ကချင်ပါတီများ တပါတီတည်း ပူးပေါင်းရေးမှ လော်ဝေါ်ပါတီ နှုတ်ထွက် ကချင်ပြည်နယ် အခြေစိုက် ကချင်နိုင်ငံရေးပါတီ ၄ ခု တပါတီတည်း ပူးပေါင်းရန် သဘောတူထားခဲ့ကြရာမှ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP) က မပူးပေါင်းမီမှာပင် နှုတ်ထွက် သွားကြောင်း သတင်း ရရှိသည်။ LNUDP ပါတီအနေဖြင့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသား ကွန်ဂရက် ပါတီ (KNC) တို့နှင့် ၂၀၁၈ ခုနှစ်တွင် တပါတီတည်းပူးပေါင်းရန် မူလက သဘောတူညီထားသော်လည်း ပါတီ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ နှုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း LNUDP ပါတီ၏ ဒုတိယအတွင်းရေးမှူး ဦးဒေးဗစ်က ပြောသည်။ ဦးဒေးဗစ်က “ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ပါတီတခုတည်း ဖြစ်ဖို့က မဖြစ်နိုင်ဘူး။ ရိုးရိုးလေး ပူးပေါင်း ကော်မတီ ဆိုရင်တော့ ရတယ်။ အခုလို ဆုံးဖြတ်ရတာက ကျနော်တို့က သီးသန့်လူမျိုးစု ဖြစ်နေတယ်။ အဲဒါက အဓိက မပေါင်းနိုင်တော့တဲ့ အကြောင်းပါ” ဟု ဧရာဝတီသို့ ပြောသည်။ ကချင်လူမျိုးအတွင်း ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လချိဒ်၊ ဂျိမ်းဖော့ နှင့် ဇိုင်ဝါးဟူ၍ မျိုးနွယ်စု ၆ စုရှိပြီး ဘာသာ စကား၊ စာပေနှင့် ယဉ်ကျေးမှု အယူအဆ ဓလေ့များ အနည်းငယ် ကွဲပြားကြသည်။ ဦးဒေးဗစ်က လော်ဝေါ်ကို သီးသန့်လူမျိုးစုဟု သုံးနှုန်းပြောဆိုရသည်မှာ ၎င်းတို့သည် ပူးပေါင်းရန် ကနဦးက သဘောတူ ခဲ့သည့် အခြား ကချင်ပါတီ ၃ ခု နှင့် ဘာသာစကား၊ ရိုးရာ၊ စာပေနှင့် ယဉ်ကျေးမှုများ မတူညီခြင်းကြောင့် သီးသန့် ဖြစ်နေကြောင်း၊ လော်ဝေါ်မျိုးနွယ်စု အများစုက တပါတီတည်း ပူးပေါင်းရေးကို မလိုလားသေးကြောင်း၊ နိုင်ငံရေးအရ မပူးပေါင်းနိုင်ခြင်း မဟုတ်ကြောင်း ပြောသည်။ KDP ဥက္ကဌ ဦးအောင်ခမ်း က “သူတို့ (LNUDP) အနေနဲ့ မပါနိုင်ဘူးလို့ ပြောထားပါတယ်။ သူတို့ ဆုံးဖြတ် ထားတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ၄ ပါတီ ပြန်တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ရဦးမယ်” ဟု ဧရာဝတီသို့ ပြောသည်။ ပါတီတခုတည်းအဖြစ် ပူးပေါင်းရန် ရည်ရွယ်ချက်ဖြင့် ထိုပါတီ ၄ ခုမှ ကိုယ်စားလှယ်များအကြား ၂၀၁၆ ခုနှစ်၊ ဧပြီလက ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုကော်မတီ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာများ၊ ၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် တင်ပြမည့် အချက်အလက်များ အပြင် ကချင်ပြည်နယ်၏ ဖက်ဒရယ်မူတခုကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှ စ၍ ပူးပေါင်း ရေးဆွဲလျက် ရှိသလို