ရှစ်လေးလုံးနာမည်ဖြင့် ပါတီထောင်ခြင်းကို ကန့်ကွက် ပြည်၊ ဒီဇင်ဘာ ၂၆ ၈၈ အရေးတော်ပုံသည် တစ်နိုင်ငံလုံးနှင့်သာဆိုင်ပြီး တစ်စုတစ်ဖွဲ့အတွက် မဟုတ်သည့်အတွက် ရှစ်လေးလုံးနာမည် ဖြင့် ပါတီတည်ထောင်ခြင်းကို ကန့်ကွက် ကြောင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ (၈၈၈၈) ရှစ်လေးလုံး အထွေထွေ သပိတ်ကော်မတီနှင့် ဗ.က.သကျောင်းသားဟောင်းများက ပြောကြားသည်။ ရှစ်လေးလုံး အရေးတော်ပုံသည် ၁၉၇၄ ဖွဲ့စည်းပုံ မဆလတစ်ပါတီအာဏာရှင်အား ဖြုတ်ချနိုင်ခဲ့ခြင်း၊ အများပြည်သူပိုင်ဖြစ်ပြီး တစ်စုတစ်ဖွဲ့ပိုင် မဟုတ်ခြင်း၊ ရှစ်လေးလုံး ငွေရတု ရည်မှန်းချက်တွင်၂၀ဝ၈ ဖွဲ့စည်းပုံပယ်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတော်ဆောင်ရွက်ရေးတို့ကြောင့် တစ်စုတစ်ဖွဲ့က နာမည်အသုံးချခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရှစ်လေးလုံး အရေးတော်ပုံမှာ အကုန် ပါဝင်ခဲ့ကြတာ ဒါကိုလက်ခံလိုက်ရင် သမိုင်း မှားလိမ့်မယ်။ ရှစ်လေးလုံးက တစ်စုတစ်ဖွဲ့ပိုင် မဟုတ်ဘူး။ ရှစ်လေးလုံး ငွေရတုမှာချခဲ့တဲ့ ရည်မှန်းချက်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်”ဟု ပဲခူးတိုင်းအနောက်ခြမ်းမှ ရှစ်လေးလုံး အထွေထွေ သပိတ် ကော်မတီဝင် ဦးချစ်ဆောင်က ပြောဆိုသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်တွင် ပါတီတည်ထောင်ခြင်းကို လက်မခံသော်လည်း ဒီမိုကရေစီနိုင်ငံဖြစ်၍ ပါတီထောင်သည်ကို မကန့်ကွက်ကြောင်း၊ ပါတီစုံ လက်ခံကြောင်း၊ သို့သော် ယခုကဲ့သို့ လူထု အများနှင့်သက်ဆိုင်သည်ကို တစ်စုတစ်ဖွဲ့အတွက် အသုံးချသည်ကိုသာ ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လာချိန်တွင်လည်း စာတင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ပါတီထောင်တာကို ကြိုက်တယ်။ နိုင်ငံရေး လောကထဲ ထဲထဲဝင်ဝင် လုပ်ကိုင်တာ လက်ခံတယ်။ ဒါပေမဲ့ ကိုယ့်နာမည်နဲ့ကိုယ် သီးသန့်လုပ်သင့်ပါတယ်။ ဒီနာမည်က အများနဲ့ဆိုင်လို့ လုံးဝမကြိုက်ပါဘူး”ဟု ပြည်ခရိုင် ၈၈ ဗဟိုသပိတ်စခန်း ကော်မတီဝင် ဦးကြည်အေးက ပြောဆိုသည်။ ရှစ်လေးလုံး ပါတီတည်ထောင်ခွင့်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ဦးဆောင်ကာ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့သည်။
Source : https://goo.gl/Et6MSb
via IFTTT
No comments:
Post a Comment