခံကျွေးနေရတာတွေ အခက်အခဲတွေ ဖြစ်လာတယ်”ဟု မှောင်ခိုဝက်များကြောင့် ဝက်မွေးမြူရေး သမားများ၏ အခက်အခဲကို ကိုညိုမင်းက ရှင်းပြသည်။ The post ထိုင်းဝက် မှောင်ခိုသယ်သူများကို ထောင်ဒဏ် တနှစ် အမိန့်ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2llbhN1
via IFTTT

No comments:

Post a Comment