ကချင်ပြည်သူ လူထုများနှင့် သက်ဆိုင်သည့် အရေးများကိုလည်း ပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် တပါတီတည်း အပြီးသတ် ပေါင်းစည်းရန် ရည်ရွယ်ထားကြသော်လည်း ပါတီသစ်အတွက် မူဝါဒများ ချမှတ်ရန် ယနေ့ထိ အကျေအလည် ဆွေးနွေးနိုင်ခြင်း မရှိသေးသည့်အပြင် ပါတီတခုနှင့် တခုအကြား မူဝါဒများ မတူကြသဖြင့် ပါတီသစ်အတွက် ဆွေးနွေးရာတွင်လည်း အချိန်ယူပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် လိုအပ်နေသေးကြောင်း ဦးအောင်ခမ်း က ပြောသည်။ “အင်အားရှိတဲ့ ကချင်ပြည်ကို ဦးစီးနိုင်တဲ့ ပါတီတခု အနေနဲ့ သွားချင်တယ်။ အဲတာကြောင့် ပေါင်းစည်းပြီးမှ သွားချင်တယ်။ KPCC အနေနဲ့တော့ အခု တပ်ပေါင်းစု မဟာမိတ်ပုံစံနဲ့ သွားတယ်ဆိုပေမယ့် တခုတည်း ဖြစ်ဖို့တော့ လိုအပ်တာပေါ့ ။ တခုတည်း ဖြစ်ပြီးမှ မဲဆန္ဒတွေ တခုတည်းပုံစံမျိုးနဲ့ သွားရင်တော့ ပိုအကျိုးရှိလိမ့်မယ်လို့ ကျနော်ဒီလိုပဲ မြင်ပါတယ်” ဟု ဦးအောင်ခမ်း က ဆိုသည်။ KPCC တွင် ၄ ပါတီ ဆက်လက်ပူးပေါင်းသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ KDP အနေဖြင့် လည်း ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပါတီများ ပူးပေါင်းပြီး ရွေးကောက်ပွဲ ဝင်လိုကြောင်း၊ ပါတီများ ပူးပေါင်းမှသာ ကချင်ပြည်သူ လူထုအတွက် ပိုအကျိုးရှိမည်ဟု ယူဆကြောင်း ဦးအောင်ခမ်းက ပြောသည်။ LNUDP ဒုတိယ အတွင်းရေးမှူး ဦးဒေးဗစ်ကမူ ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ၎င်းတို့ ပါတီအနေဖြင့် လူထုနှင့် လိုက်လံတွေ့ဆုံမှုများ ပြုလုပ်နေပြီး လော်ဝေါ်မျိုးနွယ်စုများ အနက် အချို့က ကချင်ပါတီများ ပူးပေါင်းရန် တိုက်တွန်း သော်လည်း အများစုက မပေါင်းရန် ပြောဆိုကြကြောင်း၊ ထို့ကြောင့် KPCC နှင့် ဆက်လက် ပူးပေါင်းသွားမည်ဖြစ်သော်လည်း တပါတီတည်း ပူးပေါင်းရေးကို လက်ရှိတွင် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ကချင်ပြည်သူလူထုအတွက် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ပါက ပူးပေါင်းဆွေးနွေးမည် ဖြစ်ကြောင်း ပြောသည်။ KPCC အဖွဲ့ဝင်ဖြစ်သည့် ကချင်ပါတီ ၄ ခုမှ ကိုယ်စားလှယ်များက ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အစည်းအဝေး တရပ်ပြုလုပ်ပြီး တပါတီတည်း ပူးပေါင်းရေးကိစ္စရပ်များ၊ မပူးပေါင်းနိုင်သေးသည့် အခြေအနေများကို ဆွေးနွေးမည်ဟုလည်း သိရသည်။ ဆက်စပ်ဖတ်ရှု့ရန် – ကချင်နိုင်ငံရေးပါတီများ ၂၀၁၈ အတွင်း အပြီးပေါင်းစည်းမည် The post ကချင်ပါတီများ တပါတီတည်း ပူးပေါင်းရေးမှ လော်ဝေါ်ပါတီ နှုတ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2pKsSmb
via IFTTT
No comments:
Post a Comment