ဩစတြေးလျစစ်သင်္ဘောက အာရေဗျပင်လယ်တွင် ဆေးခြောက်ရှစ်တန်ကို ဖမ်းဆီးရမိ ဩစတြေးလျစစ်သင်္ဘောတစ်စင်းသည် အာရေဗျပင်လယ်တွင် ဆေးခြောက်ရှစ်တန်နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းမူးယစ်ဆေး ဝါးများသည် မှောင်ခိုဈေးခန့်မှန်းခြေ ဒေါ်လာ ၃၂၅ သန်း (ဩစတြေးလျဒေါ်လာ ၄၁၅ သန်း) ခန့်ရှိနိုင်ကြောင်း ဩစတြေးလျ ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောသုံးရက်ကျော်အတွင်း ယင်းဧရိယာ၌ ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးဆောင်ရွက်စဉ်အတွင်း စစ်သင်္ဘော HMAS Warramunga က ဘိန်းဖြူ ၆၉ ကီ လိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်သင်္ဘောရှိ ဝန်ထမ်းများက ယင်းဖမ်းဆီးမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြပြီး သံသယဖြစ်ဖွယ် ရေယာဉ်သုံးစင်းပေါ်သို့ ဆင်းသက်ခဲ့ကြကြောင်း ယင်းစစ်သင်္ဘော ကွပ်ကဲမှုဆိုင်ရာ တာဝန်ရှိသူ ဒန်ဂေါကလီလန်းက ပြောကြားခဲ့သည်။ ယင်းရေယာဉ်များပေါ်သို့ ဆင်းသက်ပြီး နှံ့နှံ့စပ်စပ်ရှာဖွေခဲ့ကြပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဖြူးရန် ရည်ရွယ်၍ တင်ဆောင်လာသော ဆေးခြောက်နှင့်ဘိန်းဖြူ အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းမူးယစ်ဆေးဝါးများအား ပင်လယ်ထဲသို့ စွန့်ပစ်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမူးယစ်ဆေးဝါးများအား မည်သည့်နိုင်ငံ၏ ကမ်းရိုးတန်းအနီး ဖမ်းဆီးရမိခဲ့သည်ကိုမူ ၎င်းက မထုတ်ပြန်ခဲ့ပေ။ စစ်သင်္ဘော HMAS Warramunga သည် စတုရန်းမိုင် ၂ ဒသမ ၅ သန်းရှိသော အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် နိုင်ငံ ပေါင်း ၃၀ နှင့်အတူ ကင်းလှည့်နေသည့် အစီအစဉ် Combined Maritime Forces (CMF) ၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။ ယင်းစစ်သင်္ဘောသည် အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာဒေသများတွင် အကြမ်းဖက်မှုများအား တိုက်ဖျက်ရေးကို အဓိက အာရုံစိုက်ဆောင်ရွက်သည်။
Source : http://ift.tt/2Cqkz1t
via IFTTT
No comments:
Post a Comment